ယခုလို ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသခံများက မိမိတို့ထည့်ရမည့် လွှတ်တော်သုံးရပ်ကို မသိရှိကြရခြင်းသည် ရွေးကောက်ပွဲ အပေါ်စိတ်ဝင်စားမှုအားနည်းနေခြင်းဖြစ်သည်ဟု ကိုမြာရယ်က ပြောသည်။
“လူထုအခြေအနေက ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင် စိတ်ဝင်စားမှုအားနည်းတယ်။ ရွာထဲမှာကော မြို့ထဲမှာကော မဲဆန္ဒရှင်စာရင်းသွားကြည့်ကြပါဆိုတာကိုလည်း ၅၀ ရာခိုင်နှုန်းတောင် သွားကြည့်တဲ့သူက မရှိဘူး။ ဒါတောင်မြို့ထဲမှာပဲပြောတာ” ဟု ကိုမြာရယ်က ပြောသည်။
၎င်းနှင့်ပတ်သက်၍ ပြည်သူများ အသိပညာတိုးစေရန် မော့ဒူကလားမေး လူမှုအသင်းအဖွဲ့မှ အောက်တိုဘာလ ၁ ရက်က ဒီးမော့ဆိုမြို့ ၊ မြို့မစျေး၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လှုပ်ရှားမှုတရပ်ကို ကျင်းပပြုလုပ်သွားခဲ့သည်။
မော့ဒူကလားမေး အဖွဲ့ မှ လိုက်လံကွင်းဆင်း ပညာပေးခဲ့သည့် ကျေးရွာများအပေါ် ဒေသခံများ အပြည့်အဝနားလည်သွားလိမ့်မည်ဟု မမျှော်လင့်ကြောင်း ၊ အကြောင်းမှာ ဒေသခံများထဲတွင် စာမတတ်သူ အများစု ရှိနေသောကြောင့် ဖြစ်သည်ဟု ၎င်းကပြောသည်။
လက်ရှိအခြေအနေတွင် ပြည်သူများ မဲထည့်နည်းစနစ်ကို သိရှိရန် ရွေးကောက်ပွဲနည်းဥပေဒေ အတိုင်းဆောင်ရွက်နေသည့် ကော်မရှင်အဖွဲ့မှလည်း တာဝန်ရှိသည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမီရယ်ရဲအောင်က ပြောသည်။
မဲဆန္ဒရှင်ပြည်သူများ မဲပေးပုံ မဲပေးနည်းကို မသိရှိကြခြင်း၊ ရွေးကောက်ပွဲကော်မရှင်မှလည်း မဲပေးခြင်း ဥပဒေ များကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းလုပ်ဆောင်ပေးခြင်းမရှိခြင်းများကြောင့် ကျေးရွာနေသူများမှာ လွှတ်တော် သုံးရပ်ကို မသိရှိခြင်းများဖြစ်သည်။
မဲပေးခြင်း အသိပညာပေး လှုပ်ရှားမှုတွင် လာရောက်ကြည့်ရှုသော ဖဲလျားရွာမှ မဘိုးမြာက “ကျွန်မတို့ မဲဘယ်လိုပေးရမလဲဆိုတာ မသိဘူး၊ အခုတော့လည်း နည်းနည်းသိလာပြီ ” ဟု ပြောခဲ့သည်။
အဆိုပါကျေးရွာများတွင် ရှိနေသည့် ဒေသခံတော်တော်များများသည် ရွေးကောက်ပွဲတွင် မဲထည့်ရန်အတွက် အသိပညာသိရှိမှု နည်းပါးနေသေးကြောင်း၊ ထို့ကြောင့် မဲပေးခြင်းအသိပညာများ ထပ်မံလိုအပ်နေသေးကြောင်း မဘိုးမြာက ဆက်ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုတွင် လာရောက်သူ ဒေါကလော်ဒူမှ ဦးဂျိုးဇက်သည် ယခုလိုရွေးကောက်ပွဲဆိုင်ရာ အသိပညာမျိုး မရရှိခဲ့ဖူးပဲ မဲဘယ်နှစ်မဲထည့်ရမည်ဆိုသည်ကိုလည်း မသိသေးကြောင်း ပြောဆိုသွားသည်။
မောဒူကလားမေး လူမှုအဖွဲ့အစည်း၏ ရွေးကောက်ပွဲဆိုင်ရာ မဲပေးခြင်း အသိပညာပေးလှုပ်ရှားမှုအတွက် အထောက်အပံ့ပေးသော အဖွဲ့အစည်းမှာ Australian AID ၊ Swiss AID ၊ UK aid တို့မှအဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။ ဒီးမော့ဆိုမြို့မဈေးအပြင် နန်းမယ်ခုံ မြို့မဈေးနှင့် ဖရူဆိုမြို့မစျေးတို့တွင် ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်အတွင်းတွင် အသိပညာပေးနေသည့် ဒေသခံလူမှုအသင်းအဖွဲ့များ Local Development Network (LDN)၊ မော့ဒူကလားမေး လူမှုအသင်းအဖွဲ့ ၊ ကရင်နီပြည်လူငယ်များသမဂ္ဂ ၊ Law Home တို့ ရှိသည်ဟု သိရသည်။
ကယားပြည်နယ်အတွင်း မဲဆန္ဒရှင်များ မဲပေးပုံ မဲပေးနည်း နှင့် မဲထည့်ရမည် မဲပုံးအရေတွက်များအား မသိရှိကြောင်းကို စက်တင်ဘာလအတွင်း မဲဆွယ်စည်းရုံးရေးဆင်းသော လွှတ်တော်ကိုယ်စားလှယ်များ မဲဆွယ်ခြင်းထက် မဲပေးနည်းကိုသာရှင်းလင်းနေရကြောင်း မဲပေးရန် တစ်လသာကျန်သည့်အထိ မဲပေးနည်း ကိုသာပြောကြားနေရကြောင်း လွှတ််တော်ကိုယ်စားလှယ်များထံမှသိရသည်။