ပြီးခဲ့သော ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ မြေများပြိုကျပြီး လမ်းပန်းဆက်သွယ်ရေး ပျက်တောက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ချင်းပြည်နယ် မြို့ပေါ်ပိုင်းမှာသာ စည်းရုံးရေး ဆင်းနိုင်ကြပြီး ကျေးလက်ဒေသအထိ သွားရောက်မဲဆွယ်စည်းရုံးရန် အခက်ခဲ ကြံုနေကြခြင်းဖြစ်သည်ဟု ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီမှ ဟားခါးမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးချန်ပုမ်ကပြောသည်။
“ စည်းရုံးရေးဆင်းလို့မရဘူးဗျ မြို့ပေါ်မှာပဲ ကျွန်တော်တို့ တရားဟောနေတယ်၊ အရင်တုန်းက ဆိုင်ကယ်နဲ့သွားတဲ့ နေရာ မသွားနိုင်၊ ကားနဲ့သွားတဲ့နေရာလည်းမသွားနိုင် အရင်တုန်းက ၃ နာရီလောက် သွားတဲ့ခရီးအခု ၁ ရက်လောက်သွားရ တယ်ဗျ၊ အခြေအနေမကောင်းဘူး၊ ၂ ရက်ခရီးကို ၄၊ ၅ ရက်သွားရတယ်။ ခြေလျင်နဲ့ပဲသွားနေကြရတယ်’’ ဟု ပြောသည်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD ပါတီကလည်း တီးတိန်၊ တွန်းဇံဘက်တွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ စတင်နေပြီဖြစ် သော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စိတ်သွားတိုင်းကိုယ်မပါနိုင်ဘဲ စည်းရုံးရေးလုပ်ငန်းနှောင့်နှေးမှုများ ကြံုနေကြရကြောင်း ပါတီပြောခွင့်ရ ဦးကျင့်ဆွမ်းမန်ကပြောသည်။
“ အဓိကတော့ လမ်းပန်းဆက်သွယ်ရေးပါပဲ ကားတွေနဲ့သွားလို့မရတော့ဘူး ဆိုင်ကယ်နဲ့ပဲသွားရတဲ့ အနေအထားဖြစ်တယ်၊ ဆိုတော့ ခရီးအတော်လေးနှောင့်နှေးတာပေါ့နော်၊ အစစအရာရာဂရုစိုက်ရတယ်၊ ပြီးတော့စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ အနေအထားဖြစ်သွား တာပေါ့။ ဒါပေမယ့် ဒီကြားထဲမှာ ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင် မဲဆွယ်မှုတွေစနေပါပြီ” ဟုပြောသည်။
သဘာဝဘေးဒဏ်သင့်ခံခဲ့ရသော ချင်းပြည်နယ်တွင် ဒေသခံချင်းပြည်သူအများစုသည်လည်း နေ့စဉ်စားရေးသောက်ရေးတွင် ပူပင်သောကရောက်နေ့သည့်အတွက် ရွေးကောက်ပွဲကိုပင် စိတ်ဝင်စားမှုနည်းပါးကြောင်း ဦးချန်ပုမ်ကပြော သည်။
“ လူထုကလည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကိုး နိုင်ငံရေးဘက်မှာ စိတ်ဝင်စားမှု မရှိဘူးဗျ ကျွန်တော် တို့ဘာစား မလဲဘာသောက်မလဲ ဆိုတဲ့အတွေးမှာပဲရှိကြတယ်ဗျ’’ဟု ဦးချန်ပုမ်ကပြောသည်။
ချင်းပြည်နယ်အစိုးရရဲ့ ဩဂုတ်လ (၃၁) ရက်ထုတ်စာရင်းအရ ချင်းပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် နေအိမ်ပြိုပျက် မှုမှာအိမ်ခြေပေါင်း ၁၁၀၃ လုံး၊ ဆုံးရှံုးမှုတန်ဖိုး ၂၀၆၄ သန်း၊ပြောင်းရွှေ့ရန် လိုအပ်သောအိမ် ၁၇၈၁လုံး၊ ဆုံးရှံုးမှုတန်ဖိုး ၈၉၁၀ သန်း၊ ဒုက္ခသည်ပေါင်း ၁၄၉၇၉ ဦးရှိတယ်လို့ ဖော်ပြထားသည်။
မဲဆန္ဒနယ်မြေ စုစုပေါင်း ၃၉ နေရာရှိသော ချင်းပြည်နယ်တွင် နို်င်ငံရေးပါတီ ၁၃ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၂ ဦး နှင့် တစ်သီးပုဂ္ဂလ ရ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စား လှယ်လောင်း ၂၀၉ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။