၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ကမမောင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ပြိုင်မဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP မှ နန်းနီနီအေးနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ကမမောင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ပြိုင်မဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP မှ နန်းနီနီအေးနှင့် တွေ့ဆုံမေးမြန်းခြင်း
စအိုင်စူ — လက်ရှိ ကရင်ပြည်နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် တာဝန်ယူထားပြီး ကျန်ခဲ့သည့် ၅ နျစ်တာကာလတွင် ကရင်ပြည်နယ်၏ ပညာရေး ကဏ္ဍ၊ ကျောင်းရရှိရေး၊ လမ်းများပြုပြင် ခြင်း၊  ဆိုလာမီးနှင့် ရေရရှိရေးတို့ကို တတ်နိုင်သလောက် လုပ်ဆောင်ပေးခဲ့ပြီးသော်လည်း လွတ်တော်အမတ် တစ်ယောက်အနေ့ဖြင့် တာဝန်များကိုသေချာ မသိရှိပဲ ရွေးချယ်ခံရတဲ့အတွက် ၂၀၁၅ရွေးကောက်ပွဲမှာတော့  ကရင်ပြည်နယ်အတွက် လိုအပ်ချက်များကို ဘယ်လို့ဖြည့်ဆည်းဆောင် ရွက်သွားဖို့ရှိသည်များ ကေအိုင်စီက ယခုလို့မေးမြန်းခဲ့ပါတယ်။

မေး – အစ်မအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပါ၀င်လာခဲ့တာကို အရင်ဆုံး ပြောပြပေးပါလား။

ဖြေ - ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၆)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ဖာပွန်မြို့နယ်ကနေပြီးတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အရွေးချယ် ခံရတာ ပေါ့နော်။ ၂၀၁၀မှာတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ တာဝန်က ဘာလဲ၊ လွှတ်တော် ရဲ့တာဝန်က ဘာလဲဆိုတာကို အရွေးချယ်သာခံရတယ်။ ရှင်းရှင်းပြောမယ်ဆိုရင် ဘယ်သူမှ ကောင်းကောင်းနားမလည်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်နိုင်ငံ ဒီလိုခေတ်စနစ်အပြောင်းအလဲမှာ လွှတ်တော်ကလည်း အခုမှစပြီးဖြစ်လာတယ်ဆိုတဲ့အခါကျတော့ ဘယ်သူမှ ဒီတာဝန်ကို ဂဃနဏ မသိဘူး။ မသိတဲ့အခါ လွှတ်တော်စတက်တဲ့အခါ ဘယ်လိုလေ့လာရသလဲဆိုတော့ နိုင်ငံတကာ လွှတ်တော်တွေရဲ့ အခြေအနေပေါ့နော်။ လွှတ်တော်လုပ်ငန်းတွေ ဘာတွေလုပ်သလဲ၊ လွှတ်တော် ကိုယ်စားလှယ်ရဲ့တာဝန်က ဘာတွေရှိသလဲပေါ့။ အဲ့လိုမျိုးတွေလိုက်ပြီးတော့ ဖတ်ရှုလေ့လာပေါ့နော်။
၂၀၁၁ကတော့ လွှတ်တော်စတက်တဲ့ တနှစ်လုံး စမ်းတဝါးဝါး ဖြစ်နေတာပေါ့။ ၂၀၁၂လောက်မှ ကိုယ့်လုပ်ငန်းတာဝန် ကို ဂဃနဏ သိသွားတယ်။ မေး – ၂၀၁၀တုန်းက ကြ့ံခိုင်ရေးက အနိုင်လည်းရ၊ အစိုးရလည်း ဖွဲ့နိုင်ခဲ့တာပေါ့နော်။ ၂၀၁၅အတွက် အစ်မတို့ ဘယ်လိုမျှော်လင့် ချက်ရှိသလဲ ပြောပြပေးပါ။

၂၀၁၅ကျတော့လည်း ကိုယ့်ကြံ့ခိုင်ရေးပါတီအနေနဲ့ ဆိုလို့ရှိရင်တော့ အတတ်နိုင်ဆုံး နေရာအပြည့် တစ်နိုင်ငံလုံး မဲဆန္ဒ နယ်မြေ ၁,၁၇၁နေရာအပြည့် ၀င်ပြီးတော့ အရွေးခံတယ်ပေါ့နော်။ ပါတီကလည်း တတ်နိုင်သလို ကိုယ့်ရဲ့မဲဆန္ဒနယ်မြေမှာ အနိုင်ရရှိရေးအတွက် တတ်အားသ၍ ကြိုးစားတယ်ပေါ့။ အဖြေကတော့ ဒီနို၀င်ဘာလ(၈)ရက်နေ့မှပဲ သိရမှာပေါ့နော်။
မေး – ကြံ့ခိုင်ရေးခေါင်းဆောင်တွေပေါ့နော်။ မကြာသေးခင်တုန်းက အပြောင်းအလဲဖြစ်သွားတယ်။ လက်ရှိပါတီ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်ထိ ဘယ်လို ရိုက်ခတ်မှုတွေများ ရှိပါသလဲ။

ဖြေ- အပြင်မှာကျတော့ အတော်ဂယက်ရိုက်တာပေါ့နော်။ ကိုယ့်ရဲ့ပါတီအတွင်းမှာတော့ အဲ့ဒီလောက်ကြီးတော့မရှိပါဘူး။ အောက်ခြေကနေ အပေါ်လူကြီးတွေလောက်ထိ ပါတီရဲ့မူဝါဒတွေ လုပ်ငန်းစဉ်တွေက မပြောင်းလဲဘူး။ လူသာ နည်းနည်းချိန်းသွားပေမယ့်လည်း အစ်မဆိုရင် ပါတီဗဟိုကော်မတီဝင်၊ ကရင်ပြည်နယ်မှာဆိုရင် ဗဟိုကော်မတီဝင်နည်းတယ်လေ။ ခုနှစ်ယောက်၊ ရှစ်ယောက်ပဲရှိတယ်။ အဲ့ဒီထဲမှာ မိန်းကလေးအနေနဲ့လည်း ကိုယ်တစ်ယောက်ပဲ။ ကိုယ့်အနေနဲ့ ဘာမှအကျိုးသက်ရောက်မှု ပြောင်းလဲသွားတာမျိုးတွေ မရှိပါဘူး။

မေး – တလောက ပြည်နယ်တွေမှာ ကြံ့ခိုင်ရေးပါတီထဲကနေပြီးတော့ ၀န်ကြီးချုပ်လုပ်ခဲ့တဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်ဆို နှုတ်ထွက်ပြီး တသီးပုဂ္ဂလ ပြိုင်ခဲ့တာပေါ့နော်။ ကရင်ပြည်နယ်မှာလည်း ကြံ့ခိုင်ရေးကနေပြီးတော့ ပြည်နယ်ဝန်ကြီးဖြစ်လာမယ့်သူ တွေက အခုပါတီပြောင်းပြိုင်တယ်ပေါ့။ ဒါတွေကရော ပါတီနဲ့ ဘယ်လိုမသင့်မမြတ် ဖြစ်တာလဲ။ ပါတီရဲ့အစီအစဉ်ပဲလား။ ဘယ်လို့ကြောင့် ဆိုတာပြောပြပေးပါလား။

ဖြေ- အစ်မပြောချင်တာက ၂၀၁၅ရွေးကောက်ပွဲအတွက် သူတို့တွေကတော့ ၂၀၁၀တုန်းက ပါတီအနေ နဲ့ဝင်ပြိုင်ပြီးတော့ အနိုင်ရရှိတော့ ၀န်ကြီးတွေဖြစ်ကြတယ်ပေါ့။ ၂၀၁၅ ပါတီပြန်ပြီးတော့ ရွေးမယ်ဆိုတဲ့အခါကျတော့ ဆန္ဒတောင်းတယ်လေ။ ၀င်ရွေးမလားပေါ့နော်။ ကိုယ်ပိုင်ဆန္ဒ အစ်မတို့ဆိုရင်လည်း သူတို့ဆန္ဒမေးတယ်။ ကိုယ် ဘယ်လွှတ်တော်ကနေ ၀င်ပြိုင်ချင်သလဲပေါ့။ ဦးစားပေးက ဘယ်လွှတ်တော်လဲ။ ဘယ်မဲဆန္ဒနယ်မြေက ပြိုင်ချင်သလဲ အဲ့လို တောင်းတယ်။ ခုနကပြောတဲ့ ပြည်နယ်က ၀န်ကြီးတွေက ဆန္ဒမပေးတော့ သူ့နေရာကို တခြားသူတွေ အစားထိုးတာပေါ့။ နောက်နီးလာမှ သူတို့ အရွေးခံမယ်လို့ အဲ့လိုပြန်ပြောတာတွေ ရှိတဲ့အခါကျတော့ ဒီမှာ အစားထိုးထားပြီးဖြစ်တော့ နေရာမရှိတော့ဘူးပေါ့နော်။ အဲ့လိုမျိုးဖြစ်တာပေါ့။ ပါတီနဲ့ မတည့်၊ မသင့်မမြတ်၊ သဟဇာတမရှိ အဲ့ဒါမျိုးတော့ မရှိပါဘူး။

မေး – ကျနော်တို့နိုင်ငံရဲ့ အဓိကပြဿနာထဲမှာပါတဲ့ တိုင်းရင်းသားအရေးနဲ့ပတ်သက်ရင် ပေါ်လစီတိတိကျကျ ထုတ်ပြန်ပြောဆိုတာလေးတွေ အရမ်းအားနည်းတယ်။ အစ်မလည်း ပါတီဗဟိုကော်မတီအနေနဲ့ဆိုရင် တိုင်းရင်းသားနဲ့ ပတ်သက်တဲ့မူဝါဒ၊ ရှေ့ဆက်လုပ်ဆောင်မဲ့ အချက်အလက်တွေပေါ့။ အစ်မကိုယ်တိုင်လည်း တိုင်းရင်းသားဖြစ်တော့ ဘယ်လိုမျိုးလေးတွေရှိသလဲ ဆိုတာလေးကို အားလုံးကိုပြောပြပေးလို့ရရင် ပြောပြပေးပါ။

ဖြေ- အစ်မတို့ပါတီအနေနဲ့ တိုင်းရင်းသားအပေါ်မှာ ပေါ်လစီက ဘယ်လိုပြောမလဲ။ ကိုယ့်ပြည်ခိုင်ဖြိုးပါတီက  ကရင်ပြည်နယ်မှာဆိုရင် ကရင်လူမျိုးတွေပေါ့နော်။ အဲ့လို၀င်ပြိုင်တယ်။ ရှမ်းဆိုရင်လည်း ရှမ်းပေါ့။ ကချင်မှာဆိုလည်း ကချင်၊ ကယားမှာဆိုလည်း ကယားပေါ့။ ပြည်ထောင်စုပါတီလို့လည်း ပြောလို့ရတယ်။ တိုင်းရင်းသားအားလုံးပါ၀င်တဲ့ ပါတီပေါ့နော်။ ပါတီတွင်း အစည်းအဝေး မှာဆိုရင်လည်း တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ပိတ်ပင်တာတို့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို မပေးတာတို့ အဲ့လိုမျိုးတွေမရှိဘူး။ တကယ်ကျတော့ တိုင်းရင်းသားအခွင့်အရေးကို ပြည့်ပြည့်ဝဝ တောင်းဆိုလို့ရတယ်။ ပြည်ခိုင်ဖြိုး ပါတီဆိုပေမယ့် အစ်မတို့လည်း ကိုယ့်ကရင်ဆိုရင် ကရင်စိတ်ဓါတ်ရှိတယ်ပေါ့နော်။ ကရင်လူမျိုးဆိုရင် ကိုယ့်လူမျိုးကို အစွဲနည်း နည်းရှိတာပေါ့။ တိုင်းရင်းသားလိုလို သူ့အစွဲလေးတွေရှိတယ်။ ဒါပေမယ့် တစ်ဖက်စွန်းမရောက်သွားဖို့ပဲ လိုတာပေါ့။ ပါတီကလည်း ကြီးတဲ့အတွက်ကြောင့် ကိုယ့်ပါတီမှာ တိုင်းရင်းသားတွေအတွက် အခွင့်အရေးကို အရယူပေးနိုင်မယ်ပေါ့။ အဲ့လိုမျိုးဆန္ဒနဲ့ လည်း ဒီပါတီကြီးထဲ ပါ၀င်တာပါ။

မေး – အစ်မတို့ပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လစဉ် ရေဒီယိုမိန့်ခွန်းတွေမှာဆိုရင် သတိထားမိတာက စစ်မှန်တဲ့ ဖက်ဒရယ်တည်တဲ့ ပြည်ထောင်စုသွားရမယ်လို့ ပြောဆိုလာတာ တွေ့ရတယ်ဆိုတော့ အစ်မတို့ပါတီတွင်းမှာကော ဖက်ဒရယ်က ဘယ်လိုပုံစံမျိုးများ ချမှတ်ထား တာရှိသလဲ။ အဲ့ဒါလေးနည်းနည်းလောက် ပြောပြပေးပါ။

ဖြေ- ဖက်ဒရယ်ပုံစံသွားမယ်လို့တော့ ပါတီက ပြောတယ်ပေါ့နော်။ ဒါပေမယ့် အစ်မတို့ရဲ့အခြေအနေ၊ တိုင်းပြည်ရဲ့ အခြေအနေ၊ ခေတ်စနစ်ရဲ့ အခြေအနေက ဖက်ဒရယ်ကို သွားမယ်ဆိုတာက ဦးတည်နေတုန်းပဲ ရှိသေးတာပေါ့။ ပြောရမယ်ဆိုရင် ဖက်ဒရယ်တော့ မရသေးဘူးပေါ့။ ဖက်ဒရယ်ကိုသွားဖို့ ကိုယ်ကိုယ်တိုင်လည်း ရည်ရွယ်ချက်ရှိသလို ကိုယ့်ပါတီကလည်း အဲ့လိုသွားဖို့ ရည်ရွယ်ချက်ရှိတယ်။ ဘယ်လိုဖက်ဒရယ်နဲ့သွားမလဲဆိုတော့ တိုင်းရင်းသားဆိုလို့ရှိရင် အစ်မတို့ဆီည မှာလည်း ငြိမ်းချမ်းရေးယူမယ့် တိုင်းရင်းသားတွေလည်း ရှိတယ်။ တခြားပြည်နယ်ဆိုရင်လည်း သူတို့ပြည်နယ်အတွက်၊ ငါတို့တိုင်းပြည်အတွက် ဘယ်လို ဖက်ဒရယ်နဲ့ ဘယ်လိုပုံစံနဲ့သွားမယ်ဆိုတာ ဆက်လက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ရမှာပေါ့နော်။

မေး – ပါတီကြီးကတော့ ကြံ့ခိုင်ရေးနဲ့ NLD နှစ်ပါတီပေါ့လေ။ ထူးခြားစွာ တွေ့ရတာက ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် မူဝါဒတွေ ထုတ်ဖေါ်ပြောဆိုမှုတွေကလည်း အားနည်း နေတာ တွေ့ရတယ်။ ဒီပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အစ်မ တို့ပါတီအတွင်း ဘယ်လိုပေါ်လစီများ ရှိသလဲ။

ဖြေ- ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့တွေ အစ်မတို့ပါတီထဲက ပါတဲ့လူတွေရှိတယ်လေ။ ဖာပွန်ဆိုရင် အဘဦးစောထွန်းမြအောင်တို့ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာပါတယ်။ သူတို့က အသေးစိတ် ပိုသိတာပေါ့နော်။ အစ်မကျ တော့ အခုသူတို့ NCA လက်မှတ်ထိုးဖို့တွေ ပြောဆိုဆွေးနွေး တိုင်ပင်နေတာကို သတင်းစာတို့ထဲကပဲ ဖတ်ရတယ်။ သတင်းတွေ ထဲကနေ နားထောင်တာ အဲ့လိုအခြေအနေပဲ ကိုယ်ကသိတာပေါ့။

မေး – ကမမောင်းနယ်ကနေ ၀င်ပြိုင်တာဆိုတော့ တိုးတက်မှုအားနည်းတဲ့မြို့နယ်လည်းဖြစ်တယ်။ လုံခြံုရေးအရလည်း မကောင်း ဘူးဆိုတာ အစ်မပြောထားတာရှိတယ်လေ။ လုံခြံုရေးအပိုင်းနဲ့ပတ်သက်ပြီးတော့ ဘာတွေများလုပ်ဆောင်ခဲ့ပေးတာမျိုးရှိပါသလဲ။

ဖြေ- လုံခြံုရေးအပိုင်းမှာ ကိုယ်ကလည်းသွားပြီးတော့ ၀င်လုပ်လို့မရဘူးပေါ့။ ဒေသခံဆိုရင် ဆရာတော်တွေ၊ ဘုန်းတော်ကြီး တွေနဲ့သွားပြီးတော့ ဟိုဖက်အဖွဲ့နဲ့ ညှိနှိုင်းပေါင်းစပ်ပေးတာတွေ ရှိတယ်။ တို့တွေလမ်းလုပ်မယ်။ ဆရာတော်တွေကသွားပြီးတော့ ညှိပေးတယ်။ အဲ့လိုညှိရင် စောစောပိုင်းက သူတို့ လက်မခံဘူး။ ဒါပေမယ့် ဆရာတော်တွေက ရှင်းပြရင် သူတို့လက်ခံသွားတယ်။ အဲဒီအခါ ကျတော့ လမ်းတွေလုပ်ပေးခဲ့တယ်။ အစ်မတို့က သူတို့အဖွဲ့နဲ့တော့ တိုက်ရိုက်သွားတွေ့တာမျိုးတော့ မရှိဘူး။

မေး – အရင် ၂၀၁၀တုန်းကတော့ ၀င်ပြိုင်တဲ့ပါတီက သိပ်မရှိဘူးလေ။ အခုဆိုရင် များလာတယ်ဆိုတော့ အစ်မအနေနဲ့ ကိုယ့်ရဲ့ ပြိုင်ဖက်အတိုက်အခံပါတီတွေအပေါ်မှာ ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ- ပြိုင်ဖက်ပါတီဆိုတာက ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအရပြောမယ်ဆိုရင် ရန်သူလည်းမဟုတ်ဘူး။ အချင်းချင်းပဲ။ ပါတီအရသာ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ရတာမျိုးဆိုတဲ့အခါကျတော့ ကိုယ်ကလည်း ဒီဒေသအတွက်ကောင်းကျိုး လုပ်ပေးမယ်။ ကိုယ့်ကိုဆက်လက်တာဝန်ပေးရင် ကောင်းတာလုပ်မယ်။ သူတို့လည်း သူတို့ကောင်းတာတွေ သူတို့လုပ်မယ်ပေါ့နော်။ ပြည်သူတွေက ရွေးချယ်ပေါ့။ ကိုယ်က စည်းရုံးတဲ့အခါကျတော့ ဘယ်ပါတီကတော့ မကောင်းဘူး။ ဟိုလူက မကောင်းဘူး။ အဲ့လိုမျိုး ဘာမှမပြောဘူး။ ငါတို့ပါတီကိုမဲထည့်ပါလို့လည်း မပြောဘူး။ သူတို့ဖာသာသူတို့့ ဦးနှောက်နဲ့ဆုံးဖြတ်နိုင်အောင် လက်ရှိအခြေအနေကို ရှင်းပြတယ်။ နောင်ဖြစ်လာမဲ့ အခြေအနေတွေကို ရှင်းပြတယ်။ အဲ့လိုမျိုးလေးတွေ လုပ်တယ်ပေါ့နော်။

မေး – အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ပေါ့နော်။ အခု ၂၀၁၀နဲ့ ၂၀၁၅ရွေးကောက်ပွဲနှစ်ခုမှာ အမျိုးသမီးတွေ လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ ပါ၀င်လာမှု အနေအထားမျိုးက ဘယ်လောက်ထိ အားရကျေနပ်မှုရှိပြီးလဲ။ နည်းနည်းလေး နှိုင်းယှဉ်ပြပေးပါလား။

ဖြေ- ပြောရမယ်ဆိုရင် စောစောပိုင်းက လွှတ်တော်ထဲမှာ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါရမယ်ဆိုတာ မသိသေးဘူးလေ။ ပြောရမယ်ဆိုရင် ၂၀၁၀တုန်းက မသိသေးတော့ မပါခဲ့ဘူးပေါ့။ နောက် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်နဲ့ နိုင်ငံခြားတော်တော်များများလည်း သွားဖူးခဲ့တဲ့အတွက်၂၀၁၅ကျတော့ လူတွေလည်း အသိပညာပွင့်လင်းလာပြီး အမျိုးသမီးတွေ ပါသင့်တယ်လို့ သိလာတဲ့အခါကျတော့ အမျိုးသမီး ပါလာတာပေါ့နော်။ ဒါပေမယ့် အင်အားကတော့ အားရကျေနပ်တဲ့ ရာခိုင်နှုန်းကြီးတော့ မရသေးဘူးပေါ့။ ရာခိုင်နှုန်းကြည့်ရင်တော့ အများကြီး နည်းနေသေးတာပေါ့။
အားကောင်းဖို့အတွက်ဆိုရင် အမျိုးသမီးတွေဟာ ပထမဆုံးနိုင်ငံရေးကို စိတ်ဝင်စားဖို့လိုတယ်။ နိုင်ငံရေးဗဟုသုတတွေ ရှိရမယ်။ အမျိုးသားတွေရဲ့အားလည်းလိုတယ်။ အများအားဖြင့် အခုလက်ရှိ အမျိုးသားတွေက အမျိုးသမီးနိုင်ငံရေးလုပ်ရင် သိပ်ပြီးတော့ မကြိုက်ဘူး။ အမျိုးသားတွေရဲ့ တွန်းအားပေးမှုလည်းလိုတယ်။ အမျိုးသမီးပါလာရင် အမျိုးသမီးရယ်၊ ကလေးသူငယ် ကိစ္စတွေရယ် ပိုပြီးတော့ အောင်မြင်လာမယ်။ အခွင့်အရေးလည်း ပိုရလာမယ်။ အမျိုးသမီးတွေရဲ့ အရည်အချင်း တွေလည်း မြင့် တက်လာဖို့ လိုတယ်။

မေး – အစ်မအနေနဲ့ ၂၀၁၅အတွက် မဲဆန္ဒရှင်တွေကို နောက်ဆုံး ဘာများပြောချင်သေးသလဲ။

ဖြေ- အဓိကက ကိုယ့်ဒေသကြီးကို ဖွံ့ဖြိုးတိုးတက်ချင်တယ်။ ပထမတစ်ချက်က ငြိမ်းချမ်းရေး ရစေချင်တယ်။ ငြိမ်းချမ်းရေးရသွားပြီးဆိုရင် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်အောင်လုပ်ချင်တယ်။ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ လမ်းပန်းဆက်သွယ်ရေး၊ မီးရရှိရေး အဲ့လိုမျိုးလေးတွေလုပ်မယ်။ တတိယအနေနဲ့ ပညာရေးပေါ့။ ကိုယ့်ဒေသတွေ ပညာရေးမှာ အားနည်းတယ်။ ငယ်ငယ်လေးကတည်းက ကလေးတွေစပြီးတော့ ပညာသင်ကြားရေးမှာ အားပေးအားမြောက်ဖြစ်လာအောင် အခုကတည်းက လုပ်ရမယ်။ နောင်တချိန် ဒီကလေးတွေက သူတို့ဒေသတွေမှာ လူကြီးတွေ ဖြစ်လာမယ်ဆိုတော့ အဓိကတော့ ငြိမ်းချမ်းရေးပေါ့။ လမ်းပန်းဆက် သွယ်ရေးပြီးလို့ရှိရင် ပညာရေးပေါ့။ အဲ့ဒါတွေတိုးတက်လာပြီးဆိုရင် ကျန်တဲ့ လူမှုရေး၊ စီးပွားရေးတွေက သူ့ဟာနဲ့သူ ပြောင်းလဲ လာမှာပေါ့နော်။ အဓိကကတော့ ပြည်သူလူထုကို ကိုယ်နဲ့အတူဝိုင်းပြီးတော့ ကြိုးစားပေးဖို့ လက်တွဲပေးဖို့ ပြောကြားချင်ပါတယ်။

တခြားဖြည့်စွက်ပြောချင်တာက အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များများ ပါရှိရေးတစ်ခု စိတ်ဝင်စားတယ်။ ပြီးတော့ ကရင်လူထုအတွက်၊ ကရင်လူမျိုးတွေအတွက် ကိုယ့်ကရင်လူမျိုးကိုယ်တိုင်က စိတ်ဝင်စားမယ်ဆိုရင် ကိုယ့်တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာမယ်။ ဖယ်ဒရယ်စနစ်ရရှိဖို့အတွက် ၀ုိင်းဝန်းကြိုးစားဖို့ပေါ့။ အစ်မ အမေရိကားလေ့လာရေး သွားတယ်။ ပြည်နယ်ပေါင်း(၅၀)ရှိတယ်။ သူတို့နိုင်ငံမှာ ဖယ်ဒရယ်သုံးတော့ သဘောကျတယ်။ သူ့ပြည်နယ်နဲ့သူ အုပ်ချုပ်သွားတာပေါ့နော်။ တစ်ခုနဲ့တစ်ခုတော့ အုပ်ချုပ်ပုံမတူပေမယ့် သူ့ပြည်နယ်ကတော့ သူ့ဥပဒေနဲ့သူ အဲ့လိုမျိုးပုံစံပေါ့။ ကိုယ့်ဆီမှာ အဲ့ဒီလိုဖယ်ဒရယ်ရှိ မယ်ဆိုရင် ကိုယ့်လူမျိုးအတွက်၊ ကိုယ့်ပြည်နယ်သားတွေကနေ ဦးဆောင်ဦးရွက်ပြီးတော့ ကြိုးစားချင်တဲ့ အရည်အချင်းကောင်း တွေ ရှိလာဖို့၊ စိတ်ဝင်စားလာဖို့ အားလုံးကို နိုးဆော်ချင်ပါတယ်။

————————-
ကိုယ်ရေးအကျဉ်း
နန်းနီနီအေးသည် ကရင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး စောဘိုးနီ(လွှတ်တော်ကိုယ်စားလှယ်-ငြိမ်း) နှင့် နန်းအေးကြည်(လ/ထညွှန်မှူး-ငြိမ်း)တို့က ၁၂.၁၀.၁၉၆၉ခုနှစ်တွင် မွေးဖွားသော သမီးကြီးဖြစ်သည်။ ပညာအရည်အချင်း B.SC (Hons: Zoology), D.C.Sc, M.I.Sc ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး စစ်တောင်းလမ်း၊ (၃)ရပ်ကွက်၊ ကမမောင်းမြို့နှင့် ၄/၇၅၉-အင်းကုန်းလမ်း၊ (၄)ရပ်ကွက်၊ ဖားအံမြို့တွင် နေထိုင်ကာ လက်ရှိ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသူဖြစ်သည်။ ၁၉၉၃ခုမှ၂၀၀၀ခုနှစ်အထိ မူလတန်းပြအဖြစ်၊ သင်္ဃန်းညီနောင် အထက(မြဝတီမြို့နယ်)၊ အထက(၂) ဖားအံမြို့နယ်များတွင် ၂၀၀၁မှ ၂၀၁၀ခုနှစ်အထိ အလယ်တန်းပြအဖြစ်နှင့် ကွန်ပျူတာ တက္ကသိုလ်တွင် နည်းပြ၊ လက်ထောက်ကထိကအဖြစ် ၂၀၁၀ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပါတီစုံ အထွေထွေရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံ့တာဝန်မှ နှုတ်ထွက်ခဲ့သည်။

လွှတ်တော်သက်တမ်းတွင် ထမ်းဆောင်ခဲ့သည့်တာဝန်များ
၁။ ဥက္ကဋ္ဌ – စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကော်မတီ
၂။ ဥက္ကဋ္ဌ – အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာကော်မတီ
၃။ အတွင်းရေးမှူး – လွှတ်တော်အခွင့်အရေးကော်မတီ
၄။ အဖွဲ့ဝင် – ဥပဒေကြမ်းကော်မတီ
၅။ အဖွဲ့ဝင် – ပြည်သူများတိုင်ကြားစာနှင့် အသနားခံစာကော်မတီ
၆။ အဖွဲ့ဝင် – လွှတ်တော်အုပ်ချုပ်မှု မူဝါဒဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့
၇။ အဖွဲ့ဝင် – မြန်မာ-လာအို လွှတ်တော်ချင်းချစ်ကြည်ရေးအဖွဲ့
၈။ အဖွဲ့ဝင် – မြန်မာ-သြစတြေးလျား လွှတ်တော်ချင်းချစ်ကြည်ရေးအဖွဲ့

လွှတ်တော်ဆိုင်ရာ ပြည်ပအတွေ့အကြုံ
လွှတ်တော်သက်တမ်းကာလအတွင်း တရုတ်၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဆွီဒင်၊ အဇာဘိုင်ဂျန်၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ အင်္ဂ လန်နှင့် အမေရိကန်နိုင်ငံများသို့ သွားရောက်ကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ဥပဒေပြုရေး၊ အမျိုး သမီးရေးရာများ၊ လူ့အခွင့်အရေးဆိုင်ရာများ၊ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ ပညာရပ်များကို သိရှိနားလည်နိုင်ရန် မြန်မာအမျိုး သမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးချယ်စေလွှတ်ခြင်း ခံခဲ့ရသည်။

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...