လူထုကြိုက်ရာ မဲပေးဖို့ ပါတီပေါ်လစီကို လေ့လာစို့ (ကျားဖြူပါတီရဲ့ ကျိုင်းတုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဝန်းတစ်နှင့် အင်တာဗျူး)

လူထုကြိုက်ရာ မဲပေးဖို့ ပါတီပေါ်လစီကို လေ့လာစို့ (ကျားဖြူပါတီရဲ့ ကျိုင်းတုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဝန်းတစ်နှင့် အင်တာဗျူး)
by -
သျှမ်းသံတော်ဆင့်
နိုင်ငံရေးပါတီတွေ အပြိုင်စည်းရုံးရေး ဆင်းနေတဲ့အချိန်မှာ သျှမ်းပြည်အရှေ့ပိုင်း လမ်းခရီးသွားလာ ခက်ခဲတဲ့ ဒေသမှာလည်း သျှမ်းအင်အားကြီး ပါတီတခုဖြစ်တဲ့ ကျားဖြူပါတီရဲ့ ကျိုင်းတုံမြို့နယ်က ကိုယ်စားလှယ်လောင်းတွေကလည်း  စည်းရုံးရေးဆင်းနေပါတယ်။ လာမယ့် ရွေးကောက်ပွဲအတွက် ကျေးလက်လူထု ဘယ်လောက်အထိ နားလည်သဘောပေါက်ထားပြီလဲဆိုတာကို စည်းရုံးရေးဆင်း နေတဲ့ ကျားဖြူပါတီရဲ့ ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဝန်းတစ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ဒေသခံလူထုထဲက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နားမလည်တာတွေ မရှင်းလင်းသေးတာတွေ ဘာတွေရှိဦးမလဲ ခင်ဗျ။
ဖြေ ။ ။ မဲပေးတဲ့ နေရာမှာအများစုက သိပ်မရှင်းလင်းသေးဘူး။ ၂၀၁၀ တုန်းက အမှန်ခြစ် မဲပေးရပြီး ဘာကြောင့်အခုက တံဆိပ်တုံးနဲ့ရိုက်ရတာလဲ။ ဘယ်နှစ်ပါတီကို မဲပေးရမလဲ။ စာရွက်ဘယ်နှစ်ရွက်မှာ တံဆိပ်တုံးရိုက်ရမလဲ စတာတွေသူတို့နားမလည်တော့ ကျနော်တို့ ရှင်းပြရပါတယ်။

မေး ။ ။ ၂၀၁၀ တုန်းက ကျားဖြူပါတီ ဘယ်နှစ်နေရာ အနိုင်ရခဲ့ပါသလဲ။
ဖြေ ။ ။ ၅၇ ယောက်ပါ။ ၂၀၁၂ ကြားဖြတ်မှာ နောက်ထပ် ၁ ယောက်ပါ။ စုစုပေါင်း ၅၈ ယောက် ဖြစ်ပါတယ်။

မေး ။ ။ ကျားဖြူပါတီကနေ တခြားပါတီကို ပြောင်းသွားတဲ့ ကိုယ်စားလှယ် ဘယ်နှစ်ယောက်ရှိလဲ။
ဖြေ ။ ။ ကျနော်သိရသလောက်ကတော့ ကျားဖြူပါတီကနေ ကျားခေါင်းကို ပြောင်းသွားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးရှိပါတယ်။

မေး ။ ။ ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ စည်းရုံးရေး ခရီးစဉ်မှာ လူထုကို ဘာတွေအဓိက ထားရှင်းပြခဲ့သလဲ။
ဖြေ ။ ။ ကျနော်တို့ ရှင်းပြခဲ့ရတာကတော့ - ဒေသခံလူထုအားလုံး ကျားဖြူပါတီကိုဘဲ မဲပေးရမယ်လို့ မပြောဘူး။ ဘယ်ပါတီက ဘယ်ပေါ်လစီကို ကျင့်သုံးတာလဲဆိုတာ ရှင်းပြတယ်။ ဒီကိစ္စ မဲဆန္ဒရှင် အပေါ်မှာဘဲ မူတည်တယ်။ ကြိုက်တဲ့ပါတီကို ရွေးပြီး မဲပေးနိုင်တယ်လို့ ကျနော်တို့ ရှင်းပြပါတယ်။

မေး ။ ။ လူထု ဇဝေဇဝါဖြစ်နေတာ ဘာရှိသေးလဲ။
ဖြေ ။ ။ ဇဝေဇဝါဖြစ်နေတာက အခု သျှမ်းပါတီကြီး တွေက ၃ ခု ဖြစ်နေတယ် မဟုတ်လား။ ဘာကြောင့် ဒီပါတီ ၃ ခု မပေါင်းနိုင်တာလဲလို့ သူတို့မေးကြတယ်။ ဒါကတော့ ပါတီတွေရဲ့ ပေါ်လစီ မတူညီတဲ့အပေါ် မူတည်ပါတယ်လို့ ရှင်းပြခဲ့ပါတယ်။ ဥပမာ SNLD ဆိုရင် ပင်လုံ စာချုပ်အပေါ် မူတည်တယ်။ ESSDDP ဆိုရင် သျှမ်းပြည်အရှေ့ပိုင်း ဒေသခံ လူထုတွေရဲ့ ဘဝတိုးတက်အောင် လုပ်ပေးမယ် ။ ၂ မြို့နယ်ဘဲ ဝင်ပြိုင်မယ်။ မိုင်းယန်းနဲ့ ကျိုင်းတုံနဲ့ပေါ့။ မိုင်းလားကိုလည်း ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ နာမည်တော့ လျာထားတယ်။ ပြိုင်ခွင့်ပေးမယ် ဆိုရင်ပေါ့။ ကျနော်တို့ ကျားဖြူပါတီကတော့ နိုင်ငံရေး ပြောင်းလဲတဲ့အတိုင်း လိုက်ပြောင်းလဲမယ်။ ပါတီ ရည်ရွယ်ချက် ကတော့ သျှမ်းပြည်နယ် အစိုးရဖြစ်ဖို့ပဲ ဖြစ်ပါတယ်။

မေး ။ ။ ဘာကြောင့် သျှမ်းပြည်နယ် အစိုးရဖြစ်ချင်ပါသလဲ။
ဖြေ ။ ။ ဘာကြောင့်လဲဆိုတာ့ သျှမ်းပြည်နယ် လွှတ်တော်ထဲ ရောက်နေတာက သျှမ်းပြည်သား တွေပဲလေ။ အစိုးရကလည်း သျှမ်းဆိုရင် အလုပ်လုပ် ရလွယ်မယ်။ ဖွံ့ဖြိုးတိုးတက် မှုမြန်ဆန်မယ်လို့ ယုံကြည်လို့ ပါခင်ဗျ။

အခုလို စိတ်ရှည် လက်ရှည် ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိ ပါတယ်ခင်ဗျ။

စိုင်းဝန်းတစ်ကို အဘ စိုင်းသောင်းစိန် အမိဒေါ်နန်းရှဲန်တို့ကနေ ၁၉၈၂ တုန်းက ကျိုင်းတုံမြို့မှာ မွေးဖွားခဲ့ပါတယ်။ စီးပွါးရေးဘာသာရပ်နဲ့ ဘွဲ့ရရှိသူတဦးဖြစ်ပြီး သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ကနေ ကျိုင်းတုံမြို့ ပြည်နယ်လွှတ်တော်အမတ်အတွက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...