နေရပ်အလည်ပြန်မည့် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများ နိုင်ငံမှ ပြန်ထွက်ခွင့်မရမည်ကို သတိပြုရန်လို

နေရပ်အလည်ပြန်မည့် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများ နိုင်ငံမှ ပြန်ထွက်ခွင့်မရမည်ကို သတိပြုရန်လို
တာချီလိတ်−မယ်ဆိုင် နယ်စပ်ဂိတ်မှတဆင့် ၂၀၁၉ ခုနှစ် သင်္ကြန်ကာလက နေရပ်ပြန်နေကြသည့် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများ။ (ဓာတ်ပုံ − U Htun Maesai)
တာချီလိတ်−မယ်ဆိုင် နယ်စပ်ဂိတ်မှတဆင့် ၂၀၁၉ ခုနှစ် သင်္ကြန်ကာလက နေရပ်ပြန်နေကြသည့် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများ။ (ဓာတ်ပုံ − U Htun Maesai)

မြန်မာအတာသင်္ကြန်ကာလ၊ ထိုင်းရိုးရာအားဖြင့် ဆုန်ခရန်ကာလဖြစ်သည့် လာမည့်ဧပြီလတွင် ထိုင်းအစိုးရမှ ပြည်ဝင်/ပြည်ထွက် ဗီဇာတုံးထုရန်မလိုဟု ဆိုသည့်အတွက် နေရပ် အလည်အပတ်ပြန်ရန် ပြင်ဆင်နေကြသည့် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများအနေဖြင့် သင်္ကြန်ကာလပြီး၍ ထိုင်းသို့ ပြန်ထွက်လိုပါက ထွက်ခွာခွင့်မရမည်ကို စိုးရိမ်ရကြောင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

ယခုကာလသည် စစ်ကောင်စီမှ စစ်မှုထမ်းသက်အကျုံးဝင်သည့် လူငယ်၊ လူရွယ်များကို အရှိန်အဟုန်မြှင့်အင်အားစုဆောင်းနေသည့် အချိန်ကာလဖြစ်သကဲ့သို့၊ ပြည်ပထွက်ခွာလိုသူများကိုလည်း ကန့်သတ်မှုများစွာပြုလုပ်၍ ထွက်ခွာခွင့်ပိတ်ပင်နေသည့်ကာလဖြစ်ရာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြန်ထွက်မည့်အချိန်၌ အလွယ်တကူထွက်ခွင့်မပေးသည့်ကိစ္စရပ်များဖြစ်လာနိုင်ကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေးကူညီဆောင်ရွက်ပေးနေသည့် MHAC မဟာမိတ်အဖွဲ့ ထူထောင်သူ ကိုရဲမင်းက မဇ္ဈိမကို ပြောသည်။ ထို့အတူ နယ်စပ်ဂိတ်များ၌ စစ်မှုထမ်းအင်အားစုဆောင်းနေသည့်ဖြစ်ရပ်များလည်းရှိရာ ထိုအချင်းအရာများကိုလည်း သတိပြုရန်လိုအပ်ကြောင်း ကိုရဲမင်းက သတိပေးသည်။

“ပြန်သွားပြီးရင် ပြန်လာဖို့မလွယ်တော့ဘူး။ ပြည်တွင်းကိုပြန်ဝင်တာတော့လွယ်လိမ့်မယ်။ ထိုင်းဘက်ကိုပြန်ဝင်တဲ့အချိန်ကျမှ နယ်စပ်ဂိတ်တွေရောက်မှ ဖမ်းဆီးခေါ်ဆောင်ခံရမှာမျိုးတွေ၊ တချို့လူငယ်တွေ ကိုယ့်ရပ်ကိုယ့်ရွာရောက်မှာ ရပ်ကွက်ထဲက ဒလန်သတင်းပေးတွေက တဆင့် ပြန်ရောက်လာပြီဆိုတာ သတင်းပေးခံရတာတွေ ကြုံလာရနိုင်တယ်” ဟု ကိုရဲမင်းက ၎င်း၏ အမြင်ကို အသိပေးပြောဆိုသည်။

ထို့အတူ ယခုသတင်းပတ်အတွင်း စစ်ကောင်စီသည် ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ကိုင်မည့် အလုပ်သမားဦးရေကို ကန့်သတ်မည့်အကြောင်းနှင့် ပြည်တွင်းသို့ ခတ္တပြန်လာသူအလုပ်သမားများ ပြန်လည်ထွက်ခွာခွင့်ကို စစ်ဆေးတင်းကျပ်မည်ဆိုသည့် သတင်းများလည်းထွက်ပေါ်လျက်ရှိသည်။

ထို့အတူ မြန်မာနိုင်ငံမှတဆင့် ထိုင်းနိုင်ငံသို့လာရောက်လိုသည့် စစ်မှုထမ်းအသက် အကျုံးဝင်နေသော လူငယ်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် ထွက်ခွာပါက အစစ်အဆေးတင်းကျပ်ခြင်း၊ စစ်ကောင်စီဝန်ထမ်းများနှင့် လေဆိပ်ဝန်ထမ်းများမှ ငွေကြေးတောင်းခံခြင်းများရှိနေကာ ထွက်ခွာခွင့်မရသူများလည်း များပြားနေသည့်ကာလဖြစ်သောကြောင့် ထွက်ခွာရန်အခက်ကြုံနေကြရကြောင်းလည်း စုံစမ်းသိရှိရသည်။

“ထိုင်းသံရုံးကနေ ဗီဇာလည်းရပြီးပြီ အချက်အလက်အကုန်အစုံအလင်လည်းရှိတယ်။ ဒါပေမယ့် လေဆိပ်ကနေ ဖြတ်တောင်မသွားရဲဘူး။ ထွက်ခွင့်မရသူတွေကလည်း များနေတယ်။ ထွက်ခွင့်မရရင် သွားဖို့ပြင်ထားတဲ့ခရီးစဥ်နဲ့ စရိတ်အကုန်လုံးကလည်း ဆုံးရှုံးရဦးမယ်၊ အဲ့ကျတော့ နယ်စပ်ဂိတ်တွေကနေ ဘယ်လိုများတရားဝင်သွားလို့ရမလဲပဲ စောင့်ကြည့်နေရတယ်၊ မရဘူး မလွယ်ဘူး ထွက်လို့မရဘူး၊ ရောက်ပြီးနေမှတော့ အလည်ဖြစ်ဖြစ်ဘာဖြစ်ဖြစ် ပြန်မလာကြတာပဲကောင်းပါတယ်။ ပေါ်တာတွေကလည်း နေရာတိုင်းဆွဲနေတာ” ဟု ရန်ကုန်မြို့နေ လူငယ်တဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိ၍ အလုပ်လုပ်ကိုင်နေကြသော မြန်မာ၊ ကမ္ဘာဒီးယားနှင့် လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ဆုန်ခရန်ဟုခေါ်ဆိုသည့် ထိုင်းသင်္ကြန်ကာလ ဧပြီ ၁ ရက်မှ မေလ ၁၅ ရက်အထိ ၄၅ ရက်အတွင်း မိမိနေရပ်နိုင်ငံသို့ အလည်ပြန်လိုပါက ဗီဇာ အဝင်အထွက် တုံးထုရန်မလိုဘဲ ပြန်နိုင်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ မတ်လ ၁၁ ရက်နေ့တွင် ကြေညာထားသည်။

ထိုသို့ ဗီဇာ အဝင်အထွက် တုံးထုရန်မလိုဘဲ နေရပ်ပြန်ရန် ခွင့်ပြုပေးခြင်းသည် ဆုန်ခရန်လက်ဆောင်ဖြစ်ပြီး အလုပ်သမားများ ခရီးသွားလာမှုပိုမိုလွယ်ကူစေရန်နှင့် ပွဲတော်ရာသီအတွင်း အသုံးစရိတ်များလျော့ချရန် ရည်ရွယ်သည်ဟု ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Phiphat Ratchakitprakarn က ပြောဆိုသည်။

ယခုကာလသည် အလုပ်သမားများအတွက် အာမခံချက်ပေးနိုင်သည့် အခြေအနေ မရှိဖြစ်နေရာ အကယ်၍ ထိုင်းနိုင်ငံမှ ထွက်ခွာ၍ မိမိနေရပ်နိုင်ငံပြန်သွားပြီးနောက် ထိုင်းသို့ ပြန်လည်ဝင်ရောက်ခွင့်မရပါက အခက်အခဲများကြုံတွေ့လာရနိုင်သည်ကိုလည်း ကြိုတင်တွက်ချက်စဥ်းစားရန်လိုအပ်ကြောင်း AAC မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးကလည်း ပြောသည်။

“ထိုင်းမှာရှိတဲ့လူတွေရဲ့ သုံးပုံနှစ်ပုံလောက်က ဖေဖော်ဝါရီ ၁၃ ရက်လောက်မှာ တညီတည်းအကုန် သက်တမ်းကုန်တာနော်။ ပြည်တွင်းကိုပြန်ဝင်ဖို့ တထောင်လောက်ပဲ သက်သာပါတယ်ဆိုပြီး ပြည်တွင်းပြန်ဝင်သွားပြီးမှ ထိုင်းဘက်ကိုပြန်ပေးမဝင်တော့ဘူးဆို ဘယ်လိုလုပ်မလဲ၊ ဒါလည်း သံသယဖြစ်စရာရှိတယ်၊ စစ်ကောင်စီနဲ့ပေါင်းပြီးမှ ဗီဇာကုန်နေပြီကွာ ပေးမဝင်တော့ဘူးဆို သေရော” ဟု ဦးခိုင်ကြီးက မတ်လ ၁၂ ရက်နေ့က မဇ္ဈိမသို့ ပြောထားသည်။

ယခု ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း၌ ရောက်ရှိနေသည့် မြန်မာလူဦးရေ အရေအတွက်မှာ ၅,၀၀၀,၀၀၀ (ငါးသန်း) ဦးခန့် ရှိနေသည်ဟု ထိုင်းဘက်က ထုတ်ပြန်သည့်သတင်းအချက်အလက်များကို အခြေခံ၍ ကိုရဲမင်းကပြောဆိုသည်။

သင်္ကြန်ကာလ မြန်မာနိုင်ငံသို့ နေရပ် အလည်ပြန်ရန် ပြင်ဆင်နေကြသူများ၊ ကားငှားနေသူများနှင့် ကားလက်မှတ်ဖြတ်ထားကြသူများလည်း ရှိနေပြီဖြစ်ကြောင်း ကိုရဲမင်းက ပြောသည်။

March 20, 2025
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ မှုခင်းရဲတပ်ဖွဲ့ (CID) ရုံးကို အဝေးထိန်းမိုင်းဖြင့်...
March 18, 2025
မန္တလေးတိုင်း၊တောင်သာမြို့နယ်၊မန်းကျီးပင်တဲကျေးရွာကို မတ်လ ၁၈ရက်၊ နံနက်ပိုင်းတွင်...
March 17, 2025
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ်မှ...
March 14, 2025
ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ နန်းဝတီရွှေဆိုင်မှ ပိုင်ရှင်...