ရေစကြိုတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရေစကြိုတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု ၄ ဦးသေဆုံး

မတ်လ ၅ရက်နေ့ နေ့လယ်ပိုင်းတွင် ရေစကြိုနယ် ရေလယ်ကျွန်းဒေသရှိ ဇရပ်နီကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့နေသည်ကို အဝေးမှ တွေ့ မြင်ရစဉ်။ (ဓါတ်ပုံ – Yesagyo Township Info Committee)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) အဖွဲ့ထံမှ သိရသည်။

ယမန်နေ့ (မတ်လ ၅ ရက်) ညနေပိုင်းတွင် ရေစကြိုနယ် ဇရပ်နီကျေးရွာ အရှေ့ဖက်စွန်းနှင့် မြောင်နယ် မင်းလှရွာ အနောက်ဖက်စွန်းနေရာတွင် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDSOM အဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ယနေ့ (မတ်လ ၆ ရက်) တွင် ပြောသည်။

၎င်းက “အနီးကပ်တိုက်ပွဲဖြစ်တာ မျက်စိရှေ့မှာတင် သူတို့ဖက်က လေးကောင်ကျသွားတာ ဒါပေမယ့် သူတို့ဖက်က ပစ်ကူအားမြှင့်ပြီးတော့ သူတို့လူကို သူတို့ ပြန်ဆွဲထုတ်သွားတာ” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရေစကြီု ရေလယ်ကျွန်းဒေသသို့ ရောက်ရှိလာရာ တော်လှန်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ မှ ဗိုလ်ကြီးတဦးအပါအဝင် ကိုးဦးသေဆုံးပြီး နောက်ထပ် စစ်ကောင်စီတပ်သား ကိုးဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း Myingyan Black Tiger အဖွဲ့က မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အထိနာသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ရေစကြိုမြို့မှ စစ်ကူအင်အားများ ထပ်မံဖြည့်တင်းပြီးနောက် မတ်လ ၂ ရက်နေ့တွင် ရေလယ်ကျွန်းဒေသ မြေစွန်းတော်ကျေးရွာကို လက်နက်ကြီးများပစ်ခတ်၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။

ယင်းနောက် မြေစွန်းတော်ရွာအတွင်းရှိ နေအိမ်များကို မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သုံးရက်ဆက် မီးရှို့ခဲ့ပြီး ဘုန်းတော်ကြီးတပါးနှင့် ဒေသခံ အရပ်သားပြည်သူများကိုလည်း သတ်ဖြတ်ခဲ့ကြောင်း CDSOM အဖွဲ့ခေါင်းဆောင် ကိုနွေဦးက ပြောသည်။

၎င်းက “တရွာလုံးနီးပါး ကုန်သွားပြီ၊ လေးအိမ် လောက်ပဲကျန်တယ် ရွာထဲမှာ ပိတ်မိခဲ့တဲ့သူ ၁၀ ဦးသတ်ခံရတယ်။ မီးရှို့တာကို လိုက်တားတဲ့ အသက် ၈၀ အရွယ် ဘုန်းကြီးတပါးကိုလည်း သတ်သွားတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၅ ရက်နေ့ မနက်ပိုင်းတွင်း မြေစွန်းတော်ကျေးရွာအနီးရှိ ရွှေလှံကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်>

ယင်းနောက် နံနက် ၆ နာရီ အချိန်တွင် ဇရပ်နီကျေးရွာကို ဝင်ရောက်ခဲ့ပြီး နံနက် ၈ နာရီမှစတင်ကာ ကျေးရွာအတွင်းရှိ နေအိမ်များကို တနေ့လုံး မီးရှို့ခဲ့ကြပြီး ယနေ့ (မတ်လ ၆ ရက်) မနက်ပိုင်းမှာလည်း ထပ်မံမီးရှို့ဖျက်ဆီးနေကြကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် ရေစကြိုရေလယ်ကျွန်းဒေသမှ မြေစွန်းတော်၊ ဆင်ခြေယာ၊ မာလကာခြံ၊ ရွှေလှန်၊ ရွာသစ်၊ သာဂေါင်ကျေးရွာများနှင့် မြောင်နယ်အတွင်းက နနွင်းကိုင်း၊ ဆူးလေးကုန်း၊ မြစ်သာ၊ ဆင်လှောင်၊ သုခဒီပ၊ မြစ်ဆုံ စသည့် ကျေးရွာများမှ ဒေသခံပြည်သူ ၁၅,၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

Most read this week

April 11, 2025
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာ...
April 11, 2025
ဧပြီ ၁၀ ရက် ကောလင်းမြို့နယ် အင်ပင်လှကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှု။ (ဓါတ်ပုံ- Kawlin Info...
April 10, 2025
အခက်အခဲဖိအားပေါင်းစုံကို နည်းလမ်းပေါင်းစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွ ဖြတ်ကျော်ပြီး ၁၀၂၇...
ဧပြီ ၉ ရက်၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု။ ထိုလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကလေးငယ်အပါအဝင် ၂၄ ဦးထက်မနည်း သေဆုံးခဲ့သည်။ (ဓါတ်ပုံ - Kawlin Info)
April 10, 2025
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဧပြီလ ၉ ရက် ည‌နေတွင်...