မြစ်ကြီးနား–မန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေက စစ်သားစုဆောင်းရေး အပြင်းအထန် ပြုလုပ်နေတဲ့အတွက် တစ်စုံတစ်ရာ အရေးကြီးကိစ္စမရှိဘဲ ခရီးမသွားကြဖို့ ကားသမားတွေက ပြောပါတယ်။
လူငယ်နဲ့ လူလတ်ပိုင်းအရွယ်၊ ကျား/မ မရွေးကို စုဆောင်းရေးခေါ်ယူနေတယ်လို့ အမည်မဖော်လိုသူ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။
“ဟိုတလောက ကျနော့ကားပေါ်က မြစ်ကြီးနားကလိုက်လာတဲ့ ကချင်မိန်းကလေးတစ်ယောက်ကို KIA ဂိတ်က ခေါ်ထားလိုက်တယ်။ အဲ့လိုခေါ်ထားပြီး စစ်ဆေးစရာရှိတာစစ်ဆေးပြီး ၂ နာရီလောက်နေမှ နောက်ကားတစ်စီးနဲ့ ထည့်ပေးလိုက်တယ်။ အဲ့လိုမျိုးပေါ့ ဒါက မိန်းကလေးမို့ပေါ့လေ။ ကျနော်တို့သုံးသပ်ရရင် အခုအခြေနေက မလိုအပ်ရင် မသွားတာ အကောင်းဆုံးပဲ။ နှစ်ဖက်လုံးမှာ အဲ့လိုဖြစ်နေတာ။ လူငယ်ဆိုရင်တော့ မသွားတာ အကောင်းဆုံးဘဲ” လို့ ပြောပါတယ်။
အရေးပေါ် နာမကျန်းဖြစ်လို့ ဆေးကုသရမယ့်သူတွေအနေနဲ့လည်း မြစ်ကြီးနား–မန္တလေး ကားလမ်းပိုင်းကို အသုံးမပြုကြဖို့ ကားသမားတွေက အကြံပြုပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းပေါ်မှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာတွေရှိနေပြီး အချိန်အခါ မရွေးလမ်းပိတ်တာတွေ ရှိနေတယ်လို့ ကားသမားတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိဆိုရင် ခင်ဦးမြို့နယ် လမ်းဆုံတစဝိုက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းကို ၄ ရက်တိတိ ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာလည်း မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်နေရာမှာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြန်တယ်လို့ ကားသမားတွေက ပြောပါတယ်။
“မနေ့က တစ်ရက်ကတော့ လမ်းပွင့်သွားတယ်ပေါ့ဗျာ။ ဒါပေမဲ့ အတက်အဆင်းကားတွေများပြီး အချင်းချင်း ပြန်ပိတ်ကြရော။ အခုမနက်ကိုတော့ ပြန်ပိတ်လိုက်တယ်တဲ့။ ရက်အကန့်အသတ်မရှိ ပိတ်တယ်ဆိုပြီးလည်း စာရွက်တွေကြဲ။ ကားသေးတွေကိုတော့ သွားခွင့်ပေးတယ်။ ဘယ်လိုဖြစ်မလဲတော့ မသိသေးဘူး” လို့ အထက်ပါကားသမားက ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းအခြေနေကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ အင်းတော်မြို့အတွင်း တိုက်ပွဲ ဖော်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
မြစ်ကြီးနား–မန္တလေး လမ်းပိုင်းအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မော်လူးမြို့ကနေ ထီးချိုင့်မြို့နယ် ကျောင်းကုန်းလမ်းဆုံအထိ အသုံးပြုခွင့် ပိတ်ထားတာဖြစ်ပြီး တစ်ခါတစ်ရံ တိုက်ပွဲဖြစ်ရင် တောလမ်းအသုံးပြုခွင့်ကိုပါမပေးဘဲ လမ်းပိတ်တာမျိုးတွေရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ကာလမှာ မြစ်ကြီးနား–မန္တလေး လမ်းပိုင်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခွန်ဂိတ်တွေ များပြားလာတယ်လို့လည်း ကားသမားတွေက ဆိုကြပါတယ်။
မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားရှိ စစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ ရွှေဘိုနယ်တွေထဲမှာ အများဆုံးဖြစ်ပြီး လက်နက်ကိုင်တပ်တွေ အခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက်မနည်းရှိတယ်လို့ ကားသမားတွေက ပြောပါတယ်။