ညောင်ရွှေ စစ်ကောင်စီဂိတ်တွင် စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်မပြု

ညောင်ရွှေ စစ်ကောင်စီဂိတ်တွင် စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်မပြု

သျှမ်းပြည် ညောင်ရွှေမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများကို လကြာမြင့်စွာ သယ်ဆောင်ခွင့်မပေးဘဲ ပိတ်ထားကြောင်း စုံစမ်းသိရှိရသည်။

ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလမှ စ၍ ယခု ဖေဖော်ဝါရီ လလယ်အထိ (၅) လကျော်ကြာ ဆန်၊ ဆီနှင့် ဆေးဝါးတို့အပြင် အိမ်သုံးစက်သုံးဆီပုံးများကိုပါ သယ်ဆောင်ခွင့်မပြုကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့လို ပိတ်ထားလို့ အရင်နှစ်ဝက်လောက် ကတည်းကပဲ ကူညီတာမျိုး မရှိတာ။ အိမ်အတွက် စားသောက်ဖို့လောက်ပဲ ပေးဖြတ်တာပေါ့။ စစ်‌ဘေးရှောင်တွေ ကူညီဖို့ဆိုရင် ပေးမဖြတ်ဘူးပါတဲ့၊ ပစ္စည်းတွေကို သိမ်းထားတာမျိုး လုပ်တယ်။ ဒေသခံတွေ သယ်လာရင်တောင် တော်တော် စကား‌ပြောရတယ်။ ဂိတ်မှာ ပိုက်ဆံလည်းပေးရတယ်” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO မှ ကုန်ပစ္စည်းများ သယ်ယူခွင့်မပေးသောကြောင့် စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာအတွက် အခက်အခဲများဖြစ်စေပြီး ဒေသထွက်သည့် ဆန်များကိုသာ ပြန်ဝယ်စားနေရကြောင်းကို စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“ကျနော်တို့က ရွာဒေသကနေထွက်တဲ့ ဆန်ကိုပဲ ပြန်ဝယ်စားရတာပေါ့။ မှော်ဘီမှာ ကုန်ကားတွေ ဖြတ်ရအရမ်းခက်ပြီး ပေးမဖြတ်လို့လေ။ ထောက်ပံ့ဖို့ကလည်း သွားလာဖို့ အဆင်မပြေတော့ လာကူညီဖို့တောင် ကြောက်နေကြတာပေါ့” ဟု ၎င်းက ပြောသည်။

ထိုသို့ ကုန်ပစ္စည်းများကို သယ်ယူရန် မလွယ်ကူသည့်အပြင် ဂိတ်ကြေးများလည်း ပေးဆောင်ရသည့်အတွက်ကြောင့် အချို့သော ကုန်ပစ္စည်းများသည် ညောင်ရွှေမြို့ထက် ပို၍ ကုန်ဈေးနှုန်းမြင့်နေကြောင်း ဒေသခံများက ပြောသည်။

“ကုန်ဈေးနှုန်းတွေက တက်တယ်၊ ဂိတ်မှာ ဆန်တစ်အိတ်ကို သောင်းဂဏန်း ပေးရတယ်။ ကျမတို့က ဈေးပိုပေးပြီး ဝယ်ရတာပေါ့ ဒီစံကားဘက် ရောက်ရင်။ ဒီမှာ ဆီပုံးဝါ တစ်ပုံးကို ၁ သိန်း ၂ သောင်း၊ အဲ့တာတောင် အညံ့ထဲက ပဲရတယ်။ ဆန်ကလည်း ၂၄ ပြည် တစ်အိတ်ကို ၁ သိန်းခွဲလောက်ပေးရတယ်” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းမှော်ဘီစစ်ဆေးရေးဂိတ်တွင် ငွေအဆမတန် တောင်းခံခြင်း၊ စစ်ဆေးမှုများ တင်းကြပ်ခြင်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ထိုလမ်းကြောင်းသည့် မှော်ဘီကျေးရွာ တောင်ဖက် လွိုင်ကော်သွားလမ်း၊ အနောက်ဖက် ပင်လောင်းလမ်း၊ မြောက်ဘက် တောကြီးလမ်းနှင့် အရှေ့ဘက် ဆီဆိုင်မြို့သွားလမ်း ဆုံသည့်နေရာဖြစ်ကြောင်း သိရသည်။

Most read this week

April 11, 2025
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ခက်ခဲနေချိန် စစ်ကောင်စီလက်အောက်ခံ...
April 11, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ငါးယှန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး...
April 10, 2025
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းခုတ်ဒေအတွင်း ရွှေတူးဖော်ပြီး ဓာတုဆေးရေများ...
April 9, 2025
သျှမ်းပြည်အတွင်း ငလျင်ဘေးဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန်...