ရခိုင်တွင် ဆောင်းသီးနှံစိုက်ပျိုးမှု ပိုမိုလုပ်ကိုင်လာ

ရခိုင်တွင် ဆောင်းသီးနှံစိုက်ပျိုးမှု ပိုမိုလုပ်ကိုင်လာ

ရခိုင် လွတ်မြောက်မြို့နယ်များတွင် ပြည်တွင်းရိက္ခာဖူလုံရေးအတွက် တောင်သူများက ဆောင်းသီးနှံစိုက်ပျိုးမှုကို ပိုမိုလုပ်ကိုင်လာကြောင်း သိရသည်။

စစ်ပွဲကာလ ပြည်မဘက်မှ ဟင်းရွက်သီးနှံများ ရခိုင်ပြည်တွင်းသို့ မရောက်ရှိ၍ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများက ရခိုင်ပြည်သူတို့၏ ဟင်းရွက်သီးနှံလိုအပ်ချက်ကို အဓိက ဖြည့်တင်းပေးနေကြောင်း သိရသည်။

ယခုနှစ်တွင် မြေပဲမျိုးစေ့များလည်း မရရှိရာ မြေပဲစိုက်တောင်သူများကလည်း ငရုတ်၊ ခရမ်း၊ ဂေါ်ဖီ၊ မုန်ညှင်း၊ ဖရဲ၊ ပြောင်း အစရှိသည့် သီးနှံစိုက်ခင်းများကို လုပ်ကိုင်လာကြကြောင်း ကျောက်တော်မြို့နယ်မှ သီးနှံစိုက်ခင်းလုပ်ကိုင်သူ ဦးခိုင်အေးမောင်က ပြောသည်။

"ဒီနှစ်မှာ မြေပဲမျိုးစေ့တွေလည်းမရတော့ မြေပဲစိုက်တဲ့သူတွေလည်း ငရုတ်တို့၊ ဂေါ်ဖီတို့ စိုက်ခင်းတွေလုပ်ကိုင်လာကြတာပါ" ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

စိုက်ခင်းလုပ်ကိုင်သူပိုမိုများပြားလာရာ ဟင်းရွက်သီးနှံဈေးကွက်တွင် စားသုံးသူများအတွက် ဈေးနှုန်းသင့်တင့်လာသော်လည်း စိုက်ခင်းပိုင်ရှင်များအတွက် အကျိုးအမြတ်နည်းပါးကြောင်း ပြောဆိုကြသည်။

"စိုက်ခင်းလုပ်ကိုင်သူတွေများတော့ ဈေးကွက်မှာ ဟင်းရွက်သီးနှံပေါလာတယ်။ ဝယ်သူတွေအတွက်အဆင်ပြေပေမယ့် ကျွန်တော်တို့အတွက်တော့ အကျိုးအမြတ်နည်းပါတယ်။ အလုပ်သမားခတွေ၊ မြေဆီနဲ့ ဆေးဝါးတွေမှာ ရင်းနှီးထားတာတွေနဲ့ တွက်လိုက်ရင် အကျိုးအမြတ်နည်းတယ်" ဟု ဦးခိုင်အေးမောင်က ပြောသည်။

မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့်အပြင် အကျပ်အတည်းကာလ ပြည်တွင်းရိက္ခာလိုအပ်ချက်ကို ဖြည့်တင်းရာရောက်သည့်အတွက် စိုက်ပျိုးရေးလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ်မှ စိုက်ခင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"မိဘလက်ထက်ကပဲ လုပ်လာတာပါ။ နောက်ပြီး အခုအချိန်မှာ ပြည်တွင်းမှာ စိုက်ပျိုးရေးကောင်းကောင်း မလုပ်နိုင်ကြရင် ဟင်းရွက်သီးနှံရှားမယ်။ ပိုပြီးဒုက္ခရောက်နိုင်တယ်" ဟု ပြောသည်။

ရခိုင်ဒေသသည် စိုက်ပျိုးရေးအတွက် မြေဆီဩဇာကောင်းမွန်သည့် ဒေသတစ်ခုဖြစ်ပြီး ဒေသထွက်သီးနှံများမှာ ပြည်မမှလာသည့် ဟင်းရွက်သီးနှံများထက် လတ်ဆတ်ပြီး အရသာကောင်းမွန်ကြောင်း သိရသည်။

ရခိုင်တွင် ၂ဝ၂၃ ခုနှစ်အတွင်း တကျော့ပြန်တိုက်ပွဲများ မဖြစ်မီက ပြည်နယ်တွင်းစားသုံးမှုအတွက် ဟင်းသီးဟင်းရွက်များကို ပြည်မဘက်မှသာ အဓိက မှာယူစားသုံးခဲ့ရခြင်းဖြစ်သည်။

လက်ရှိ ရခိုင်ပြည်တွင်း ဟင်းရွက်သီးနှံဈေးကွက်တွင် ဒေသထွက် ငရုတ်သီးစိမ်းတစ်ပိသာကို ၂၀၀၀ ကျပ်၊ ဂေါ်ဖီတစ်ဖူးကို ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်၊ ပန်းဂေါ်ဖီတစ်ဖူးကို ၁၅၀၀ ကျပ်၊ ခရမ်းသီးတစ်ပိသာကို ၁၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိသာကို ၇၀၀၀ ကျပ် ဈေးနှုန်းရှိကြောင်း သိရသည်။

April 1, 2025
အမျိုးသမီးလေးဦးအပါအဝင် နေရပ်ပြန် ရခိုင်စစ်ဘေးရှောင် ၁၂ ဦးသည် မကွေးတိုင်းထဲတွင်...
March 28, 2025
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိဆေးရုံကို စစ်တွေမြို့တွင် ရှိနေသည့် စစ်ကောင်စီတပ်စခန်းတစ်ခုက...
March 27, 2025
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စားဝတ်နေရေးအတွက်...
March 26, 2025
အာရက္ခတပ်တော် (AA) ၏ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး တိကျသော ပြဋ္ဌာန်းချက်၊ စည်းကမ်းများကို...