ကလေးမြို့မှာ စစ်မှုထမ်းဥပဒေကြောင့် လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရ

ကလေးမြို့မှာ စစ်မှုထမ်းဥပဒေကြောင့် လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရ
ကလေးမြို့မြင်ကွင်း။
ကလေးမြို့မြင်ကွင်း။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီ၏ စစ်မူထမ်းဥပဒေကြောင့် လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရသည်ဟု ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၆ ရက် ယနေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ဆိုင်ဘာလုံခြုံရေးဥပဒေကို ပြဌာန်းလိုက်ပြီးနောက် သူတို့ထိန်းချုပ်သည့်ဒေသများတွင် ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ လူငယ်များအား လိုက်လံဖမ်းဆီးရာမှာ ကလေးမြို့မှာလည်း မြို့ပြလူနေရပ်ကွက်များသာမက ဘာသာရေးအဆောက်အအုံ ပရဝုဏ်များအထိပါ လိုက်လံဖမ်းဆီးနေသည်ဟု ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီကဆိုသည်။

ကလေးဒေသအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရမှုမှာ စစ်မူထမ်းအပတ်စဉ် (၆) တွင် လူငယ် (၄၅) ဦး၊ အပတ်စဉ် (၇) တွင် (၅၀) ဦး၊ အပတ်စဉ် (၈) တွင် (၃၀) ဦးနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း အပတ်စဉ် (၉) တွင် (၆၀) ဦး စုစုပေါင်း (၁၈၅) ဦးအထိ ဖမ်းဆီးခံရသည်ဟု ဖော်ပြထားသည်။

ယခုစာရင်းသည် မြေပြင်အချက်အလက်နှင့် အနီးစပ်ဆုံး ကောက်ယူထားခြင်းဖြစ်ပြီး ယခုထက်လည်း ပိုများနိုင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကလေးမြို့အနီး ဘုံတောကျေးရွာတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးသည် စစ်ကောင်စီ၏ ဖမ်းဆီးမှုခံခဲ့ရပြီး စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပို့ဆောင်ရန် စီစဉ်ခဲ့ကြသော်လည်း ဗိုက်ခွဲဒဏ်ရာကြောင့် ကျပ်ငွေ ဆယ့်ငါးသိန်းပေးဆောင်ခိုင်းကာ ပြန်လွတ်ပေးခဲ့သည်ဟု အဆိုပါအမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူကတော့ လူငယ်ပိုင်းပဲရှိသေးတယ်။ မြို့ထဲသွားတုန်းမှာ စစ်မှုထမ်းဖို့အတွက် ဆွဲခံရတာ။ အစာအိမ်မကောင်းလို့ ဗိုက်ခွဲထားတာ။ ဗိုက်ခွဲထားတဲ့ဒဏ်ရာရှိလို့ သုံးလို့မရဘူးလို့ပြောပြီး ဆယ့်ငါးသိန်းနဲ့ ပြန်ရွေးခိုင်းတာ။ အခုတော့ ပြန်လွတ်လာပြီ။ အခုတလော ဖမ်းဆီးခံရတာက များတယ်၊ သိတာတွေရော၊ မသိတာတွေရောဆိုတော့ ဆွဲမှာကိုပဲ ကြောက်နေရတာ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စစ်မူထမ်းသင်တန်း အပတ်စဉ် (၉) အထိ ရောက်ရှိလာပြီဖြစ်ကာ ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များတွင် စစ်မူထမ်းရန် အသက်ပြည့်မီသည့် အမျိုးသားများသာမက အမျိုးသမီးများကိုပါ ဖမ်းဆီးစုဆောင်းမှုများ ပြုလုပ်လာသည်ဟု သိရသည်။

ကလေးမြို့ပေါ်တွင် စစ်ကောင်စီသည် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း မြို့ပေါ်ရပ်ကွက်နှင့် လမ်းမပေါ်တို့တွင် ရှောင်တခင်စစ်ဆေးဖမ်းဆီးမှု ပိုမိုပြုလုပ်လာသည့်အပြင် ဖမ်းဆီးခံရသူများသည်လည်း ပြန်လည်ရွေးယူရန်အတွက် ခက်ခဲလာသည်ဟု ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ တာဝန်ရှိသူတဦးက ပြောသည်။

“အမျိုးသမီးတွေကိုလည်း ဖမ်းတယ်။ ဖမ်းဆီးမှုကတော့ ဒီနေ့အထိ ရှိနေဆဲပဲ။ သူတို့တွေက ရှောင်တခင် ဖမ်းတာမျိုးတွေ။ ဒါမျိုး သူတို့ ရှောင်တခင်ဖမ်းတာမျိုးဆိုရင် သူတို့ အလွတ်မပေးတော့တာမျိုး၊ သတင်းအစအန ဖျောက်တာမျိုးတွေ တွေ့နေရတယ်။ ဖမ်းဆီးမှုဖြစ်စဉ်တွေကတော့ ခပ်စိပ်စိပ်တွေ့ရတယ်။ မြို့ပြရပ်ကွက်တွေမှာ။ အခုနောက်ပိုင်းမှာ လုံးဝ ရွေးလို့လည်းမရတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စကစ ဖက် ဖမ်းဆီးလိုက်ပြီဆိုရင် မရတော့ဘူး။ စစ်မှုထမ်းဖမ်းဆီးမှုနဲ့အတူ မြို့ပြနေလူထုတရပ်လုံးက ကြောက်လန့်ထိတ်လန့်ကြတယ်။ အထူးသဖြင့် သားရှင်၊ သမီးရှင်တွေအနေနဲ့ တော်တော်လေးတော့ စိတ်ဒုက္ခရောက်ကြတယ်။ တချို့ လူငယ်ပိုင်းတွေဆိုရင် စိတ်ကျန်းမာရေး ထိခိုက်တယ်ဆိုတဲ့အထိတောင်ဖြစ်တယ်လို့ ကြားရတယ်” ဟု ၎င်းကပြောသည်။

ကလေးမြို့မှာ စစ်ကောင်စီက လူငယ်ဖမ်းဆီးမှု ပိုမိုပြုလုပ်သည့်အတွက် ဒေသခံလူငယ်များအနေဖြင့် ညအချိန်မတော် နေအိမ်ပြင်ပသွားလာခြင်းနှင့် မလိုအပ်ပဲ ပျော်ပွဲရွှင်ပွဲအပါအဝင် ခရီးသွားလာခြင်းများ တတ်နိုင်သရွေ့ရှောင်ကြဉ်ရန်၊ စစ်ကောင်စီ၏ လှုပ်ရှားသွားလာမှုများ မျက်ခြေမပျက် အကဲခတ်ကာ ကြိုတင်ရှောင်ရှားကြရန်နှင့် နေအိမ်ပြင်ပသွားလာချိန်တွင် စစ်ကောင်စီ၏နေရာများ‌ ရှောင်ကွင်းကာ VPN App အပါအဝင် ဖျက်သင့်ဖျက်ထိုက်ရာများကို ကြိုတင်ဖျက်ထားရန်လည်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက အသိပေးထားသည်။

April 2, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ကို ယမန်နေ့ ညနေက စစ်ကောင်စီသည် ဂျက်ဖိုက်တာအသုံးပြု၍...
March 25, 2025
မကွေးတိုင်းအတွင်းရှိ အမ်း - ပဒါန်း ကြားက အရှိုချင်းကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ၃,၀၀၀ ကျော်သည်...
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ရှိ ဆာဂျီဝါးအကျဥ်းထောင်။
March 24, 2025
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ရှိ ဆာဂျီဝါးအကျဥ်းထောင်တွင် ဖမ်းဆီးခံရသော...
March 20, 2025
ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက...