ရှမ်းပြည် မြောက်ပိုင်း၊ မိုင်းရယ်မြို့တွင် ကျေးရွာတွင်း နေထိုင်သည့်ကလေးများ ကာကွယ်ဆေးထိုးခွင့်မရ ဖြစ်နေကြသည်ဟု ဒေသတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် နီးစပ်သူများက ပြောသည်။
မိုင်းရယ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ မိုင်းရယ် ပြည်သူ့ဆေးရုံကြီးတွင် အသက် ၂ နှစ်အောက် ကလေးများအတွက် ကာကွယ်ဆေး မလုံလောက်မှု ဖြစ်ပေါ်နေသည်ဟု ဆိုကြသည်။
မိုင်းရယ်မြို့တွင် လျှပ်စစ်မီး မရရှိသဖြင့် ကာကွယ်ဆေးများအား အအေးခန်းများ၌ သိုလှောင်မထားနိုင်ဘဲ တစ်ကြိမ်လျှင် ပမာဏနည်းနည်းခန့်သာ မှာယူနေရပြီး ဆေးအရေအတွက်ထက် ကလေးအရေအတွက်က မတန်တဆ များနေခြင်းဖြစ်သည်။
ကလေးမိခင်ဖြစ်သူတစ်ဦးက “မြို့ပေါ်ကလူတွေပဲ အရင်ထိုးရတယ်။ ရွာကလေးတွေက နောက်တစ်ခေါက်မှလို့ ပြောတယ်။ ဘယ်ချိန်မှ ထပ်လာမလဲတော့ မသိဘူး။ ဒီလိုမျိုးဆိုရင် ရွာကလေးတွေက စရိတ်ကုန်ခံပြီးလာရတာ။ အများကြီးနစ်နာတယ်” ဟု ပြောသည်။
မိုင်းရယ်မြို့တွင် ကာကွယ်ဆေးလိုအပ်ချက်ကြောင့် မြို့ပေါ်ကလေးများကိုသာ ကနဦး ထိုးနှံပေးသွားမည်ဟု ကလေးမိဘများက ဆိုသည်။
မိုင်းရယ်မြို့အနီးရှိ ကျေးရွာများတွင် နေထိုင်သူများမှာ ကာကွယ်ဆေးထိုးရန်အတွက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းလာရပြီး လမ်းကြေးများစွာ ပေးဆောင်လာရသည်ဖြစ်ရာ ယခုကဲ့သို့ ခွဲခြားဆက်ဆံမှုမှာ ကလေးများအတွက် များစွာ နစ်နာဆုံးရှံးမှုရှိသည်ဟု ဆိုကြသည်။
မိုင်းရယ်မြို့တွင်း လက်ရှိ နေထိုင်နေသူတစ်ဦးက “ကျန်းမာရေးစနစ်ကတော့ လည်ပတ်တယ်ဆိုရုံပါပဲ။ မီးတောင်မရတာ ကျန်တဲ့ဟာ ပိုဆိုးပေါ့။ နယ်မြေအခြေအနေကတော့ စစ်ကောင်စီလိုလို၊ SSPP လိုပါပဲ။ အခု ကာကွယ်ဆေးထိုးပေးတာလည်း သူတို့နာမည်ရဖို့ပါ” ဟု ပြောသည်။
မိုင်းရယ်မြို့သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကတည်းက လျှပ်စစ်မီး၊ အဆောက်အဦအချို့အပါအဝင် အုပ်ချုပ်ရေးယန္တရား အားလုံးနီးပါး ပျက်စီးခဲ့ပြီး လက်ရှိတွင်လည်း စစ်ကောင်စီက လားရှို့မြို့မှ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား ပြောင်းရွှေ့ဖွင့်လှစ်ထားသည်။
မိုင်းရယ်မြို့တွင် စစ်ကောင်စီက ကျန်းမာရေးကဏ္ဍကို ဝါဒဖြန့်ရန်သက်သက်သာ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ဆေးမလုံလောက်မှုကြောင့် အရေးပေါ်လူနာများအား ရှမ်းပြည်တောင်ပိုင်း မြို့နယ်များရှိ ပြည်သူ့ဆေးရုံများသို့ လွှဲပြောင်းနေရသည်ဟု ဆိုကြသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ၌လည်း မိုင်းရယ်မြို့တွင် ကလေးငယ်များအတွက် ကာကွယ်ဆေး မလုံလောက်မှုကြောင့် မိုင် ၄၀ ကျော်ဝေးသည့် ကျေးသီးမြို့တွင် သွားရောက်ထိုးနှံခဲ့ရသေးသည်။