စားနပ်ရိက္ခာမလုံလောက်မှုကြောင့် မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှုအခြေအနေသည် အလွန်ပြင်းထန်သည့်အဆင့်သို့ ရောက်ရှိနေပြီး ယခု ၂၀၂၅ ခုနှစ်တွင် နိုင်ငံ့လူဦးရေ ၁၅,၀၀၀,၀၀၀ ခန့် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ယင်းမှာ ယမန်နှစ်၏ လူဦးရေ ၁၃ ဒသမ ၃ သန်းမှ တိုးလာခြင်းဖြစ်ကြောင်းလည်း WFP က ပြောသည်။
လက်ရှိတွင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး စသည့် ပဋိပက္ခဖြစ်ပွားရာ နယ်မြေများတွင် နေထိုင်သူများသည် နိုင်ငံအတွင်း စားနပ်ရိက္ခာမလုံလောက်မှုကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရပြီး ယခုနှစ်တွင် လူဦးရေ သန်း ၂၀ နီးပါး (လူ ၃ ဦးတွင် တစ်ဦးနှုန်း) သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
တနိုင်ငံလုံးအတိုင်းအတာဖြင့် ပဋိပက္ခများ ကြီးထွားလာခြင်း၊ သွားရောက်ကူညီခွင့် ကန့်သတ်ချက်များရှိခြင်း၊ စီးပွားရေးပြိုလဲခြင်းနှင့် ရာသီဉတုဆိုင်ရာ အကျပ်အတည်းများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုအခြေအနေမှာ စံချိန်တင်မြင့်တက်လာနေခြင်းဖြစ်ကြောင်း WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ထုတ်ပြန်ချက်တွင် ပြောသည်။
နေရပ်စွန့်ခွာသူများအတွက် စားနပ်ရိက္ခာသည် အကြီးမားဆုံး လိုအပ်မှုတခုဖြစ်နေသော်လည်း တရိပ်ရိပ်တက်လာသည့် ကုန်ကျစရိတ်များနှင့် မြန်ဆန်လွန်းသည့် ငွေကြေးဖောင်းပွမှုတို့ကြောင့် အများစုမှာ လိုအပ်သည့် စားနပ်ရိက္ခာကို လက်လှမ်းမမီနိုင်ကြကြောင်းလည်း WFP က ဆိုသည်။
နိုင်ငံတွင်း အဓိကကျသည့် စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် ပဲတို့၏ ဈေးနှုန်းများသည် မနှစ်ကထက် ၃၀ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေကလည်း လစဉ်လတိုင်း မြင့်တက်နေပါတယ်။ ပြည်တွင်းဈေးကွက်မှာ ရောင်းကုန်ရှိနေရင်တောင် လူတွေက အခြေခံစားသောက်ကုန်တွေ ဝယ်ဖို့အတွက် ပိုက်ဆံမရှိကြပါဘူး။ ဒီတော့ ထမင်းအနပ်ရေ လျှော့စားပြီး မဝမလင် စားသောက်နေကြရပါတယ်” ဟု Mr. Dunford က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃ ဒသမ ၅ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြပြီး ပဋိပက္ခများသည် ပိုမိုနက်ရှိုင်းလာကာ နေရာဒေသသစ်များဆီ ဆက်လက်ကူးစက်နေသည့်အတွက် ယခုနှစ်တွင် လူပေါင်း ၄ ဒသမ ၅ သန်းကျော်အထိ အိုးမဲ့အိမ်မဲ့ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားသည်ဟုလည်း WFP က ဖော်ပြသည်။
သို့သော် နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်များသည် ကမ္ဘာတဝန်း နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပဋိပက္ခများအကြား တိမ်မြုပ်နေပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုကိုလည်း မရရှိကြောင်း၊ WFP အနေဖြင့်မူ ယခုနှစ်တွင် မြန်မာနိုင်ငံရှိ လူဦးရေ အနည်းဆုံး ၁ ဒသမ ၆ သန်းထံ စားနပ်ရိက္ခာအထောက်အပံ့၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အကူအညီများ ပေးအပ်သွားနိုင်ရန် ရည်မှန်းထားကြောင်းလည်း ထုတ်ပြန်ထားသည်။