ကလေးမြို့တွင် အိမ်ငှားခဈေးနှုန်းများ မြင့်တက်၍ ဒေသခံနှင့် စစ်ရှောင်များ အခက်ကြုံနေကြရ

ကလေးမြို့တွင် အိမ်ငှားခဈေးနှုန်းများ မြင့်တက်၍ ဒေသခံနှင့် စစ်ရှောင်များ အခက်ကြုံနေကြရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အိမ်ငှားခဈေး အဆမတန် မြင့်တက်လာခြင်းကြောင့် အိမ်းငှားနေထိုင်ကြသည့် ဒေသခံများနှင့် စစ်ဘေးရှောင်လာသူများ အခက်ကြုံနေကြရသည်ဟု သိရသည်။

ကလေးမြို့သည် အနီးနားပတ်ဝန်းကျင် ကျေးရွာများနှင့် ချင်းပြည်နယ်ဘက်က ပြည်သူများ အဓိက စစ်ဘေးရှောင်ခိုလုံသည့် ဒေသတစ်ခုဖြစ်သည်။

စစ်ဘေးရှောင်ပြည်သူများ ပို၍များလာသည်နှင့်အညီ အိမ်ငှါးခဈေးနှုန်းမှာလည်း တစ်နှစ်ပြီးတစ်နှစ် ဈေးမြင့်တက်လာနေသည်ဟု ကလေးမြို့တွင် အိမ်ငှားနေထိုင်သူ အမျိုးသမီးတဦးက ပြောသည်။

“အခု ကျမတို့နေတဲ့အိမ်ဆိုရင် အိမ်ရှင်က ဒီနှစ်သစ်ကနေ တစ်သိန်း ထပ်တက်တယ်။ ကုန်ဈေးနှုန်းကကြီးတော့ အရင်က တစ်သိန်းဆိုတာ အခုမှာတော့ တန်းဖိုးနည်းသွားတယ်၊ အိမ်ငှားရှာတဲ့သူလည်း များတယ်ဆိုပြီး လာပြောတယ်၊ ကျမတို့လည်း သူတောင်းသလို မပေးရင်လည်း အိမ်ငှားထပ်ရှာဖို့က ရှားပြန်ရော။ အခု ကလေးမှာ အိမ်ငှား တွေက အကုန်ဈေးကြီးနေတော့တာ” ဟု ကလေးမြို့ခံ အမျိုးသမီးတဦးက ပြောသည်။

လက်ရှိ ကလေးမြို့ပေါ်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ လုံးချင်းအိမ်အပါအဝင် ဆိုင်ခန်းငှားခဈေးနှုန်းမှာ တလလျှင် ငွေကျပ် (၅၀၀,၀၀၀) မှ (၈၀၀,၀၀၀) ကျပ် ပေါက်ဈေးရှိသည့်အပြင် ငှားရမ်းမည်ဆိုပါက အနည်းဆုံး ၆ လ စာချုပ်ဖြင့် ငှားရမ်းနေထိုင်ကြရသည်ဟု သိရသည်။

ရပ်ကွက်အတွင်းပိုင်းရှိ အိမ်းငှားခ ဈေးနှုန်းမှာလည်း ကျပ်တစ်သိန်းအောက်မရှိတော့ဘဲ ကျပ်တစ်သိန်းနှင့် အထက်မှာသာရှိနေသည်ဟု သိရသည်။

ကလေးမြို့တွင် အိမ်ငှားခ အပါအဝင် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်လာကြသည့် ပြည်သူများသည် လစဉ် အိမ်ငှားခ ပုံမှန်ပေးဆောင်ရန်ပင် အခက်အခဲဖြစ်နေကြရသည်ဟု ကလေးမြို့ပေါ်တွင် (၂) နှစ်အကြာ စစ်ဘေးရှောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီကို ရောက်တာက နှစ်အရတော့ ကြာပြီဆိုပေမယ့်လည်း အလုပ်ကရှားတော့ အိမ်ငှားခတောင် လကုန်ရင်ပေးဖို့ မနည်းရှာရတယ်။ အလုပ်ဆိုရင် ကြုံရာ အကုန်လုပ်တာပဲ။ ရတဲ့ငွေထက် ထွက်တဲ့ငွေက ပိုများတယ်။ ခက်ခဲတာပေါ့လေ။ တချို့စစ်ရှောင်တွေဆိုရင် မိသားစု (၂) စုပေါင်းပြီး ကြီးတဲ့အိမ်ကို ပေါင်းငှားကြတယ်။ အဲ့လိုဆိုရင် နည်းနည်း ဈေးသက်သာတာပေါ့” ဟု စစ်ဘေးရှောင်အမျိုးသားက ပြောသည်။

ကလေးမြို့တွင် ချင်းပြည်နယ်အပါအဝင် အနီးနားပတ်ဝန်းကျင် ကျေးရွာများမှ စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးတိမ်းရှောင်လာသူ ထောင်ချီရှိနေသေးပြီး အများစုမှာ အိမ်ငှါး၍ဖြစ်စေ၊ အသိမိတ်ဆွေများထံတွင်ဖြစ်စေ ခိုလှုံနေထိုင်နေကြရသည်ဟု သိရသည်။

ယခုလက်ရှိ ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှု ယခင်ကထက် မရှိသလောက် နည်းပါးလာသည်ဟု သိရသည်။

သို့သော်လည်း စစ်ကောင်စီတပ်ဖွဲ့သည် စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ လူငယ်များအား ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်နေပြီး ရပ်ကွက်အတွင်း ဝင်ရောက်စစ်ဆေးခြင်း၊ အရပ်ဝတ်များဝတ်ဆင်ကာ သွားလာလှုပ်ရှားခြင်းများ ပြုလုပ်လာကြောင်း သိရသည်။

Most read this week

ကလေးမြို့မြင်ကွင်း။
February 7, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီ၏ စစ်မူထမ်းဥပဒေကြောင့် လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရသည်ဟု...
February 6, 2025
ချင်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များတွင် လူကြီး၊ ကလေးမရွေး ဝမ်းပျက်ဝမ်းလျှောရောဂါ၊...