လားရှိုးမြို့ပေါ် ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့ MNDAA ဖွဲ့စည်း

လားရှိုးမြို့ပေါ် ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့ MNDAA ဖွဲ့စည်း
လားရှိုးမြို့ပေါ် လုံခြုံရေးယူထားသည့် ကိုးကန့်တပ်ဖွဲ့ (ပုံဟောင်း)
လားရှိုးမြို့ပေါ် လုံခြုံရေးယူထားသည့် ကိုးကန့်တပ်ဖွဲ့ (ပုံဟောင်း)

သျှမ်းပြည်၊ လားရှိုးမြို့ပေါ် ရပ်ကွက်တိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားပေးပြီး ဖမ်းဆီးရမိသည့် ခိုးဆိုးလုနှိုက်နှင့် စစ်ကောင်စီသတင်းပေးများကို ပြစ်ဒဏ်ချမှတ်နေကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ပထမပတ်မှစတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်တိုင်းတွင် ဒေသခံများပါဝင်သည့် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ဖမ်းဆီးရမိသည့် ခိုးဆိုးလုနှိုက်နှင့် စစ်ကောင်စီသတင်းပေးများကို MNDAA စစ်ရေးကော်မတီက ပြစ်ဒဏ်ချမှတ်နေကြောင်း လားရှိုးဒေသခံများက ပြောသည်။

“လူတွေက ရပ်ကွက်ထဲကလူတွေပဲ ပြန်ဖွဲ့ထားတာ၊ အထက်ကလူတွေကို ကျနော်တို့လည်း မမြင်ဖူးဘူး။ အလုပ်လုပ်ကြတာတော့ အရင်ကလိုပဲလေ၊ ဒါပေမယ့် ထိရောက်တယ်။ သူခိုးဘိန်းစား ဖမ်းဆို အကုန် တကယ်ဖမ်းတယ်၊ တကယ် အရေးယူတယ်။ လောလောဆယ်ပဲ အဆင်ပြေနေတာလား၊ နောက်ဆို တူတူဖြစ်လာမလား အတိအကျ မပြောရဲဘူး” ဟု အသက် (၄၀) ကျော်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် MNDAA မှ ဖွဲ့စည်းပေးထားသည့် လုံခြုံရေးအဖွဲ့များမှ သူခိုးဓားပြ ပပျောက်ရေးနှင့် ပြည်သူလုံခြုံရေးအတွက် နေ့ညမပြတ် ကင်းလှည့်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ရပ်ကွက်အတွင်း ဖမ်းဆီးရမိသည့် ခိုးဆိုးလုနှိုက်နှင့် စစ်ကောင်စီသတင်းပေးများကို MNDAA စစ်ရေးကော်မတီသို့ လွှဲပြောင်းပေးပြီး ၎င်းတို့မှ စစ်ဆေးကာ ပြစ်ဒဏ်ချမှတ်ကြောင်း လားရှိုးမြို့ ရပ်ကွက်လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဖြေကြားသည်။

“ခိုးဆိုးလုနှိုက်နဲ့ စစ်ကောင်စီသတင်းပေး ဘာညာဆိုရင် စစ်ဦးစီးချုပ်နဲ့ သတင်းပေးပြီးမှ ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ချပေးတာတော့ရှိတယ်ဗျ။ စစ်ကောင်စီသတင်းပေး မှန်/မမှန်ကတော့ လုံခြုံရေးနဲ့ရဲ ပူးပေါင်းပြီးတော့ ဖမ်းဆီးရမိတယ်ဆိုရင် စစ်ရေးကော်မတီကို လွှဲပြောင်းပေးမှုတွေရှိတယ်၊ စိစစ်တဲ့အပိုင်းကတော့ သူတို့အပိုင်း ဖြစ်သွားတာပေါ့” ဟု လားရှိုးမြို့ ရပ်ကွက်လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ရရှိနေပြီး ယခင်က အသုံးပြုခဲ့သည့် Starlink စတားလင့် ဝိုင်ဖိုင်များကို လုံခြုံရေးအဖွဲ့များမှ သိမ်းယူသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလမှစတင်ပြီး လားရှိုးမြို့ပေါ် ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် လူဦးရေစာရင်းကို ကိုးကန့်တပ်ဖွဲ့မှ ကောက်ယူခဲ့ပြီး လတ်တလောတွင် ကားနှင့် ဆိုင်ကယ်စာရင်းများကို ထပ်မံကောက်ခံနေရာ အခွန်ကောက်ခံမည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။

“လူစာရင်းလည်း ဟိုတလောက ကောက်ပြီးသွားပြီ။ အခု ဆိုင်ကယ်၊ ကား စာရင်းတွေ လိုက်ကောက်‌နေတယ်၊ အခွန်တွေ လာတော့မယ်ထင်တယ်။ ကားဆိုရင် အင်ဂျင်နံပါတ်၊ ဘောင်နံပါတ် အဲ့တာတွေရော တောင်းတာ။ မြို့ပြင်ထွက်ရင် တန့်ယန်းလမ်းခွဲနားမှာ လမ်းတံတားကြေး ၁,၀၀၀ ဆောင်ရတယ်” ဟု လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ထားသည်မှာ ၄ လကျော် ကြာမြင့်လာပြီးနောက် ဒေသခံအချို့သည် လေကြောင်းအန္တရာယ် စိုးရိမ်မှုအကြား နေရပ်ပြန်ကာ စီးပွားရေးပြန်လည်ပတ်နိုင်ရန် လုပ်ဆောင်နေပြီး လားရှိုးရေပူစမ်းကိုလည်း ဒီဇင်ဘာလ ပထမပတ်အတွင်း ပြန်လည်ဖွင့်လှစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်နိုင်ငံတွင် ဆေးကုသမှုခံယူနေသည့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံက အကျယ်ချုပ် ဖမ်းဆီးထားကြောင်း သတင်းထွက်ပေါ်ပြီးနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့အထိ သိမ်းပိုက်ထားနိုင်သည့် ကိုးကန့်တပ်ဖွဲ့သည့် ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ဒီဇင်ဘာလ (၃) ရက်တွင် ထပ်မံထုတ်ပြန်ထားသည်။

January 15, 2025
ကျေးသီးမြို့နယ် ထဲက ကျန်းမာရေးစောင့်ရှောက်မှု သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း...
January 14, 2025
သဲကျောက်မြေအိတ်များဖြင့် အထပ်ထပ်ကာရံထားသော မယ်ဆိုင်မြစ် ကမ်းပါးမှ မြန်မာဘက်ခြမ်းကို...
ပုံစာ - နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် SSPP မှ စစ်သင်တန်းပေးနေစဉ်
January 14, 2025
သျှမ်းပြည်၊ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအုပ်စုတွင် သျှမ်းတပ် SSPP/SSA မှ...
January 13, 2025
သျှမ်းတောင်၊ ရပ်စောက်မြို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်မည်ဆိုသည့် သတင်းများ...