SSPP/SSA လှုပ်ရှားနယ်မြေများတွင် စက်သုံးဆီများ ပြတ်လပ်နေ

SSPP/SSA လှုပ်ရှားနယ်မြေများတွင် စက်သုံးဆီများ ပြတ်လပ်နေ

ရှမ်းပြည်တိုးတက်ရေးပါတီ - ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေများတွင် စက်သုံးဆီများ ပြတ်လပ်နေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီမှ စက်သုံးဆီတင်သွင်းမှုများကို ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် မိုင်းနောင်၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းကိုင်၊ မိုင်းရယ် စသည့် (SSPP/SSA) လှုပ်ရှားနယ်မြေများတွင် စက်သုံးဆီများ ပြတ်လပ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်မှစတင်၍ သျှမ်းပြည် တောင်ပိုင်းနှင့် အ‌ရှေ့ပိုင်းတွင် စက်သုံးဆီ တင်ဆောင်သည့် ကားများသည် နယ်မြေဖြတ်ကျော်ရန်အတွက် စစ်ကောင်စီ၏ နယ်မြေဗျူဟာမှူးထောက်ခံစာ အထောက်အထားများ စစ်ဆေးပြီးနောက် ထိုမြို့နယ်များတွင် စက်သုံးဆီများ စတင်ပြတ်လပ်နေကြောင်း သိရသည်။

“တောင်ကြီးမြို့ အထွက်မှာ ဆီဘောက်ဆာကားတွေ တန်းစီနေတာပဲ။ အဲ့ မိုင်းနောင်၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းကိုင်၊ မိုင်းရယ်ကိုသွားမဲ့ကားတွေ။တောင်ကြီးကနေ လဲချားထိတော့ ဆီဆိုင်တွေက ဖွင့်တယ်။ လဲချား ဟိုဘက်ဆက်သွားရင်တော့ သိပ်မသေချာတော့ဘူး။ လိုင်စင်ပြရတာဆိုတော့ မြို့တွေပါတယ်လေ။ မြို့တွေကြည့်ပြီး သူတို့က ပေးမဖြတ်တာ။ အခုထိ ကားတွေရပ်ထားတုန်း။ ဆီဘောက်ဆာကားတွေက” ဟု တောင်းကြီးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ မိုင်းရှူးမြို့နယ်တွင် စက်သုံးဆီများပြတ်လတ်နေပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် လုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း မိုင်းရှူးမြို့‌ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့ထဲမှာက ဆီဆိုင်ကြီးတွေကတော့ ပိတ်ထားတာကြာပြီ။ ဆီကားတွေ မဝင်တာလည်း ၁ ပတ်လောက်ရှိပြီ။ တချို့ ဆိုင်သေးလေးတွေပဲ ဖွင့်တာ။ ဖွင့်လည်း အချိန်ပိုင်းလောက်ပဲ။ စက်သုံးဆီတွေပြတ်တာကတော့ မိုင်းနောင်ထိပဲ။ ယာတွေ ဘာမှလုပ်လို့မရတော့ဘူး ဒီနှစ်တော့။ ပြောင်းဖူးတွေက မရောင်းရသေးဘူး။ ဆီဈေးတွေကတက် ယာတွေလုပ်ဖို့ လယ်ထွန်စက်ငှားရင် ၁ နာရီ ၁ သိန်းကျော်လောက်ပေးရတော့ အကုန်ရပ်ထားရတာလေ” ဟု မိုင်းရှူးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စက်သုံးဆီများပြတ်လတ်မှုကြောင့် အခြားသော မြို့နယ်ဒေသခံများ၏ စီးပွားရေး၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအချို့ကို ရပ်ဆိုင်းထားရပြီး သွားလာခြင်းတွင်လည်း ခက်ခဲမှုများ ကြုံတွေ့နေကြကြောင်း ဒေသခံများက ပြောသည်။

ထိုပြင် စက်သုံးဆီဆိုင်ကြီးများတွင် လိုင်စင်များ ပြန်လည်လျှောက်နေရပြီး လက်ရှိတွင် ဒိုင်ကြီးများထံ စက်သုံးဆီများကို ဝယ်ယူပါက ၎င်းတို့က ခွဲတန်းဖြင့်သာ ရောင်းချပေးသည့်အတွက် စက်သုံးဆီဆိုင်ပိုင်ရှင်အချို့ ဆီဆိုင်များကို ပိတ်ထားရကြောင်း ဆီဆိုင်ပိုင်ရှင်နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

တောင်ကြီးမြို့ရှိ ၄ မိုင် စစ်ဆေးရေးဂိတ်နှင့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ စစ်ဆေးရေးဂိတ်၊ တာကော်တံတားရှိ စစ်ဆေးရေးဂိတ်တို့တွင် စက်သုံးဆီကားများ နယ်မြေဖြတ်ကျော်ရန် စစ်ကောင်စီတပ်၏ ခွင့်ပြုချက် အထောက်အထားများ ရှိရမည်ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်းရှိ မြို့ကြီးများတွင် စစ်ကောင်စီလက်အောက်ခံ ဂိတ်များမှ မြောက်ပိုင်းသို့ တင်သွင်းနေသည့် ကုန်စည်စီးဆင်းမှုများကို ကန့်သတ်တားမြစ် ပိတ်ပင်လိုက်သဖြင့် ပြည်သူများ ပိုဒုက္ခရောက်နေရကြောင်း သိရသည်။

Most read this week

January 11, 2025
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က “၁၀၂၇ စစ်ဆင်ရေး” အတွင်း...
သျှမ်းမြောက် ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာ
January 9, 2025
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ် ထိန်းချုပ်ထားသည့် နယ်မြေများသို့ စစ်ကောင်စီတပ်မှ...
January 8, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီနှင့် ပျူစောထီးများက...
January 7, 2025
သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ...