နန်းဖဲ စစ်ရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားသူ များပြားနေဆဲ၊ ဆေးဝါးအကူအညီ လိုအပ်နေ

နန်းဖဲ စစ်ရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားသူ များပြားနေဆဲ၊ ဆေးဝါးအကူအညီ လိုအပ်နေ

ကရင်နီပြည်၊ ဖရူဆို – ဘောလခဲမြို့အစပ်မှာရှိတဲ့ နန်းဖဲ စစ်ရှောင်စခန်းတွေမှာ အောက်တိုဘာလက စတင်ဖြစ်ပွားတဲ့ ငှက်ဖျားရောဂါဟာ လက်ရှိအချိန်ထိ ဖြစ်ပွားနေဆဲဖြစ်ပြီး ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။

ငှက်ဖျားရောဂါကို ၅ နှစ်အောက်ကလေးငယ်တွေ၊ ကျောင်းသား/ကျောင်းသူတွေအပါအဝင် လူကြီးတွေမှာလည်း ဖြစ်နေကြတာပါ။

အဆိုပါ အခြေအနေနဲ့ပတ်သက်ပြီး ကျန်းမာရေးဆရာမတစ်ဦးက “ဒီလထဲမှာ ပိုများလာတယ်။ လျော့တယ်လို့တော့ ပြောလို့မရဘူး။ ငှက်ဖျားတော့ အဖြစ်များနေတယ် ရွာထဲမှာတော့ ကူးစက်မှုတွေလည်းရှိတယ်။ ရန်ပုံငွေနဲ့တော့ နောက်ပိုင်း လည်ပတ်ဖို့ရှိတယ်။ IEC နဲ့တော့ ချိတ်ဆက်ထားတယ်။ မရသေးဘူးပေါ့။ ကိုယ့်ဟာနဲ့ကိုယ် အလှူရှင်ရှိနေသေးတယ်။ အလှူရှင်ရှိတယ်ဆိုတာ တစ်ကြိမ်လှူဒါန်းထားတဲ့ဟာပေါ့။ အခကြေးငွေအနေနဲ့ ဆေးဖိုးပြန်ယူပြီး ပြန်လည်ပတ်ရတာပေါ့။ အခမဲ့တော့ မပေးနိုင်သေးဘူး” လို့ ပြောပါတယ်။

သုံးလအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၁၀၀ ဝန်းကျင်ရှိပြီး ၅ နှစ်အောက် ကလေးငယ်တွေလည်း ငှက်ဖျားရောဂါ ကူးစက်ခံရတာရှိတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းတွေမှာ ဆေးပေးခန်းမရှိသလို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အဖွဲ့အစည်းတွေလည်း လက်လှမ်းမမှီတာကြောင့် ဆေးဝါးလိုအပ်ချက်လည်း ရှိနေတယ်လို့ ဆိုပါတယ်။

“အရင်တုန်းကဆိုရင် ၅ နှစ်အောက်ကလေး ငှက်ဖျားဖြစ်တာ မတွေ့ရပေမယ့် ဒီနောက်ပိုင်းမှာ ဖြစ်လာတာရှိတယ်။ ကူးစက်မှုတွေရှိနေတဲ့အတွက် ၅ နှစ်အောက် ကလေးတွေလည်း ဖြစ်လာတော့ ဘယ်လိုပဲပြောပြော လူကြီးနဲ့ယှဉ်ရင်တော့ အသက်အန္တရာယ်နဲ့ ပိုနီးတာပေါ့နော်။ ဖြစ်တဲ့သူတွေက တစ်လကို ၁၀ ယောက်၊ ၁၀ ယောက် ဝန်းကျင်ရှိတယ်။ ၃ လဆိုလို့ရှိရင်တော့ အယောက် ၃၀၊ ၄၀ ဝန်းကျင်မှာရှိတယ်” လို့ အဆိုပါ ကျန်းမာရေးဆရာမက ဆက်ပြောပါတယ်။

ကျောင်းနေအရွယ် ကလေးတွေ ငှက်ဖျားရောဂါ ကူးစက်မှုရှိတာကြောင့်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက စစ်ရှောင်စာသင်ကျောင်းကို ပိတ်ထားလိုက်ရပါတယ်။

“ဒီတစ်နှစ်လည်း ငှက်ဖျားတော်တော်ဖြစ်တယ်။ အဲ့အတွက်လည်း ကျောင်း ၈ ရက်လောက် ပိတ်လိုက်ရတယ်။ တစ်ကျောင်းလုံးနီးပါး ဖြစ်သွားတယ် ငှက်ဖျားက။ အရင်တစ်လထဲမှာပေါ့။ တုပ်ကွေးတော့ တချို့ဖြစ်ကြတယ်။ အများကြီးတော့မဖြစ်ဘူး။ ငှက်ဖျားတော့ တော်တော်များတယ်” လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

အဆိုပါ ငှက်ဖျားရောဂါဖြစ်ပွားနေတဲ့ နန်းဖဲစစ်ဘေးရှောင်စခန်း ၃ ခုကတော့ နှောင်လုံ၊ ဝေကျခေါ၊ တဂေးလဲ ဖြစ်ပြီး စုစုပေါင်း အိမ်ခြေ ၂၅၅ အိမ်ရှိကာ လူဦးရေ ၈၀၀ ကျော်အထိ နေထိုင်နေပါတယ်။

၂၀၂၄ ခုနှစ် ၊ မေလကစပြီး ကရင်နီပြည်က ဖရူဆို၊ ရှားတော၊ ဒီးမော့ဆို၊ ဖားဆောင်း၊ ဘောလခဲ စတဲ့မြို့နယ်အတွင်းက ကျေးရွာ၊ စစ်ဘေးရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါ စတင်ဖြစ်ပွားခဲ့ကြတာပါ။

လက်ရှိ စစ်ရှောင်တွေဖြစ်နေကြတဲ့ ငှက်ဖျားရောဂါအမျိုးအစားကတော့ Plasmodium Vivax (P.V) နဲ့ Plasmodium falciparum (P.F) ဖြစ်ပြီး PV အမျိုးအစား အဖြစ်များတယ်လို့ သိရပါတယ်။

January 6, 2025
၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့...
January 2, 2025
၂၀၂၅ နှစ်သစ်ကူးညမှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းနဲ့...
December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...