မွန်ပြည်နယ်မှာ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး GDP မြင့်မားလာရေးနဲ့ ဒေသအတွင်းရှိ စီးပွားရေးကဏ္ဍကြီး ၃ ခု ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်ရမယ်လို့ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကြွေးကြော်ပါတယ်။
မွန်ပြည်နယ် စစ်ကောင်စီဟာ ဒီဇင်ဘာ ၂ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်ရေး၊ GDP တိုးတက်ရရှိရေးနဲ့ ကုန်ထုတ်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ ဦးအောင်ကြည်သိန်းက GDP မြင့်မားဖို့အတွက် စီးပွားရေးကဏ္ဍကြီး ၃ ခုမှာ အဓိကကျတဲ့ လယ်ယာကဏ္ဍကြီး ထုတ်လုပ်မှုတိုးတက်မှသာ အခြားကဏ္ဍကြီးတွေဖြစ်တဲ့ စက်မှုကဏ္ဍကြီးနဲ့ ဝန်ဆောင်မှုကဏ္ဍကြီးတွေပါ ဆက်စပ်တိုးတက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်ဖို့ လိုအပ်တဲ့ အရင်းအနှီးတွေကို နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေမှရရှိဖို့ ဆောင်ရွက်ပေးထားပြီးဖြစ်တာကြောင့် အမှန်တကယ် ထုတ်လုပ်မှုတိုးတက်ဖို့နဲ့ တိုးတက်ထုတ်လုပ်မှုစာရင်းကို GDP တွက်ချက်ရာမှာ ထည့်သွင်းဖို့ ညွှန်ကြားခဲ့တာပါ။
စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကတော့ မွန်ပြည်နယ်ဟာ ထုတ်ကုန်အနည်းအကျဉ်းသာရှိတဲ့အတွက် ဒေသထွက်ကုန်တွေ ဈေးကောင်းရမှ GDP တက်လာမှာဖြစ်ပေမယ့် လက်ရှိ ကုန်သွယ်ရေးအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မရှိတဲ့အတွက် GDP တက်လာနိုင်စရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။
“အဓိက မွန်ပြည်နယ် ထုတ်ကုန်က ရော်ဘာရယ်။ နောက် ရေလုပ်ငန်းရယ်။ ပြီးတော့ ဆားလုပ်ငန်းတွေ အနည်းအကျဉ်းရှိမယ်။ အခုဟာက ဘာမှမကောင်းနေဘူး။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကလည်း သိပ်ပြီးမှ အဆင်မချောတော့တာကိုး။ ကျန်တဲ့ကဏ္ဍတွေကတော့ သိပ်မှ များများစားစားမှ မရှိတာ။ မွန်ပြည်နယ်မှာ GDP တက်လာဖို့ဆိုတာက ဒီပရောဂျက်တွေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အဲဒါတွေကလည်း သိပ်တော့မရှိဘူးလေ။ ကျွန်တော့်အမြင်ပေါ့နော်။ သိပ်ဟုတ်တိပတ်တိတော့ တက်လာစရာအကြောင်းတော့ မရှိဘူးပေါ့လေ” လို့ ဆိုပါတယ်။
စစ်ကောင်စီက GDP မြင့်တက်လာအောင် ဒေသတွင်းထုတ်ကုန်တွေ ထုတ်ခိုင်းပေမယ့် သွင်းအားစုဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာ၊ ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမားနေတာအပြင် ဈေးနှုန်းကြီးမြင့်မှုကြောင့် အရင်လို ဝယ်ယူသုံးစွဲသူ နည်းပါးလာတာကြောင့် အပြည့်အဝ ထုတ်လုပ်နိုင်မှာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။
ဒါပေမယ့် ဦးအောင်ကြည်သိန်းကတော့ စက်မှုလက်မှုကဏ္ဍမှာ စက်မှုကြီးကြပ်နဲ့ အသေးစား စက်မှုလုပ်ငန်းမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေ၊ စည်ပင်သာယာက ခွင့်ပြုထားတဲ့ လုပ်ငန်းတွေမှာ ထုတ်လုပ်မှု တိုးတက်စေဖို့ အရင်းအနှီးလိုအပ်သူတွေကို MSME ချေးငွေရရှိအောင် ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပါတယ်။
စီးပွားရေးလုပ်ငန်းရှင် နောက်တစ်ဦးကလည်း မြေပြင်မှာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ မလွယ်ကူတာ၊ သယ်ယူပို့ဆောင်ရေးတွေမှာ မလိုအပ်တဲ့ အခွန်အခဂိတ်ကြေးတွေ၊ လွတ်လပ်စွာ ရောင်းဝယ်ခွင့်တွေ မရှိတဲ့အတွက် GDP တက်လာဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
“အဓိကတော့ သယ်ယူပို့ဆောင်ရေးပေါ့။ ဒီဆက်သွယ်ရေးပိုင်းဆိုင်ရာတွေ သယ်ယူပို့ဆောင်ရေးပိုင်းဆိုင်ရာတွေက အခက်အခဲ အများကြီးရှိတယ်လေ။ အတားအဆီတွေ မလိုအပ်ဘဲနဲ့ ပေးဆောင်ရတဲ့ အခွန်အခတွေပေါ့။ ဂိတ်ကြေးတွေ အဲဒါတွေကလည်းပဲ GDP တက်ဖို့/ကျဖို့ဆိုတဲ့နေရာမှာ သူတို့ကလည်း အများကြီး အခန်းကဏ္ဍက ပါတာကိုး။ နောက်တစ်ခု စီးပွားရေးမှာ လွတ်လပ်စွာရောင်းဝယ်ခွင့်ဆိုတာကလည်း အခုချိန်မှာ တော်တော်လေး အကန့်အသတ်တွေ များသွားပြီးဖြစ်တဲ့အတွက် ဒီဟာကြီးကတော့ ယုတ္တိဗေဒမဆန်ဘူးပေါ့” လို့ ဆိုပါတယ်။
ဒါ့အပြင် ထုတ်ကုန်တစ်ခု ထုတ်လုပ်တဲ့နေရာမှာ အရင်းအနှီးတွေ၊ ကုန်ကြမ်းပစ္စည်းတွေအပြင် လူ့စွမ်းအားအရင်းအမြစ်တွေလည်း လိုအပ်ပြီး လက်ရှိ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ဒေသတွင်းက လူငယ်လူရွယ်အများစု ပြည်ပနိုင်ငံတွေကို ထွက်ခွာမှု မြင့်တက်နေတာကြောင့် တိုးတက်အောင်ထုတ်လုပ်ဖို့ မလွယ်ကူဘူးလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဘက်က GDP တိုးတက်အောင် ဆောင်ရွက်မယ်လို့ ပြောဆိုနေပေမယ့် ဒေသတွင်းက စီးပွားရေးလုပ်ငန်းတွေဟာ ကုန်ကျစရိတ် ကြီးမြင့်မှုအပါအဝင် လျှပ်စစ်မီးရရှိမှု မမှန်တာကြောင့် လုပ်ငန်းတိုးချဲ့ဖို့ထက် လုပ်ငန်းပုံမှန်လည်ပတ်နိုင်ဖို့အတွက်တောင် အခက်အခဲဖြစ်နေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။
ကမ္ဘာ့ဘဏ်ကလည်း အာဏာသိမ်းကာလအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာ့စီးပွားရေးအခြေအနေဟာ တိုးတက်မှုနှုန်း အားတက်စရာမရှိဘဲ ကျဆင်းနေဦးမှာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်အထိ မရေရာမသေချာသေးဘူးလို့ သတိပေးထားပါတယ်။
နိုင်ငံတကာ အစားအသောက်မူဝါဒ သုတေသနဌာန IFPRI က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ မြန်မာနိုင်ငံရဲ့ အိမ်ထောင်စု ၄၀ ရာခိုင်နှုန်းဟာ အရင်ကထက် ဝင်ငွေကျဆင်းနေပြီး စီးပွားရေးအခြေအနေတွေ ပိုဆိုးလာကာ အနာဂတ်အတွက် မရေရာမှုတွေ ပိုများလာတယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။