ထားဝယ်ဘုရားမဲတောင် စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ဖြစ် ဒေသခံများ ပိတ်မိနေ

ထားဝယ်ဘုရားမဲတောင် စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ဖြစ် ဒေသခံများ ပိတ်မိနေ

ရန်ကုန်-ထားဝယ် အဝေးပြေးလမ်းမကြီးပေါ်ရှိ ဘုရားမဲတောင် စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှစ်ခုကို ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တိုက်ပွဲအခြေနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။ စစ်တပ်ဘက်ကတော့ သေဆုံးမှုတွေ ရှိနေပါတယ်။ လက်ရှိမှာတော့ စစ်ရေးတင်းမာနေတဲ့ အခြေနေမှာရှိတယ်။ အဲ့ဒီဂိတ်စခန်းနှစ်ခုက မကြာခဏ တိုက်ခိုက်ခံရတဲ့နေရာဖြစ်တယ်။ စစ်တပ်ဘက်ကလည်း အင်အားဖြည့်တင်းမှု လုပ်ဆောင်နေတာတွေ ရှိပါတယ်” ဟု ၎င်းက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ယခုလို တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ရန်ကုန်-ထားဝယ် ကားလမ်းတစ်လျှောက် ခရီးသည်နှင့် ကုန်တင်ယာဉ်များ ပိတ်မိနေပြီး စစ်ကောင်စီက ထားဝယ်မြို့အဝင်ဂိတ် ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ပြီး မွန်းလွဲပိုင်းတွင် ပြန်ဖွင့်ပေးခဲ့သည်ဟု တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီဂိတ်စခန်းနှစ်ခု၌ တိုက်ပွဲဖြစ်နေချိန်အတွင်း ထားဝယ်ဘက်မှ တပ်အင်အားဖြည့်တင်းရန် စစ်ကူလာသည့် စစ်ကောင်စီတပ်သားများကိုလည်း ဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်များမှ ဇဟာကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“မောင်မယ်ရှောင်ရွာမှာတော့ ဒေသခံတွေ မရှိတော့ဘူး။ ဘာလို့လည်းဆိုတော့ တစ်ခုခုဆို စစ်တပ်ကရွာဘက်ကို လက်နက်ကြီးနဲ့ပဲပစ်တော့ ရွာလုံးကျွတ် စစ်ဘေးရှောင်ကုန်ပြီ။ အိမ်တွေကိုပစ်ပြီးတော့။ လမ်းသွားလမ်းလာတွေ ပိတ်မိနေတာမျိုးတော့ရှိတယ်” ဟု ဒေသခံတဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မောင်မယ်ရှောင်ကျေးရွာသည် ထားဝယ်မြို့နှင့် (၇) မိုင်ခန့်သာကွာဝေးပြီး ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်တွင်တည်ရှိကာ အိမ်ထောင်စုပေါင်း ၉၀၀ နီးပါးအထိရှိသည့် ကျေးရွာဖြစ်သည်။

ယခုလဆန်းပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မောင်မယ်ရှောင်ကျေးရွာအတွင်းရှိ နေအိမ်အလုံး ၁၀၀ ကျော်ကို ဖောက်ထွင်းယူဆောင်မှုများ ပြုလုပ်ခဲ့သေးသည်။

ယခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့် နေရာများသည် စစ်ကောင်စီယာဥ်တန်းများ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံနေရသည့် နေရာအများစုဖြစ်ကြောင်း ထားဝယ်ဒေသခံများထံမှ သိရသည်။

Most read this week

January 6, 2025
KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ ကနဲလေးထ...
January 6, 2025
ဖားအံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ဒုံရင်းနှင့် ထီလုံ စသည့်...
January 4, 2025
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ပေါ်ရှိ ရပ်ကွက်များတွင် ...
January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...