စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရသူတို့ ၁၆ ရက်တာလှုပ်ရှားမှုတွင် ပိုမိုပူးပေါင်းပါဝင်လာ

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရသူတို့ ၁၆ ရက်တာလှုပ်ရှားမှုတွင် ပိုမိုပူးပေါင်းပါဝင်လာ

စစ်အာဏာသိမ်း ပဋိပက္ခကာလအတွင်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရသည့် အမျိုးသမီးအပါအဝင် LGBTQ+ တို့လည်း ၁၆ ရက်တာလှုပ်ရှားမှုအတွင်း ထုတ်ဖော်ဆွေးနွေးပါဝင်မှု ပိုမိုများလာသည်ဟု LGBTQ+ အရေးဆောင်ရွက်နေသူတို့၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် နိုင်ဝင်ဘာ ၂၅ ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့မှစ၍  ၁၆ ရက်တာလှုပ်ရှားများကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ခေါင်းစဉ်ဖြင့် မွန်၊ကရင်၊ တနင်္သာရီတွင် ယမန်(၂၀၂၃ ) နှစ်တို့ထက် နေရာတိုးချဲ့လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

အထူးသဖြင့် ဓမ္မသဖြစ်စဉ်နှင့် စစ်မှုထမ်းဥပဒေကြောင့် အသက်ပြည့်ပြီး LGBTQ+ လူငယ်နှင့် အမျိုးသမီးတို့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု များနေခြင်းကြောင့် ဖွင့်ဟပြောဆိုကာ ပူးပေါင်းပါဝင်လာသည်ဟု ၁၆ ရက်တာ လှုပ်ရှားမှုအတွင်း No profile ပုံစံဖြင့် ပါဝင်လှုပ်ရှားနေသည့် LGBTQ+ အရေးဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

"လူ့အခွင့်အရေးတွေ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအခွင့်အရေးတွေ သိလာတာကြောင့် အများကြီးပါဝင်လာတယ်၊ အမျိုးသမီးတွေဆိုလည်း အနာဂတ်မှာ ဘာတွေထပ်ဖြစ်လာမှာ မသိပေမဲ့ သူတို့အရင်အကြမ်းဖက်ခံခဲ့ရတဲ့ အဖြစ်တွေကို ဖွင့်ဟပြောလာတယ်၊ သူတို့အပေါ် အနိုင်ကျင့်တဲ့လူတွေကိုလည်း ဆန့်ကျင်ရဲလာတယ်ဟု ဆိုသည်။

ကျား ၊မ အကြမ်းဖက်မှု ကျူးလွန်သူများကို ချွင်းချင်မရှိ အပြစ်ပေးနိုင်ရေး၊ အမျိုးသမီးများအပေါ် စော်ကားနှောင့်ယှက်မှုများကိုဆန့်ကျင်သည့် အသံနှင့်ပါဝင်မှုမြှင့်တင်ရန်၊ ကျူးလွန်သူများအနေဖြင့် ဝန်ချတောင်းပန်ရန်နှင့် ဆက်လက်မကျူးလွန်ရန် ကတိပြုရန်ရည်ရွယ်ပြီး လက်ရှိ ၁၆ ရက်တာလှုပ်ရှားမှုကို CBO အဖွဲ့များ၊ လူငယ်များအဖွဲ့၊ မြို့နယ်အမျိုးသမီးများအဖွဲ့တို့ ပူးပေါင်းပြီး လှုပ်ရှားဆောင်ရွက်လျှက်ရှိသည်။

မွန်၊ကရင်၊တနင်္သာရီအတွင်းရှိ စစ်ရှောင်စခန်းနှင့် လွတ်မြောက်နယ်မြေတို့အပြင်  ကြာအင်းဆိပ်ကြီး၊မော်လမြိုင်နှင့် ရေဖြူတို့တွင်လည်း အသိပညာပေးလှုံ့ဆော်မှု လုပ်ဆောင်နိုင်သည့်နေရာတို့တွင် ဆောင်ရွက်လျှက်ရှိသည်။

“ဒီနှစ်ရဲ့ အထူးအစီအစဉ်က အကြမ်းဖက်ခံရသူအမျိုးသမီးများအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တာရှိတယ်၊ ရင်ဖွင့်အသံတွေကို နားထောင်ပေးပြီး နှစ်သိမ့်ဆွေးနွေးမှုနဲ့ စိတ်ခွန်အားပေးတဲ့အပိုင်းတွေရှိမယ်၊ အကြမ်းဖက်ခံရတဲ့ risk cases တွေကို အင်တာနက်ရှင်နယ်အထိ တင်ပြချင်တာတွေကိုလည်း ကူညီပေးသွားဖို့ အစီစဉ်ရှိတယ်"ဟု မိအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဒါ့အပြင် တိုင်းရင်းသူအမျိုးသမီးတို့အပါအဝင် နိုင်ငံတစ်ဝှမ်းရှိအမျိုးသမီးများ အကြမ်းဖက်မှု အဆုံးသတ်ရန် လူအားလုံး၏ တာဝန်ဖြစ်သည်ဟုလည်း ဆက်ပြောသည်။

မြန်မာအမျိုးသမီးများသမဂ္ဂ BWU ၏ စာရင်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်တပ်အာဏာသိမ်းထားသည့်သုံးနှစ်အတွင်း အမျိုးသမီး ၈၀၆ ဦး အသတ်ခံရပြီး၊ ၃၃၃၂ ဦးဖမ်းဆီးခံထားရကြောင်း၊ယင်းအထဲတွင် အမျိုးသမီး ၇၈၁ ဦးရှိသည့်အပေါ် အမျိုးသမီးများအကြမ်းဖက်ခံရမှု အဆိုးဆုံးအခြေအနေတွင် ရှိနေသည်ဟု သိရသည်။

နိုဝင်ဘာ ၂၅ ရက်နေ့တွင် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးလူ့အခွင့်အရေးများ ကာကွယ်ရေးနေ့၊ ဒီဇင်ဘာ ၁ ရက်တွင် ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းများနေ့၊ ဒီဇင်ဘာ ၆ ရက်တွင် မွန်ထရီရယ်မြို့ လူသတ်ပွဲနှစ်ပတ်လည်နေ့နှင့် ဒီဇင်ဘာလ ၁၀ ရက်နေ့ လူ့အခွင့်အရေးနေ့ စသည်တို့ကို ၁၆ ရက်တာလှုပ်ရှားမှုအဖြစ် သတ်မှတ်ကျင်းပခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - ပုံဟောင်း
December 23, 2024
မွန်ပြည်နယ်အတွင်းရှိ  အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းကုန်နေသည့် ပရဟိတအသင်းအကြီးအပါအဝင်...
December 19, 2024
တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်...
December 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ...
December 13, 2024
ထိုင်း - မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့အတွင်း အသက် ၁၀ နှစ်အောက်ကလေးပျောက်ဆုံးမှု ယနေ့အထိ...