ပူတာအိုမှာ ဆင်ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး ၂ ဦးထိခိုက်ဒဏ်ရာရ၊ ကား ၅ စီးပျက်စီး

ပူတာအိုမှာ ဆင်ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး ၂ ဦးထိခိုက်ဒဏ်ရာရ၊ ကား ၅ စီးပျက်စီး
ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ

ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅ စီးပျက်စီးပြီး အမျိုးသားတစ်ဦးသေဆုံးကာ  ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ညနေပိုင်း ၅ နာရီဝန်းကျင် ပူတာအိုမရောက်ခင် ၀ဒတ်ရွာ(Wadat mare)နဲ့ မဆွမ်ဇွမ်(Masum Zup) ကျေးရွာတဝိုက် တောဆင်ရိုင်းတစ်ကောင် သောင်းကျန်းနေပြီး လမ်းသွားလမ်းလာပြည်သူတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆင်ကြီးတစ်ကောင်ထွက်လာပြီး လမ်းသွားလမ်းလာပြည်သူတွေကို တိုက်ခိုက်နေတာဟုတ်တယ်။ အဲ့နေ့ညနေက ကား ၅ စီးဟုတ်တယ် ကျနော်တွေ့ခဲ့တာ လူ ၁ ဦးသေသွားတယ်။ ၁ ယောက်က ခေါင်းပေါက်သွားတယ် နောက်တစ်ယောက်က ရင်ဘတ်မှာ သွေးထွက်တယ် ၂ ယောက်ဒဏ်ရာရထားတယ် ကျနော်တွေ့ခဲ့တာ အဲ့လောက်ပဲ။ ကျန်ဘယ်သူတွေ ထိခိုက်သေဆုံးသေးလဲ အသေးစိတ်မသိပါဘူး။” လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ပူတာအိုဒေသခံတစ်ဦး KNG ကို ပြောပါတယ်။

ဆင်ရိုင်းတိုက်ခိုက်လို့ သေဆုံးသွားသူဟာ အသက် ၃၀ ဝန်းကျင်ရှိ ဦးရဲကျော်ဆိုသူဖြစ်ပြီး ပူတာအို- မြစ်ကြီးနားလမ်းပိုင်း ကားပြေးဆွဲတဲ့ ကားသမားဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ ကား ၅ စီးထဲမှာ ဓါတ်ဆီတင်ကားတစ်စီးပါဝင်ပြီး ချောက်ထဲကျသွားတဲ့အပြင် နောက်ထပ်ခရီးသွားကားတစ်စီးလည်း ပျက်စီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူဒေသခံတွေ ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ ဆင်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြစ်ကြီးနား - ဆွမ်ပရာဘွမ်ဘက်ကနေ တက်လာတဲ့ကားတွေလည်း ပြန်လှည့်သွားသူတွေရှိသလို ပူတာအိုကနေဆင်းတဲ့ ကား၊ဆိုင်ကယ်တွေ မဆင်းရဲဘဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

“အဲဒီဆင်ကြီး လမ်းမှာတင်စောင့်နေပြီး ခရီးသွားကားတွေလာပြီဆိုရင် တိုက်ခိုက်တယ်။ မနှစ်တုန်းကလည်း အဲဒီဆင်ပဲ လူသေဆုံးမှုရှိတယ်။ ဒီနှစ်လည်း အခုလို ထိခိုက်သေဆုံးမှုပြန်ဖြစ်တယ်။ ဒီလိုဖြစ်လည်း အရေးပေါ် ကယ်ဆယ်ရေးကားတွေ မရောက်လာနိုင်ဘူး။ ဒီလိုကိစ္စအပေါ် သက်ဆိုင်ရာ အစိုးရက တာဝန်ယူဖြေရှင်းပေးသင့်တယ်လို့တော့ မြင်တယ်။” လို့ နောက်ထပ်ပူတာအိုဒေသခံအမျိုသားတစ်ဦးကလည်း ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာလည်း ပူတာအိုမရောက်ခင် ဆွမ်ပီယန်ကျေးရွာ နှင့် ဖုန်ချန်ကျေးရွာကြားရှိ ဆွမ်ပီယန်ချောင်း (ဒေသအခေါ် အခေးချောင်း) ထဲမှာ လူငယ်သုံးဦး ငါးရှာထွက်စဥ် တောဆင်ရိုင်းတစ်ကောင် ရောက်လာပြီး လိုက်လံတိုက်ခိုက်မှုကြောင့် လူငယ် ၃ ဦးထဲက တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

Most read this week

November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...
October 31, 2024
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို...
October 30, 2024
ကချင်အထူးဒေသ (၁) ဖီမော်မြို့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့...