ဘုရားသုံးဆူမှ ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ စစ်ဆေးဖမ်းဆီးမှုရှိ

ဘုရားသုံးဆူမှ ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ စစ်ဆေးဖမ်းဆီးမှုရှိ

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ တပ်က ပိုမိုတင်းကြပ် စစ်ဆေးမှုလုပ်ဆောင်နေသလို ဖမ်းဆီးမှုများလည်းရှိသည်ဟု ထိုင်းကုန်ပစ္စည်း ရောင်းဝယ်သူများက ပြောသည်။

ထိုင်း-မြန်မာဘုရားသုံးဆူနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းသည် စစ်ကောင်စီဘက်မှ တရားမဝင်သည့် လမ်းကြောင်းဟု သတ်မှတ်ထားကာ သယ်ဆောင်လာသည့် ထိုင်းကုန်ပစ္စည်းများကို ကြာအင်း ဆိပ်ကြီးမြို့နှင့် မော်လမြိုင်မြို့သို့ ရောက်ရှိချိန်တွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ကုန်သည်တစ်ဦးက ပြောသည်။

ဘုရားသုံးဆူမှ ဝင်လာသည့် ကုန်ပစ္စည်းများကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် -DKBA က တာဝန်ယူ အခွန်ကြပ်မတ်ဆောင်ရွက်ပေးခြင်းဖြစ်ကာ ပြည်တွင်းရောက်သည့်အချိန်တွင် စစ်ကောင်စီက ကုန်ပစ္စည်းများကို စစ်ဆေးဖမ်းဆီးနေသည်ဟု ကြားသိရကြောင်း DKBA အမှတ် -၂ စစ်ကွပ်ကဲရေး နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းက ကေအိုင်စီသို့ ပြောသည်။

ဗိုလ်မှူးကြီးစောအေဝမ်းက “ဒီနယ်စပ်က စစ်ကောင်စီဘက်က တရားမဝင်ကုန်သွယ်ရေးနယ်စပ်လို့ သတ်မှတ်ထားတာ ပစ္စည်းတွေဝင်လာရင် တော်လှန်ရေးတပ်ဖွဲ့အတွက် အထောက်အပံ့ဖြစ်စေနိုင်တယ် ဆိုပြီး ဒီဘက်က ဝင်လာတဲ့ ကုန်စည်စီးဆင်းတာတွေကို စစ်ကောင်စီက လိုက်ပိတ်တာတွေ ရှိတယ်။ ဒီမှာကသူတို့လာပိတ်မရတော့ တစ်ခါတစ်လေမှာ ကြာအင်းဆိပ်ကြီးမှာစောင့်ပြီး ဖမ်းတယ်။  တစ်ခါတစ် လေမှာတော့ မော်လမြိုင်ဘက်မှာ ဖမ်းတာတွေလုပ်တယ်” ဟု အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြောသည်။

အများပြည်သူ နေ့စဉ်အသုံးပြုနေသည့် စားသောက်ကုန်ခြောက်များကို ဈေးနှုန်းအဆင်ပြေစွာ ဝယ်ယူ စားသုံးနိုင်ရန် DKBA အနေဖြင့် လုပ်ဆောင်ခွင့်ပြုပေးသော်လည်း ယခုလို ကြာအင်းဆိပ်ကြီးနှင့် မော်လမြိုင် ဘက်ရောက်မှ ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုင်းကုန်စည်များ ပြည်တွင်းရောက်ချိန်မှ စစ်ကောင်စီက ယခုလို ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင် နေသည့်အတွက် ကုန်သည်များအနေဖြင့် ထိုင်းစားသောက်ကုန်ပစ္စည်းများကို စိုးရိမ် စိတ်ဖြင့် သယ်ဆောင်နေရသည်ဟု ကုန်သည်များထံမှ သိရသည်။

“မြဝတီလမ်းဘက်အခြေအနေမကောင်းတော့ ဒီဘက်လမ်းကြောင်းကို သုံးတာများတယ်။ ဒါပေမယ့် အဖွဲ့တွေများတော့ ဂိတ်ကြေးတွေပေးရတာများသွားတယ်။ ကြာအင်းဆိပ်ကြီးမြို့အဝင်ဆိုရင် ကုန်ကား တစ်စီးကို  စစ်ဗျူမှူး(စစ်ကောင်စီ ဗျူဟာမှူး) ကို ၁၃ သိန်း(ကျပ်) အထိပေးရတယ်။ တစ်ခါတစ်လေ စစ်ဆေးတာတွေရှိတယ်။ မော်လမြိုင်မှာတော့ အခုရက်ပိုင်း ထိုင်းကုန်ပစ္စည်းတွေ ဖမ်းဆီးစစ်ဆေး လာတာ တော့များတယ်” ကုန်စည်ကူးသန်းရောင်းဝယ်နေသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူနယ်စပ်မှ မော်လမြိုင်မြို့အထိကို KNU၊ DKBA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ ငြိမ်းချမ်း ရေးကောင်စီ-PC၊ နယ်ခြားစောင့်တပ်-BGF နှင့် စစ်ကောင်စီတပ်စသည့် ဂိတ်များ ဖွင့်လှစ်ချ ထားခြင်းရှိသည်။

ထိုင်းကုန်ပစ္စည်းသယ်ဆောင်သည့် ၁၀ ဘီးကုန်တင်ယာဉ်တစ်စီးလျှင် လမ်းကြောင်း တစ်လျှောက် ဂိတ်ကြေးစုစုပေါင်း ကျပ်သိန်း ၁၀၀ ခန့်ပေးဆောင်နေရသည်ဟု ကုန်သည်များ၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ လမ်းကြောင်းတွင် နှစ်နိုင်ငံသဘောတူ ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ် မဟုတ်သည့်အတွက် ထိုင်းအာဏာပိုင်ဘက်မှ ရံဖန်ရံခါ ကုန်ပစ္စည်းစီးဆင်းမှု ပိတ်ထားခြင်းမျိုးလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဘုရားသုံးဆူနယ်စပ်တွင် လက်ရှိအချိန်တွင် စစ်ကောင်စီတပ်စခန်း ၂ ခုသာ ကျန်ရှိကာ မြို့ထဲတွင် စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားများအားလုံးက ပျက်စီးသွားပြီဖြစ်သည့်အတွက် ကြားကာလ အုပ်ချုပ်ရေးကို နယ်မြေခံကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ဒီမိုကရေစီအကျိုးပြု တပ်မတော်-DKBA တို့မှ ပူးပေါင်း လုပ်ဆောင်အုပ်ချုပ်နေကြောင်း သိရသည်။

October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...