စားဝတ်နေရေးခက်ခဲသည့်ကြား စစ်ကောင်စီ တန်ဆောင်တိုင်ပွဲတော်အတွက် ငွေကောက်ခံနေ

စားဝတ်နေရေးခက်ခဲသည့်ကြား စစ်ကောင်စီ တန်ဆောင်တိုင်ပွဲတော်အတွက် ငွေကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ တန်ဆောင်တိုင်ပွဲတော်အတွက် ငွေကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။

တန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တောင်ကြီးမြို့ရှိ ရပ်ကွက် (၂၂) ရပ်ကွက်ကို ညမီးကြီး ၄လုံးနှင့် စိန်နပန်း ၄ လုံးကို မဖြစ်မနေ ပြုလုပ်ရန် စစ်ကောင်စီမှ ဖိအားပေးခိုင်းစေနေကြောင်း တောင်ကြီးဒေသခံများပြောပြချက်အရသိရသည်။

လက်ရှိကာလသည် အခြေခံစားသောက်ကုန်စျေးမြင့်တက်နေပြီး ငွေကြေးခက်ခဲနေသည့်ကြား ညမီးကြီး တစ်လုံးကို သိန်း ၇၀ ကုန်ကျမည်ဖြစ်ပြီး စိန်နားပန်းမီးပုံးပျံ တစ်လုံးလျှင် ကျပ်သိန်း ၄၀ ကျော်ကုန်ကျကာ ပြုလုပ်ပေးရသည်။

“ ပွဲရက်ကလည်း နီးလာပြီ ပိုက်ဆံက ထည့်စရာမရှိသေးဘူး။ စားဖို့တောင် အနိုင်နိုင်နဲ့။ သူတို့က နေအိမ်တွေတော့ ဘယ်လောက်လို့ သတ်မှတ်ပြီး ငွေကောက်တာမရှိဘူး။ ဈေးဆိုင်တွေတော့ တစ်အိမ် သုံးသောင်းကျပ်ကောက်တယ်။ ညမီးကြီး တစ်လုံးကိုတောင် သိန်း ၇၀ လောက်ကုန်တာ။ ပိုက်ဆံလည်း ထည့်ဖို့မရှိ လုပ်စားရတာလဲ မလွယ်ဘူး ” ဟု တောင်ကြီး ရွှေတောင် ရပ်ကွက်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နှစ် ၂၀၂၃ ခုနှစ်တွင် ပွဲမစည်သောကြောင့် နေ့စား သမားများကို တစ်နေ့ ၈ထောင်ဖြင့် ပွဲသွားခိုင်းခဲ့ပြီး ယခုနှစ်များတွင်လည်း နေ့စားသမားအတွက် ပွဲတော်အတွင်း ငှားရမ်းမှုများ ရှိလာနိုင်ကြောင်း ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

အဆိုပါ တန်ဆောင်တိုင်ပွဲကို တောင်ကြီးမြို့ ရပ်ကွက်ပေါင်းစုံနှင့် အေးသာယာမြို့၊ ဟိုပုံးမြို့နယ် ဘက်မှ ဒေသခံများလည်း ပူးပေါင်း ပါဝင်မည်ဖြစ်ပြီး ရိုးရာမပျက် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သျှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မြို့ပေါ်တွေကော ရပ်ကွက်တွေ၊ လုပ်ငန်းရှင်တွေကော ပါဝင်လုပ်ဆောင်တာ။ ဒါတွေအားလုံး ကိုယ့်ရိုးရာ မပျက်အောင် ထိန်းသိမ်းပြီးလုပ်တာ။ ပြီးခဲ့နှစ်က လပြည့်နဲ့ အဖိတ်မှာ စည်တယ်ပေါ့။ ဒီနှစ်တော့ ပိုပြီးတော့ စည်အုံးမှာပေါ့။ ကားတွေပိတ်ကျပ်နေမှာ သတင်းကျွတ်တောင် ကားပိတ်တာ။တန်ဆောင်တိုင်ဆိုရင်တော့ ပြည့်နေမှာ သေချာတယ်” ဟု သျှမ်းပြည်တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်များ အသင်းမှ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

တန်ဆောင်တိုင်ပွဲတွင် မီးပုံးပျံ ပါဝင် လုပ်ဆောင်သွားမည့်အဖွဲ့ကို ဖေ့ဘွတ် ပေ့ချ်မှာ ကြေညာပေးသွား ဖြစ်ကြောင်း ထပ်လောင်းပြောသည်။

ထိုနောက် တောင်ကြီးဒေသခံ တစ်ဦးမှလည်း တန်ဆောင်တိုင်ပွဲကို ဓားပြရန်နှင့် ခါးပိုက်နှိုက်ရန်ကို ကြောက် သဖြင့် ပါဝင်ဆင်နွဲမည် မဟုတ်ကြောင်းနှင့် ယခုနှစ်များတွင် စစ်ရှောင်များ များပြားလာသဖြင့် ပွဲတော်ပို၍ စည်ကားလာနိုင်ကြောင်း ပြောသည်။

ယခုလက်ရှိတောင်ကြီးတွင် သျှမ်းမြောက်မှ စစ်ဘေးရှောင်နှင့် ကရင်နီဘက်မှ စစ်ရှောင်များ လာရောက်ခိုလှုံနေကြကြောင်း သိရသည်။

October 21, 2024
သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA...
October 16, 2024
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီး ချဉ်းကပ်လာသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့်...
October 15, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ရှိ ရွှေမျှောလုပ်ကိုင်သူများကို တအာင်း(ပလောင်...
October 15, 2024
သျှမ်းပြည်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ နှင့်...