စိန်ခေါ်မှုများတဲ့ မြို့သိမ်းတိုက်ပွဲများ

စိန်ခေါ်မှုများတဲ့ မြို့သိမ်းတိုက်ပွဲများ

နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF အုပ်ချုပ်မှုစနစ် အောက် တလှည့်စီ နေထိုင်ခဲ့တဲ့ တရုတ်နယ်စပ် ပန်ဝါမြို့ကို KIA တပ် အောက်တိုဘာလ ၁၈ ရက်ညမှာ သိမ်းပိုက်ခဲ့ပါတယ်။

ပန်ဝါမြို့ကို အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာကြောင့် ၄ နာရီဝန်းကျင်သာ ကြာမြင့်ခဲ့တယ်လို့ ပန်ဝါဒေသခံတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နှင့် အောက်တိုဘာလအတွင်း KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ချီဖွေ၊ ဆော့လော်၊ ပန်ဝါဒေသအားလုံးဟာ မြစ်ကြီးနားမြို့ခရိုင်အထဲပါဝင်ပြီး မြို့တော်နဲ့ ၈၈ မိုင်အကွာမှာ တည်ရှိပါတယ်။

မြို့ ၃ မြို့စလုံးမှာ တရုတ်နိုင်ငံနဲ့အနီးဆုံး နယ်စပ်မြို့တွေဖြစ်ကြပြီး ကချင်မျိုးနွယ်စုဝင်တွေထဲက လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချန်းမျိုးနွယ်စုဝင် အများဆုံးနေထိုင်တဲ့ ဒေသဖြစ်ပါတယ်။

ချီဖွေ–ပန်ဝါမြို့တွေကို အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်ရရှိမှု မြန်ဆန်ပေမယ့် ဒီစစ်ဆင်ရေးတွေမှာ KIA ဘက်က စိန်ခေါ်မှု များစွာရှိနေပါတယ်။

လူမျိုးရေးအရ စိန်ခေါ်မှုရှိတဲ့ တိုက်ပွဲ

၁၉၆၅ ဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မှူးနေရာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လချိဒ်မျိုးနွယ်စုဝင် ဦးဇခုန်တိန့်ယိန်းဟာ ၁၉၆၈ ခုနှစ်မှာ KIA သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အတွက် ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးပြီး ကချင်အရှေ့မြောက်ဒေသ တရုတ်နယ်စပ် ပန်ဝါမြို့ကို ထူထောင်ပြီး ချီဖွေ၊ ဆော့လော် နဲ့ ဖီမော်နဲ့ ကံပိုင်တည်၊ဆဒုံး၊ ဖီမော်ဒေသတွေမှာ လှုပ်ရှားခဲ့ပါတယ်။ အဲဒီဒေသတွေမှာ အမှတ် ၁၀၁ ဗကပ လှုပ်ရှားနယ်မြေ ဖြစ်ခဲ့ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြိုကွဲပြီးနောက် ၁၉၉၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ရယူပြီး အဆိုပါဒေသတွေဟာ လချိဒ်နဲ့ လော်ဝေါ်မျိုးနွယ်စု အများစုပါဝင်တဲ့ အထူးဒေသ ၁ ၊ ကချင်ဒီမိုကရေစီသစ် တပ်မတော် NDA- K အုပ်ချုပ်နယ်မြေ ဖြစ်လာပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာပြည်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေကို နယ်ခြားစောင့်တပ်ဖွဲ့ ပြောင်းလဲဖွဲ့စည်းဖို့ ဖိအားပေးချက်အရ NDA-K ဟာ ၂၀၀၉ ခုနှစ်ကတည်းက စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်ရပ်တည်လာခဲ့ရာ ခုဆိုရင် ၁၅ နှစ်ရှိပြီ ဖြစ်ပါတယ်။

ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့အဖွဲ့နယ်ခြားစောင့်တပ်အဖွဲ့အဖြစ် အသွင်ပြောင်းလိုက်ပြီးနောက် ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် မတော်ကြား တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာချိန် စစ်တပ်လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း နဲ့

KIA နှစ်ဖက် ဆက်ဆံရေးဟာ အရင်ထက် မကောင်းနိုင်တော့ဘဲ နှစ်ပေါင်း ဆယ်ချီအတူလက်တွဲခဲ့တဲ့ မျိုးနွယ်စုဝင်တွေဟာ ၂၀၁၃ ခုနှစ်မှာ ပထမဆုံး ထိတွေ့တိုက်ပွဲ စတင်ဖြစ်ခဲ့ဖူးပါတယ်။

ဒီထိတွေ့ တိုက်ပွဲဟာ ဆော့လော်မြို့နယ် လောက်ခေါင်ကျေးရွာအထက်ဘက်မှာ ဖြစ်ပြီး ၂၀၁၂ ခုနှစ် ကချင်လွတ်လပ်ရေး တပ်မတော် KIA က တပ်စွဲနေရာယူလိုက်တဲ့ စခန်းနေရာကို ၂၀၁၃ ခုနှစ် ဩဂုတ်လမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ဦးဆောင်တဲ့အဖွဲ့နဲ့အတူ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ် (BGF) ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေဟာ KIA စခန်းကို လာရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၃– ၂၀၂၁ အာဏာမသိမ်းခင်အထိ နှစ်ဖက်တပ်အကြား တင်းမာရံဖန်ရံခါရှိပေမယ့် တိုက်ပွဲဖြစ်တာမျိုးမရှိခဲ့ပေ။

သို့သော် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း စစ်တပ်လက်အောက်ခံအဖြစ် ရပ်တည်နေတဲ့ နယ်ခြားစောင့်တပ် နဲ့ KIA တပ်တို့အကြား မကြာခန ဆိုသလို ထိတွေ့တိုက်ပွဲအဆင့်တွေ စတင်လာပါတယ်။

KIA အနေနဲ့  ကချင်မျိုးနွယ်စုဝင်တွေနဲ့ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တွေနေထိုင်တဲ့ ချီဖွေ၊ ပန်ဝါဒေသတွေကို စစ်ဆင်ရေးလုပ်ဆောင်တဲ့အခါ စိန်ခေါ်မှုများစွာရှိနေတာကြောင့် စစ်ဆင်ရေးကိုသတိထားပြီး လုပ်ဆောင်နေရတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“KIO ဟာ ကျနော်တို့ ကချင်ဒေသမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းဖို့ စီမံကိန်းရှိတဲ့အတိုင်း မူပေါ်လစီ ရှိတဲ့အတိုင်း အခုပြောနေတဲ့ ချီဖွေ၊ ဆော့လော်– ပန်ဝါ – ကံပိုင်တည်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ချေမှုန်း ရမှာပဲဖြစ်တယ်။ အဲဒီထဲမှာကျနော်တို့လူမျိုးတွေလည်း ပါဝင်နေတယ်။ ပြည်သူ့စစ် BGF တွေထဲ ကျနော်တို့လူမျိုးစုတွေပဲ များနေလို့ ခါတိုင်းလို လွတ်လပ်စွာတိုက်ခိုက်နိုင်ဖို့လည်း ခက်ခဲတယ်။ ဒါတွေက ကျနော်တို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုတွေ ဖြစ်တယ်။ ဒါပေမဲ့ မတိုက်ခိုက်လို့လည်းမရပြန်တာကြောင့် ကျနော်တို့ဟာ တိုက်ပွဲကို သတိထားပြီး ဖော်ဆောင်နေရတယ်” လို့ပြောပါတယ်

စစ်အာဏာရှင်ကို အမြစ်ပြုတ် တိုက်ခိုက်ချေမှုန်းရာမှာ မျိုးနွယ်စုကြား အချင်းချင်းသတ်ဖြတ်မှုမဖြစ်ရအောင် စစ်ကောင်စီတပ်ရဲ့ ဒေါက်တိုင် မလုပ်ကြဖို့ KIO အထိမ်းအမှတ်နေ့ မိန့်ခွန်းတွေမှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကမကြာခဏ ထည့်သွင်းပြောဆို ထားပါတယ်။

နယ်ခြားစောင့်ထိန်းချုပ်မှုအောက် ကချင်အထူးဒေသ ၁ ထဲမှာ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ ဖီမော်၊ ကံပိုင်တည် ၊ ဆဒုံး စတဲ့မြို့ ၆ မြို့နဲ့ တပ်ရင်းဌာနချုပ်တွေအဖြစ် ၁၀၀၁၊၁၀၀၂၊၁၀၀၃ ရှိပါတယ်။

နယ်ခြားစောင့်တပ်ရင်းတွေအဖြစ် ချီဖွေ–ဖီမော်ကြား နိုဇွန်ဘွမ်ကျေးရွာမှာ ၁၀၀၁ တပ်ရင်း၊ ချီဖွေ– ပန်ဝါ လမ်း လုပီ ၁၀၀၂ တပ်ရင်းနဲ့၊ ဆဒုံးကံပိုင်တည် စင်ကြိုင်ရွာအနီး ၁၀၀၃ တပ်ရင်းဌာနချုပ်နဲ့ ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေဆိုပြီးတည်ရှိပါတယ်။

ယခု ချီဖွေ–ဆော့လော်–ပန်ဝါ စစ်ဆင်ရေး မစတင်မှီ နယ်ခြားစောင့်တပ် ထိန်းချုပ်မှုအောက် စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေတဲ့ ကချင်မျိုးနွယ်စုဝင် ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေကိုKIA ဘက် ပူးပေါင်းဖို့အတွက် အကြိမ်ကြိမ် ထုတ်ပြန်ချက်နဲ့ သတိပေးခဲ့တယ်လို့ ဗိုလ်မှူကြီးနော်ဘူက ပြောပါတယ်။

နှစ်ဖက်တပ်အကြား အကြိမ်ကြိမ်ဆွေးနွေးခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့တဲ့အတွက် တိုက်ပွဲစတင်လာတာဖြစ်တယ်လို့ ပန်ဝါ၊ချီဖွေဒေသတစ်လျှောက် နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ ဒေသခံတစ်ချို့က ပြောဆိုမှုရှိပေမယ့် KNG အနေနဲ့သီးခြားအတည်မပြနိုင်ခဲ့ပါဘူး။

စက်တင်ဘာလ ၂၈ ရက်နေ့ ကစပြီး ဝိုင်းမော်– ချီဖွေလမ်းမတစ်လျှောက် KIA ပူးပေါင်းတပ်များ ထိုးစစ် စတင်လာပြီး စက်တင်ဘာလ ၂၉ ရက်နေ့မှာ ချီဖွေမြို့ ၊ ၃၀ ရက်နေ့မှာ ဆော့လော်မြို့၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ အမှတ် ၁၀၀၂လုပီ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို သိမ်းလိုက်ပါတယ်။

KIA တပ်ဟာ စစ်ဆင်ရေးဖော်ဆောင်နေချိန်တွင်းမှာလည်း ရှေ့တန်းမှာတာဝန်ထမ်းဆောင်တိုက်ခိုက်နေတဲ့ နယ်ခြားစောင့်တပ်တွေကို လက်နက်ချဖို့ သတိပေးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် နယ်ခြားစောင့်တပ်လက်အောက်ခံတပ်ဖြစ်တဲ့ ၁၁ မိုင်၊လန်းဂျောစတဲ့တပ်စခန်းက ပြည်သူ့စစ် တပ်ဖွဲ့တွေဟာ KIA ဆီ လက်နက်ချပြီး ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ ထွက်ပေါ်လာတဲ့ ရုပ်သံတစ်ခုမှာတော့ KIA အရာရှိတစ်ဦးကနေ လက်နက်ချပူးပေါင်းလာတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တွေကို ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။

အဲဒီရုပ်သံထဲမှာ ”ကျနော်တို့ မိသားစုတွေအချင်းချင်းသွေးထွက်သံယိုမဖြစ်ဘဲ ခုလိုလက်နက်အပ်ပေးတဲ့တွက် ကျေးဇူးတင်ကြောင်းနဲ့ ကျနော်တို့ရဲ့ကမ်းလှမ်းချက်ကို နားထောင်ပေးတဲ့အတွက် အထူးကျေးဇူးတင်ကြောင်းခုလိုမိသားစုအချင်းချင်းသွေး မထွက်ဘဲပြေလည်မှုရတဲ့အပေါ် ဝမ်းသာကြောင်း” ပြောဆိုထားပါတယ်။

ချီဖွေ–ဆော့လော်–ပန်ဝါဒေသကို ယခုနှစ် ဧပြီလ ၁၁ ရက်နေ့ ချီဖွေ– ဆော့လော်လမ်းပိုင်း၊ မျောမော(Myaw Maw)ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နှစ်ဖက်တပ်အကြား တင်းမာမှု ပိုစိပ်လာရာကနေ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ကနေ စစ်မိန့်ထုတ်ပြန်ခဲ့ပါတယ်။

စစ်မိန့်မှာ “တိုင်းရင်းသားလူမျိုး ပြည်သူများ၏ ဘဝသာယာအေးချမ်းမှုကို ဖျက်ဆီးရန် ဝင်ရောက်လာတဲ့ KIA/PDFကို နခစ၊ ပသစများ မြေတစ်လက်မတိုင်းကို ကာကွယ်ပြီး ယတိပြတ်ချေမှုန်းရန်” လို့ ဆိုထားပါတယ်။

စစ်မိန့်ထုတ်ပြန်ပြီး ၃ ရက်အကြာ ဇွန်လ ၁၁ ရက်နေ့ နယ်ခြားစောင့်တပ်ထိန်းချုပ်မှုအောက် ဝိုင်းမော်– ကံပိုင်တည် လမ်းမပေါ်ရှိတဲ့ ဆဒုံးမြို့အပါအဝင် လမ်းပိုင်းတစ်လျှောက်ရှိ စစ်တပ်စခန်း အားလုံးကို KIA သိမ်းပိုက်လိုက်ပါတယ်။

ဒီစစ်မိန့်ကို KIA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က စက်တင်ဘာလ ၁၀ ရက်နေ့မှာ “မထုတ်ပြန်သင့်သောစစ်မိန့် “ဆိုပြီး တုံ့ပြန်ထားပါတယ်။

 နိုင်ငံရေးအရ တရုတ်ဖိအား စိန်ခေါ်မှုအဖြစ်ရှိနေ

မြန်မာ တရုတ်နယ်စပ်တည်ငြိမ်ရေးဆိုတဲ့ ခေါင်းစဉ်အောက် တရုတ် ယူနန်အစိုးရက KIO အပါအဝင်မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေကို တိုက်ပွဲရပ်ဖို့ ဖိအားပေးမှု ဆက်တိုက်ရှိခဲ့ပါတယ်။

လားရှိုးမြို့အပါအဝင် ရှမ်းမြောက်မြို့အားလုံးနီးပါး ညီနောင်မဟာမိတ်သိမ်းပိုက်ပြီးနောက် ဩဂုတ်လမှာ စစ်ကောင်စီခေါင်းဆောင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်။

ယင်းတွေ့ဆုံမှုမှာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက ထောက်ခံကြောင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ပေါ်ပေါက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့လည်း စစ်တပ်ပိုင်သတင်းက ဖော်ပြခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်နောက်ပိုင်း ဩဂုတ်လ ၂၉ ရက်နေ့မှာ တအာင်းတပ် TNLA ကို စစ်ပွဲရပ်ဖို့ ခြိမ်းခြောက်စာပို့ခဲ့ပြီး ယင်းစာအရ တရုတ်ရဲ့တောင်းဆိုချက်ကို နားမထောင်ပါက ပြင်းပြင်း ထန်ထန်တုံ့ပြန်မည်ဟုဆိုထားပြီး ကိုးကန့်၊ဝ တပ်တွေကိုလည်း ထပ်တူပြောဆိုမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

တရုတ်ရဲ့ဖိအားအောက် စက်တင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် ကိုးကန့် MNDAA တပ်ကလည်း သူတို့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းမည်မဟုတ်ကြောင်း၊ မန္တလေး နှင့် တောင်ကြီးမြို့များကို ထိုးစစ်ဆင်မှာမဟုတ်ကြောင်းလည်း ထုတ်ပြန်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ရေးမူကို ခိုင်မာစွာ လက်ကိုင်ထားတယ်လို့ ပြောနေတဲ့ တရုတ်ဟာ လက်တွေ့ကျင့်သုံးခြင်းမရှိတာကို ခြိမ်းခြောက်စာက သက်သေခံနေတယ်လို့ နိုင်ငံရေးသုံးသပ်သူတွေပြောပါတယ်။

ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကိုလည်း စစ်ကောင်စီတပ်ကိုဆက်လက်တိုက်ခိုက်ခြင်းမပြုဖို့ တိုက်ပွဲဆက်ဖော်ရင် နယ်စပ်ဂိတ်ပိတ်ဖို့နဲ့ ဆက်သွယ်ရေး ပိတ်လိုက်မယ်ဆိုပြီး တရုတ်ဘက်ကခြိမ်းခြောက်နေတဲ့ကြောင်း သတင်းထွက်ပေါ်နေချိန်တစ်ပြိုင်နက်ထဲမှာဘဲ အောက်တိုဘာလ ၁၈ ရက်ည တရုတ်နိုင်ငံ ထင်းဒန့်၊ပေါက်ရှမ်းနဲ့နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပန်ဝါမြို့တစ်ခုလုံးကို KIA ထပ်ပြီးသိမ်းပိုက်လိုက်ပါတယ်။

ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံ ရင်ဂျန်းအစိုးရကနေ လမ်းတံ တားတွေပြုပြင်ရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့  KIA နယ်မြေ တစ်ကြောဆက်စပ်နေတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ဆို့လိုက်တဲ့အကြောင်း အသိပေးထုတ်ပြန်ချက်တစ်စောင်ထုတ်လာတာတွေ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

ဒါပေမယ့် လက်ရှိ အခြေအနေမှာ တရုတ်အစိုးရဘက်ကနေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘူးလို့ ဆက်ပြောပါတယ်။

ဒါ့အပြင် ပန်ဝါမြို့တွင်းတိုက်ပွဲပြင်းထန်ခဲ့ချိန်မှာလည်း မြို့တွင်းနေထိုင်တဲ့ပြည်သူတွေဟာ နယ်စပ်ဖြစ်တဲ့ တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်ဖို့ နယ်စပ်ခြံစည်းရိုးတစ်လျှောက် ဂိတ်နေရာတွေမှာ တစ်ရက်တစ်ည သွားရောက်တိမ်းရှောင်ခဲ့ကြပါတယ်။

သို့သော် တရုတ်အစိုးရဟာ တိုက်ပွဲကြားညှပ်နေတဲ့ စစ်ရှောင်ပြည်သူတွေကို နယ်စပ်ဖြတ်ခွင့်မပေးတဲ့အပြင် နယ်စပ်ဂိတ်မှာ လုံခြုံရေးပိုတင်းကြပ်ခဲ့ပြီး ဂိတ်နေရာနဲ့ ကိုက် ၃၀ အကွာတောင်ကပ်ခွင့်မပေးခဲ့ဘူးလို့ ပန်ဝါမြို့ခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။

“ဝင်ခိုင်းမလိုလုပ်ပြီး သူတို့တရုတ်တွေကိုဘဲဝင်ခိုင်းပြီး လုံခြုံရေးအမှန်ကန်ချထားတာ။ ကျမတို့ မြန်မာပြည်ဘက်ကလူတွေကို အနားတောင်ကပ်လို့မရဘူး။ သိပ်ဟုတ်သလို ခြံစည်းရိုးတစ်လျှောက်မှာ တရုတ်ရဲတွေတန်းစီလာစောင့်နေတာ။ မနေ့ည မြို့ထဲလက်နက်ကြီးအသံကြားရတာနဲ့ ဂိတ်ပေါက်တံခါးတွေအားလုံးပိတ်ပြီး ပြေးဝင်သွားကြတယ်”လို့ ပြောပါတယ်။

ဒါပေမယ့် အောက်တိုဘာလ ၁၈ ရက်ည၁၀ နာရီဝန်းကျင် ပန်ဝါမြို့တစ်ခုလုံးသိမ်းလိုက်တဲ့နောက် KIA ဘက်က စစ်ရှောင်ပြည်သူတွေကို မြို့ထဲ မိမိအိမ်မှာပြန်နေထိုင်ကြဖို့ ပြောဆိုခဲ့တာကြောင့် ပြည်သူတွေ မြို့ထဲပြန်နေထိုင်နေကြတယ်လို့ ပန်ဝါမြို့ခံတွေပြောပါတယ်။

မည်သို့ပင်ဆိုစေကာမှု KIA ဟာ ကချင်အထူးဒေသ ၁ နယ်မြေအတွင်းထိုးစစ်မှာ လူမျိုးရေးအရ စိန်ခေါ်မှုနဲ့တရုတ်ရဲ့ဖိအားကြားမှာ စိန်ခေါ်မှုများစွာရှိနေခဲ့ပေမယ့် ပြည်သူ့စစ်တွေကို စည်းရုံးနိုင်ခဲ့သလို၊တရုတ်နယ်စပ် ချီဖွေ–ဆော့်လော–ပန်ဝါ စစ်ဆင်ရေးအောင်မြင်စွာ ဖော်ဆောင်ထားနိုင်ပြီဖြစ်ပါတယ်။

ချီဖွေ၊ ပန်ဝါ၊ ဆော့လော် လူမှုဘဝစာမျက်နှာအသစ်

ချီဖွေ၊ ပန်ဝါမြို့ တွေဟာ မြေရှားသတ္တုကို အလွန်အကျွံတူးဖော်ထုတ်လုပ်နေတဲ့ နယ်မြေတွေဖြစ်ပြီး တရုတ်နိုင်ငံကို မြေရှားသတ္တုအများဆုံးတင်ပို့ရတာလည်းဖြစ်ပါတယ်။

လန်ဒန်အခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Global Witness ရဲ့ ၂၀၂၄ မေလ ၂၃ ရက်နေ့ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ မြေရှားသတ္တုဟာ ပြည်သူ့စစ်အဖွဲ့အတွက် အကြီးမားဆုံး

ဝင်ငွေရလမ်းကြောင်းတစ်ခုဖြစ်နေပြီး၂၀၂၃ ခုနှစ်တွင် မြေရှားသတ္တုတင်ပို့ရောင်းချမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံအထိ ရှိခဲ့တယ်လို့ဖော်ပြထား ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ တွင် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ တန်ချိန် ၁၉,၅၀၀ ရှိခဲ့ပြီး ၂၀၂၃ တွင်မူ တင်ပို့မှုပမာဏမှာ တန်ချိန် လေးသောင်းကျော် (၄၁,၇၀၀) ရှိတယ်လို့သိရပြီး ပြည်သူသူ့စစ်အဖွဲ့ရဲ့ ကြီးကြပ်မှုအောက် တူးဖော်နေတဲ့ မြေရှားသတ္တုကို တ

ရုတ်နိုင်ငံသို့ တင်ပို့မှုမှာ အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဆနီးပါး မြင့်တက်လာတယ်လို့လည်း တဲ့ Global Witness က သိရပါတယ်။

တစ်ဖက်မှာလည်း ချီဖွေ–ဆော့လော်–ပန်ဝါ–ဖရဲ ဒေသမှာ လှုပ်ရှားနေတဲ့ KIA တပ်မဟာ ၇ ကလည်း မြေရှားတူးဖော်မှုလုပ်ငန်းတွေမှာ ပါဝင်သလို ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဗန်းမော်ခရိုင်မှာလည်း KIO က မြေရှားတူးဖော်မှုတွေ လုပ်ဆောင်လာတဲ့အတွက် သဘောဝ ပတ်ဝန်းကျင် ထိခိုက်မှုဖြစ်ပေါ်လာမှာကို ဒေသခံတွေ စိုးရိမ်မှု ရှိနေပါတယ်။

ချီဖွေ–ပန်ဝါ–ဆော့လော–ဖရဲ ဒေသတွေကို KIA က အလုံးစုံ သိမ်းပိုက်ပြီးနောက် ပြန်လည်ထွက်ပေါ်လာမယ့် အုပ်ချုပ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ သယံဇာတ စီမံခန့်ခွဲမှုဟာ ဘယ်လိုထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးဟာ မြို့ ၁၀ မြို့နဲ့ တပ်စခန်းပေါင်းမြောက်များစွာ သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

အဲဒီထဲကမှ ဆဒုံး၊ ချီဖွေ ၊ ဆော့လော်၊ ပန်ဝါမြို့ကို သိမ်းပိုက်ထားပြီး တပ်ရင်းဌာနချုပ် ၃ ခုထဲက မြို့စောင့််တပ် ၁၀၀၂ ကိုသိမ်းပိုက်ထားနိုင်တဲ့အပြင် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကံပိုင်တည်မြို့စောင့်တပ် ၁၀၀၃ စင်ကြိုင်ကို ဆက်ပြီးထိုးစစ်ဆင်နေပါတယ်။

October 18, 2024
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ထပ်တိုးကောက်ယူသွားမယ်လို့...
October 16, 2024
ပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာအပါအဝင် ကျေးရွာ ၃ ရွာမှ ပြည်သူ ၁၅၀၀ (တစ်ထောင့်ငါးရာ)ဟာ  တော၊...
October 15, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ တစ်ရက်တည်းလေကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရလို့...
October 15, 2024
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်-ထန်တလန်မြို့နယ်ကြား ချင်းပြည်အစိုးရတပ်ဖွဲ့က သိမ်းပိုက်ထားသည့်...