ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ အရေးပေါ် လိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
စစ်ရေးပဋိပက္ခများကြောင့် ဆမီး၊ ကန်ထောင်၊ ပလက်ဝဒေသက ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးဒုက္ခ သည် တစ်သောင်းခွဲကျော်နှင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ဘက်ခြမ်းတွင် ခိုလှုံနေသည့် စစ်ရှောင် လေးထောင် ကျော်အတွက် အကူအညီများ လိုအပ်နေခြင်း ဖြစ်သည်။
ကုန်စည် လမ်းကြောင်းများ ပိတ်ဆို့မှု၊ အလုပ်ကိုင်ရှားပါးမှုနှင့် စားဝတ်နေရေး မပြေလည်မှုတို့ကြောင့် စားနပ် ရိက္ခာနှင့် ဆေးဝါး အခက်အခဲဖြစ်နေကြသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေပေးနေသူများက ပြောသည်။
ပလက်ဝဒေသခံ စစ်ဘေးရှောင်များက ယခုရောက်ရှိနေကြသည့် နေရာများတွင် စစ်ဘေးရှောင်ကာလ ကြာလာ သည်နှင့် အမျှ လုံလောက်သော ထောက်ပံ့မှုများ မရှိတော့ဘူးဟု ဆိုကြသည်။
ပလက်ဝ စစ်ရှောင်နှင့် လူသားချင်းစာနာမှု ထောက်ပို့ (Paletwa IDPs and Humanitarian Supporting) အဖွဲ့ တာဝန်ခံ ဆလိုင်းစိုးသန်းက “ကိုယ့်ကျေးရွာ ကိုယ့်ဒေသ မဟုတ်ပဲနဲ့ အဲ့လိုမျိုး စစ်ရှောင်တဲ့အခါကျတော့ တစ်ခြားကျေးရွာ ရောက်တဲ့ အခါကြတော့ သူတို့ကလည်း အစ ပြုပြီးမှ အဲ့မှာကိုယ့်မိသားစုအတွက် စားဝတ်နေရေး ပြန်လည်ထူထောင်ရေး ကိုယ့်ဟာကိုယ် လုပ်တဲ့အခါကျ တော့ ချေးငှားရတာပေါ့ စပါးတွေ ချေးငှားရတာနဲ့ အဲ့ဒါပြန်ဆပ်ရတာနဲ့ ဘာနဲ့ စားဖို့အတွက်နဲ့ သူတို့အတွက် စိန်ခေါ်မှုတွေ တော်တော်ရှိတယ်” ဟု ပြောသည်။
စိုက်ပျိုးရေးနှင့် နယ်စပ်ကုန်သွယ်ရေးကို မှီခိုအားထားနေရသည့် ပလက်ဝဒေသခံများမှာ စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသည်။
ထို့အပြင် အိန္ဒိယ-ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း အိန္ဒိယဘက်က ပိတ်ထားသောကြောင့် အလုပ် အကိုင် ရှားပါးပြီး အခက်အခဲများ ဖြစ်နေကြသည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
“အာဏာသိမ်း ဖြစ်စဉ်ရဲ့ နောက်ပိုင်းမှာ နယ်မြေစိုးမိုးမှု သိမ်းပိုက်မှု ရှိတဲ့ခါကျတော့ ကျနော်တို့ရဲ့ ဒီတောင်ယာ က ဒေသထွက် သီးနှံတွေက ရောင်းလို့ မထွက်တဲ့ဟာ ဖြစ်သွားတယ်။ ပြောရမယ် ဆိုရင်တော့ တရုတ်ကို ပို့မယ့် ဟာတွေ အရင်တုန်းကဆိုရင် ဝဥတို့ ဂမုန်းဆိုတဲ့ အဲ့ဒီဟာမျိုးတွေ အဲ့ဒါတွေကို တောင်သူတွေက စိုက်ပျိုးပြီးမှ ရောင်းဝယ် ဖောက်ကားလာတယ် ဆိုတဲ့ဟာပေါ့နော် အရင်တုန်းကဆိုရင်။ အခုနောက်ပိုင်းက ဒီလမ်းကြောင်း တွေက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရဲ့ နိုင်ငံရေး ပဋိပက္ခ အခင်းအကျင်းကြောင့်နဲ့ ဒေသထွက် သီးနှံတွေကို ရောင်းဝယ် ဖောက်ကားမှုကတော့ ကျသွားတဲ့ အနေအထား အတွက်ကြောင့်ရယ် အလုပ်အကိုင် အခွင့်အလမ်း တွေ ပြောရမယ်ဆိုရင် ရှားပါးသွားတဲ့ အနေအထား ဖြစ်တယ်ပေါ့နော်။”
အလုပ်ကိုင်ရှားပါးပြီး ဝင်ငွေလည်း မရှိတော့သည့်အပြင် ကုန်ပစ္စည်းများပါ ပြတ်လပ်လာသည့်အတွက် ကုန်ဈေးနှုန်းများကလည်း အဆမတန် မြင့်တက်လာသည့် ဒဏ်ကို စစ်ဘေးရှောင်များ သာမက ဒေသခံများကပါ ရင်ဆိုင်နေကြရသည်။
လက်ရှိ ကုန်ဈေးနှုန်းအရ ဆန်ကြမ်းတစ်အိတ် ကျပ်တစ်သိန်းခွဲ၊ ကြက်ဥတစ်လုံးကို ကျပ်တစ်ထောင် ၁၀၀၀ ပေးပြီး ဝယ်စားနေကြရသည်ဟု စစ်ရှောင်များက ပြောသည်။
အဆိုပါ စစ်ရှောင်များအတွက် လုံလောက်သည့် လူသားချင်း စာနာထောက်ထူးမှု ဆိုင်ရာ အကူအညီများ လုံလုံလောက်လောက် မရတော့သည့်အတွက်လည်း စားဝတ်နေရေးပိုင်းကို ပိုခက်ခဲဆိုးရွားစေသည်ဟု ဆိုသည်။
လက်ရှိ ချင်းပြည်တောင်ပိုင်း၊ ပလက်ဝဒေသထဲရှိ AA ထိန်းချုပ်ရာ ဒေသများနှင့် CDF- ပလက်ဝ (CDF-Paletwa) ထိန်းချုပ်ရာ နေရာများတွင်လည်း ဆေးဝါးပြတ်လပ်မှု၊ အခြေခံ စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်နေကြသည်။
စစ်အာဏာ မသိမ်းခင်က ပက္ခုက္ကူ - မင်းတပ် - မတူပီ - ပလက်ဝ လမ်းကြောင်းနှင့် ရခိုင်ပြည်က လာသော လမ်းကြောင်းများက အဓိက ကုန်စည်စီးဆင်းပြီး လက်ရှိတွင်မူ အဆိုပါ လမ်းကြောင်းများမှာ ကုန်စည်စီးဆင်းမှု မရှိတော့ဘဲ မီဇိုရမ် လမ်းကြောင်းတစ်ခုတည်းကိုသာ အဓိက အားထားနေရခြင်း ဖြစ်သည်။