၅ လကျော်ကြာ ဖုန်းလိုင်းအားလုံးပြတ်တောက်နေသည့် ဟုမ္မလင်းမြို့နယ်အတွင်း လိုင်းတချို့ပြန်ရလာ

၅ လကျော်ကြာ ဖုန်းလိုင်းအားလုံးပြတ်တောက်နေသည့် ဟုမ္မလင်းမြို့နယ်အတွင်း လိုင်းတချို့ပြန်ရလာ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် ဖုန်းလိုင်းများအားလုံး ဖြတ်တောက်ခံရမှု ၅ လကျော်ကြာပြီးနောက် ယခုတစ်ပတ်ထဲမှာ လိုင်းတချို့ ပြန်လည်ရရှိလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်က ဥရုချောင်းရိုးတလျှောက်က ကျေးရွာတချို့မှာ  အောက်တို့ဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ MPT နှင့် Telenor (Atom)  ဖုန်းလိုင်းတွေပြန်လည်ရရှိလာပြီလို့သိရပါတယ်။

“ ဖုန်းလိုင်းတွေက ပြန်ဖွင့်တာတော့မနေ့ကပါ၊  မနေ့ကပါ့ မနေ့ကနေစလို့ပြန်ဖွင့်တာပါ့ ဘယ်ကနေစလို့ဘယ်လိုပြန်ဖွင့်တယ်ဆိုတာတော့မပြောတတ်ဘူးပါ့လေ။ မနေ့ကနေ့လည်မှာစပြီးပြန်ဖွင့်တာ ဖုန်းလိုင်းပိတ်ထားတာ ၅  လ လောက်ရှိသွားပြီ။ မေလ လဆန်းပိုင်းလောက်က ပိတ်ပြီးမနေ့ကမှပြန်ဖွင့်တာ”လို့ နမ့်တောကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖုန်းလိုင်းပြန်လည်ဖွင့်လှစ်ပေးမှုမှာ  တိုက်ပွဲဖြစ်ပွားနေတဲ့ ဟုမ္မလင်းမြို့နယ် အောက်ပိုင်းဒေသတွေ မပါဝင်ဘဲ ချင်းတွင်းမြစ် ကြောင်း တလျှောက်နဲ့ ဥရုချောင်းတလျှောက်ရှိ ကျေးရွာတွေမှာသာ ဖုန်းလိုင်းပြန်လည်ရရှိနေတာလည်းဖြစ်ပါတယ်။

ဖုန်းလိုင်းဖြတ်တောက်ခံရမှုနဲ့ ပတ်သက်လို့ဒေသခံတွေအခက်ခဲတွေနဲ့ ရင်ဆိုင်နေရပြီး အခုပြန်လည်ဖွင့် ပေးတာကလည်းအချိန်တိုလေးဖွင့်ပေးတာ သီတင်းကျွတ်အချိန်အတွင်းဖွင့်တာဖြစ်နိုင်တယ်လို့  ဒေသခံတွေကပြောဆိုနေကြပါတယ်။

“အင်တာနက်လိုင်းကတော့မရဘူးပေါ့ဗျာ ဖုန်းပဲပြောလို့ရတယ် ကျနော်ထင်တာကတော့ သီတင်းကျွတ်နီး လို့ပဲပြန်ဖွင့်ပေးတဲ့သဘောလား ဒါမျိုးပဲထင်တာပေါ့ သီတင်းကျွတ်ပြီးလို့ရှိရင်ပြန်ပိတ်မှာ ဒီဘက်က အမဲရောင်နယ်မြေ ဖြစ်တဲ့နေရာမျိုးဆိုတော့ အဆက်သွယ်လေးရနိုင်အောင်လုပ်ပေးတာ။ ကြာပြီလေကျနော်တို့တွေက တော်တော်စိတ်ပျက်ဖို့ကောင်းတာ ကျနော်တို့နိုင်ငံသား အခွင့်အရေးဆုံးရှုံးတာပေါ့ဗျာ။ အခုကဒီဘက်တွေက အင်တာနက်ဆိုတာ တစ်နာရီ ၅၀၀၀ ဝယ်သုံးရတယ်ဗျ ဒါတောင်မှ ဟုမ္မလင်းတို့ နမ့်တောတို့ နောင်ပိုအောင်တို့ ကျယ်ကျယ်ပြန့်ပြန့် မသုံးနိုင်ကြဘူးလို့” လို့ သဖန်းကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖုန်းလိုင်းရရှိနေတဲ့ကျေးရွာတွေကတော့ နမ့်တော၊ ဘိုကုန်း၊ ချောင်းကြီး၊ နောင်ပိုအောင်၊ နန့်စကား၊ နားမော်၊ တုန်ခမ်ကျေးရွာများဖြစ်ပြီး ဥရုချောင်းရိုးတစ်လျှောက်နှင့် ချင်းတွင်းမြစ်ရိုး အထက်ပိုင်းတွေမှာ လည်းဖုန်းလိုင်းတွေ ပြန်လည်ရရှိနေတယ်လို့သိရှိရပါတယ်။

ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသအများစုမှာတော့ ဖုန်းလိုင်းနှင့်အင်တာနက်တွေဟာ ယနေ့အထိ ဆက်လက်ပြတ်တောက်နေဆဲလည်းဖြစ်ပါတယ်။

Most read this week

October 10, 2024
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းက အစိုးရစာသင်ကျောင်းတွေမှာ တိုင်းရင်းသာဘာသာ...
October 9, 2024
ကချင်ပြည်နယ်အတွင်းက  ပဋိပက္ခဖြစ်ပွားခြင်းနည်းပါးပြီး...
October 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကသာမြို့အနီး  ပြည်သာယာကျေးရွာမှာ...
October 4, 2024
ရှမ်းနီတိုင်းရင်းသားများမျိုးနွယ်စုများနေထိုင်အခြေချရာဒေသတွေဖြစ်တဲ့...