ပန်ဝါမြို့စောင့်တပ် ၁၀၀၂ တပ်ရင်း မကျရေး စစ်တပ်က လေကြောင်း အပြင်းထန်တိုက်ခိုက်နေ

ပန်ဝါမြို့စောင့်တပ် ၁၀၀၂ တပ်ရင်း မကျရေး စစ်တပ်က လေကြောင်း အပြင်းထန်တိုက်ခိုက်နေ

ပန်ဝါမြို့နှင့်အနီးဆုံး လုပြည် (ဒေသအခေါ်) လောက်ပြေကျေးရွာရှိ ၁၀၀၂ တပ်ရင်း ဌာနချုပ်မကျရေးအတွက် စစ်တပ်က လေကြောင်းအသုံးပြုပြီး အပြင်းထန်တိုက်ခိုက်နေတယ်လို့ ပန်ဝါဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲစတင်လာတဲ့ အောက်တိုဘာလ ၁၀ ရက် မနေ့ မနက် ၉ နာရီဝန်းကျင်ကနေ ည သန်းခေါင်အထိ Y 12 လေယာဉ်တစ်စီးနဲ့ တိုက်ပွဲနေရာကိုဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ပန်ဝါမြို့အနီးနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကို အခုလိုပြောပါတယ်။

“မနေ့ည တရုတ်နာရီ ၁၁ နာရီဝန်းကျင်ကနေ လေယာဉ်နဲ့ပစ်တာ ၁၂ နာရီ ၁၀ မိနစ်ထိ တစ်ညလုံးလာ ပစ်တယ်။ ဗုံးအလုံးရေက ၃၀ ထက်မနည်းဘူး” လို့ ပြောပါတယ်။

လုပြည်(ဒေသအခေါ်)လောက်ပြေကျေးရွာဟာ ပန်ဝါနဲ့ ၁၀ မိုင်ဝန်းကျင်အကွာမှာရှိပြီး လီဆူမျိုးနွယ်စုဝင် အများဆုံးနေထိုင်ကာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပါတယ်။

ဒါ့အပြင် ကချင်အထူးဒေသ ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ကို ကာကွယ်ပေးတဲ့ရှေ့တန်းအကျဆုံး တပ်ရင်းဌာနချုပ် ဖြစ်ပြီး တစ်နည်းအားဖြင့် မြို့စောင့်တပ်ရင်းလို့လည်း ခေါ်ဆိုကြပါတယ်။

နယ်ခြားစောင့်တပ် လက်အောက် ပြည်သူ့စစ်အဖွဲ့ရဲ့ တပ်ရင်းဌာနချုပ်တွေဟာ ချီဖွေမြို့နဲ့ ဖီမော်မြို့အကြား နဇွန်ဘုတ်ကျေးရွာမှာ ၁၀၀၁ တပ်ရင်း၊ ဝိုင်းမော်-ကံပိုက်တည်သွားလမ်းမကြီး စင်ကြိုင်ရွာ ၁၀၀၃ တပ်ရင်း နဲ့ ပန်ဝါမြို့အနီးဆုံး လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာဟာ ၁၀၀၂ တပ်ရင်းဌာနချုပ်တွေဖြစ်ပါတယ်။

လုပြည်ကျေးရွာမှာ အောက်တိုဘာလ ၁၀ ရက်နေ့ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့ ပြည်သူ့စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူအားလုံး ပန်ဝါမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

“လုပြည်ကစစ်ဘေးရှောင်တွေ ပန်ဝါဘက်ကို ရာချီရောက်နေပြီလို့သိရတယ်။ တိုက်ပွဲကလောလော ဆယ်တော့ ငြိမ်နေတယ်” လို့ ပန်ဝါဒေသခံတစ်ဦး ပြောပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့၊ စက်တင်ဘာလ ၃၀ ရက်ည ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီးနောက် ချီဖွေ- ပန်ဝါ လမ်းမတစ်လျှောက်မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်တွေနဲ့ KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေရာကနေ လက်ရှိချိန် ပန်ဝါမြို့အနီးအထိ တိုက်ပွဲပြင်းထန်လာတာ ဖြစ်ပါတယ်။

ပန်ဝါမြို့အနီးဆုံးမှာ တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ တစ်ဖက်မှာ ပြည်သူ့စစ်တပ်တွေက တပ်သားစုဆောင်းမှုကို အပူတပြင်း လုပ်ဆောင်နေပါတယ်။

လတ်တလော မြို့ပေါ်တည်းခိုခန်း၊ စားသောက်ဆိုင်နဲ့ သတ္တုလုပ်ကွက်တွေမှာ တပ်သားသစ်စုဆောင်းနေပြီး စစ်သင်တန်းပေးခြင်း မရှိဘဲ ရှေ့တန်းပို့နေတယ်လို့ ပန်ဝါဒေသခံတွေ ပြောပါတယ်။

ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဝါ၊ ချီဖွေဒေသမှာ  နယ်ခြားစောင့်တပ်က မြေရှားထုတ်လုပ်မှု အများဆုံးလုပ်ဆောင်နေပြီး အာဏာသိမ်းပြီးနောက် အနယ်နယ်အရပ်ရပ်က လူငယ်၊ လူလတ်ပိုင်းတွေအလုပ်သွားရောက်လုပ်ကိုင်မှုလည်း များပြားပါတယ်။

နယ်ခြားစောင့်တပ် လက်အောက် ပြည်သူ့စစ်အဖွဲ့တွေဟာ ဇွန်လအတွင်း ဝါရှောင်ကျေးရွာအထက်မှာရှိတဲ့ စစ်တပ်ရဲ့ စုပေါင်းဂိတ်နဲ့ဆဒုံးမြို့ကို သိမ်းပိုက်လိုက်တဲ့နောက် သူတို့ထိန်းချုပ်နယ်မြေအတွင်း တပ်သားတွေစုဆောင်းတာတွေ စတင်လာတာပါ။

လတ်တလော ပန်ဝါမြို့ထဲမှာလည်း ဖုန်းဘေဖြည့်တဲ့ဝန်ဆောင်မှုတွေကို ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ဆက်သွယ်ရေး ကွန်ရက်ကိုအဓိကအသုံးပြုတဲ့ ပန်ဝါမြို့မှာ နယ်ခြားစောင့်တပ်တွေအနေနဲ့ အခုလို ဖုန်းဘေဖြည့်တဲ့ဝန်ဆောင်မှုတွေကို ပိတ်ပင်မှုဟာ သတင်းထိန်းချုပ်မှုဖြစ်တယ်လို့လည်း ဒေသခံ သုံးသပ်ပါတယ်။



"ဖုန်းဘေကထည့်မရတော့ဘူး ဘာလို့လဲမေးတော့ လူကြီးတွေပြောထားတယ်ဘဲပြောတယ်။ ဘာကြောင့်ဆိုတာတော့ တိတိကျကျမသိရဘူး။" လို့ ပန်ဝါမြို့တွင်းနေထိုင်သူတစ်ဦး KNG ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ လဆန်းပိုင်း ကချင်ပြည်နယ်အရှေ့ဘက် မြစ်ကြီးနား ကန်ပိုင်တည်လမ်းကြောင်းရှိ ဆဒုံးမြို့အထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က သိမ်းပိုက်ပြီးနောက် ကချင်အထူးဒေသ ၁ နယ်ခြားစောင့်တပ်နဲ့  KIA တပ်တို့ကြား နှစ်ဖက်တပ်ကြား ညှိနှိုင်းမှုရှိတယ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ပြေလည်မှု မရရှိတဲ့အတွက် အခုလို တိုက်ပွဲပြင်းထန်လာတာလို့ ဒေသခံပြည်သူတွေအကြား သတင်းတွေထွက်နေပါတယ်။ သို့ပေမယ့် နှစ်ဖက်တပ်အကြား ညှိနှိုင်းမှုအခြေနေအသေးစိတ်ကိုတော့ KNG အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူ။

၁၉၆၅ ဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှာ တပ်မှူးနေရာထမ်းဆောင်ခဲ့တဲ့ လချိဒ်မျိုးနွယ်စုဝင် ဦးဇခုန်တိန့်ယိန်းက ၁၉၆၈ ခုနှစ်မှာ KIA ကနေ ခွဲထွက်ပြီး ကွန်မြူနစ်ဝါဒနဲ့ ကချင်အရှေ့မြောက်ဒေသ တရုတ်နယ်စပ်မှာ အခြေချခဲ့ပါတယ်။

အဲဒီနောက် ချီဖွေ၊ ဆော့လော် နဲ့ ဝိုင်းမော်၊ ဆဒုံးဒေသတွေမှာ ကချင်ဒီမိုကရေစီသစ် တပ်မတော် NDA-K အနေနဲ့ လှုပ်ရှားခဲ့ရာကနေ ၂၀၀၉ မှာ  နယ်ခြားစောင့်တပ်အဖြစ်  ပြောင်းလဲ ရပ်တည်လိုက်ပါတယ်။

နယ်ခြားစောင့်တပ်အဖွဲ့အဖြစ် အသွင်ပြောင်းလိုက်ပြီးနောက် ၂ နှစ်အကြာ ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာချိန်မှာတော့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ရောက်ရှိသွားတဲ့ ဦးဇခုန်တိန့်ယိန်း နဲ့ KIA တို့ရဲ့ဆက်ဆံရေးဟာ အရင်ထက် မကောင်းနိုင်တော့ပဲ နှစ်ဖက်တပ်ကြား ရံဖန်ရံခါတင်းမာမှုတွေ စတင်လာခဲ့ပါတယ်။

 ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေ ပိုမိုဆိုးရွားလာပြီး ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ရက်စွဲမှာ နယ်ခြားစောင့်တပ်ဘက်က စစ်မိန့်ထုတ်ပြန်လာပါတယ်။

အဲဒီစစ်မိန့်ထုတ်ပြန်လိုက်ပြီးနောက် ၃ ရက်အကြာ ဇွန်လ ၁၀ ရက်ည KIA ပူးပေါင်းတပ်က ဆဒုံးမြို့ကို သိမ်းလိုက်တဲ့အပြင် စက်တင်ဘာလကုန်ပိုင်း ချီဖွေနဲ့ဆော့လော်ကိုထပ်သိမ်းထားကာ လက်ရှိ နယ်ခြားစောင့်တပ် ဌာနချုပ်တည်ရှိရာ ပန်ဝါဘက်ကို စစ်ရေးဦးတည်နေပြီး နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်နေပါတယ်။

October 10, 2024
ကချင်အထူးဒေသ ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ...
October 9, 2024
တစ်လအကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ Lucky Men Hotel ထဲက...
October 7, 2024
ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ စစ်ကောင်စီတပ်က အောက်တိုဘာလဆန်းပိုင်းကစပြီး...
October 7, 2024
ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမကြီးပေါ်ရှိ မန်ပန်ရွာ၊...