စစ်ကာလအတွင်း အလုပ်အကိုင်ရှားပါး၍ ရခိုင်မျိုးနွယ်စုများ၏ ဘဝရပ်တည်ရေး ပိုမိုခက်ခဲလာ

စစ်ကာလအတွင်း အလုပ်အကိုင်ရှားပါး၍ ရခိုင်မျိုးနွယ်စုများ၏ ဘဝရပ်တည်ရေး ပိုမိုခက်ခဲလာ

ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့် ရခိုင်မျိုးနွယ်စုဝင်လူမျိုးများမှာ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေပုံမှန်မရှိမှုတို့ကြောင့် ဘဝရပ်တည်ရေး များစွာခက်ခဲလာသည်ဟု နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ရှောင် မြိုအမျိုးသားတစ်ဦးက " ကျွန်တော်တို့ လူမျိုးတွေက အရင် ကတည်းက ရခိုင်တွေနဲ့ စာရင် အရမ်းဆင်းရဲပါတယ်။ အခုက မျှစ်ချိုး၊ ထင်းခွေ ရရာ အလုပ်ကို လုပ်တာတောင် မိသားစု ထမင်းမစားရဘူး။ အခုက စစ်ရှောင်တွေများလာတယ်။ အလုပ်ကလည်း အလုအယက်လုပ်တာတောင် ထမင်းနေ့တိုင်းစားရဖို့ ခက်ခဲနေပါတယ်”ဟု ၎င်းက ပြောဆိုသည်။

အလုပ်လက်မဲ့သူများလာသဖြင့် ၎င်းတို့လုပ်ကိုင်နေသည့် မျှစ်ချိုး၊ ထင်းခွေအလုပ်များကိုလည်း လုပ်ကိုင်သူများလာ၍ စျေးများတွင် အပြိုင်အဆိုင် ရောင်းချရ၍ စျေးကောင်းလည်း မရကြောင်း သူက ပြောသည်။

“စစ်ဘေးရှောင်လာတဲ့ ရခိုင်တွေမှာလည်း အလုပ်အကိုင်ရှား‌တော့ မျှစ်ချိုးတဲ့သူများလာတယ်။ ထင်းခွေတဲ့သူများလာတယ်။ အရင်ကမလုပ်ဖူးတဲ့သူတွေပါလုပ်လာတော့ မျှစ်ဆိုလည်း သိပ်မရဘူး။ အဲလိုပေါ့နော်။ ထမင်းစားဖို့အနိုင်နိုင်ရုန်းကန်နေကြရတယ်။ ဘဝရပ်တည်ရေးက အင်မတန်ခက်ခဲလာတယ်။ ယောက်ျားရော၊ မိန်းမရော ဒီအလုပ်လုပ်ကြရတယ်။ မသေရုံတမယ် အားတင်းနေရတယ်" ဟု နိရဉ္စရာ သတင်းဌာနကို ပြောသည်။

ရခိုင်မျိုးနွယ်စုဝင် ခုနှစ်ခုအနက် မြို၊ သက်၊ ခမီနှင့် ဒိုင်းနက်လူမျိုးတို့သည် တောင်ယာကို အဓိက လုပ်ကိုင်စားသောက်ကြသူများဖြစ်ကြသည်။

တိုက်ပွဲ ကြောင့် သူတို့လုပ်ကိုင်စားသောက်ရာ တောတောင်များတွင် မိုင်းနှင့်စစ်လက်နက် အကြွင်းအကျန် ပစ္စည်းများရှိနေသည့်အတွက် တောတောင်များသို့လည်း သွားရောက်လုပ်ကိုင်  နိုင်ခြင်းလည်း မရှိဟု ဆိုသည်။

မြောက်ဦးမြို့နယ်ရှိ ဒိုင်းနက်(ခေါ်)သက္ကမကျေးရွာများမှ အမျိုးသမီးများမှာလည်း အလုပ်အကိုင် ရှားပါးမှုကြောင့် စိုက်ပျိုးရေးအငှားလုပ်ကိုင်နေရသည်ဟု နန်းကျကျေးရွာမှ ဒိုင်းနက်(ခေါ်)သက္ကမ အမျိုးသမီးငယ်တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

"ပျိုးစိုက်တဲ့ရာသီဆိုရင် ပျိုးအငှားစိုက်တယ်။ တစ်ရက်ကိုတစ်သောင်းလောက်ရတယ်။ ခရမ်းစိုက်တဲ့ ဆောင်းရာသီဆို ခရမ်းစိုက်တယ်။ ငါးထောင်ရတယ်။ အရင်ကဆို ရန်ကုန်လမ်းဖွင့်တော့ အထည်တွေမှာပြီး ရောင်းကြတယ်။ အသီးအနှံတွေရောင်းကြတယ်။စိုက်ကြတယ်။ ရန်ကုန်က မျိုးစေ့တွေမှာပြီး စီးပွားဖြစ်စိုက်ကြတယ်။ အခုက မျိုးစေ့တွေလည်း မဝင်ဘူး။ ဝင်တော့လည်း  ဈေးကြီးတယ်။ စီးပွားဖြစ်မစိုက်နိုင်တော့ဘူး။ အလုပ်အကိုင်က အရမ်းရှားတော့ ရာသီအလိုက် ပေါ်တဲ့ အလုပ်ပဲလိုက်လုပ်ကြတာများတယ်။ အရင်တုန်းကလောက်တော့ ဘယ်အဆင်ပြေပါ့မလဲ" ဟု ပြောသည်။

အလုပ်အကိုင်ရှားပါးသည့်အပြင် လက်ရှိတွင် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တောနှင့် မင်းပြားမြို့နယ် အနှံ့အပြားတွင် ကျန်းမာရေး မကောင်းသူများနေပြီး ဆေးဝါးကုသရန်လည်း မတတ်နိုင်ဘဲဖြစ်နေကြသည်ဟု ဆိုသည်။

ကျေးလက်ဒေသအများအပြားတွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် အရေပြားယားယံကာ ယားနာများ ဖြစ်နေကြသည်ဟု သိရသည်။

ဆေးဝါးကုသစရိတ် အခက်အခဲဖြစ်နေကြသည့်အတွက် အလွန်ပင်စိတ်ထိခိုက်ရသည်ဟု  လည်း မြောက်ဦးမြို့နယ်၊ ခမောင်းတက်ကျေးရွာမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာန ကို ပြောသည်။

"အကူအညီလည်းအခုချိန်ထိ တစ်ခါမှ မရဖူးဘူး။ ဆေးကုသဖို့ ပိုက်ဆံက မတတ်နိုင်။ အမျိုးမျိုး ဒုက္ခတွေနဲ့ကြုံနေရတော့ ရှင်သန်ချင်စိတ်နည်းပါးလာတယ်။ သားသမီးတွေအတွက် ဘဝရပ်တည်ရေး သိပ်ခက်ခဲလာတယ်။ အစစအရာရာပေါ့" ဟု ပြောသည်။

ဘူးသီးတောင်၊ မောင်တောမြို့နယ်ဖက်တွင်လည်း အလုပ်အကိုင်ရှားပါးလာသဖြင့် ရခိုင် လူမျိုးများသာမက  မြို၊ ဒိုင်းနက်(ခေါ်)သက္ကမနှင့် သက်အပါအဝင် အမျိုးသားအများစုမှာ ဆိုင်ကယ် ကယ်ရီအငှားလိုက်ကြပြီး တစ်ရက်စာတစ်ရက် ဝမ်းစာအတွက် ရုန်းကန်ရှာနေရကြောင်း သိရသည်။

မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးကျေးရွာက မြိုအမျိုးသားတစ်ဦးက “အခုက တောင်ကိုလည်း မသွားနိုင်ဘူး။ ငါးရှာ သွားလို့လည်း မရဘူး။ အာဆာအကြမ်းဖက်အဖွဲ့တွေက လူတွေကို လိုက်သတ်နေတယ်။ လူတိုင်းအကုန်သူ ဒုက္ခဖြစ်နေကြတယ်။ မြိုလူမျိုးတွေကို ကူညီ ပေးစေချင်ပါတယ်။ တစ်ခြား လူမျိုးတွေကိုလည်း ရိက္ခာတွေရစေချင်တယ်။ နိုင်ငံခြားကရော ဟို ငွေရှိတဲ့ သူတွေရော လှူစေချင်ပါတယ်” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရခိုင်မျိုးနွယ်စုဝင် လူနည်းစုများတွင်လည်း အလုပ်အကိုင်ရှားပါးသည့်အတွက် စားဝတ်နေရေးကျပ်တည်းကာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိလာကြောင်း အဆိုပါမြို့နယ်မှ လူမှုရေးလုပ်နေသူများက ပြောသည်။

ရခိုင်မျိုးနွယ်စုဝင် လူနည်းစုများသည် ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးစသည့်မြို့နယ်များတွင် များသောအားဖြင့်နေထိုင်ကြသည်။

မျိုးနွယ်စုတစ်ခုချင်းစီ၏လူဦးရေကိုမူ အတိအကျမသိနိုင်သော်လည်း အချို့မျိုးနွယ်စုမှာ လူဦးရေ ထောင်ဂဏန်းခန့်ရှိပြီး အချို့လူမျိုးများမှာ သိန်းဂဏန်းခန့်ရှိကြောင်း သိရသည်။

ယင်းအနက် မြိုလူမျိုးတို့သည် ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော် မြို့နယ်၊ ဘူးသီးတောင် မြို့နယ်မြောက်ပိုင်းနှင့် မောင်တောမြို့နယ် မြောက်ပိုင်းတို့တွင် နေထိုင်ကြသည်ဟု သိရသည်။

မြိုတိုင်းရင်းသား၏ စုစုပေါင်းလူဦးရေမှာ လေးသောင်းခန့်ရှိသည်ဟု ၂၀၂၄ ခုနှစ်၊ မေလအတွင်း မြိုစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဇနီဖြူနှင့် နိရဥ္စရာဆက်သွယ်မေးမြန်းစဥ် ပြောဆိုသွားခဲ့သည်။

ခမီလူမျိုးသည် ရခိုင်ပြည်နယ်အတွင်း အမ်း၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်မြို့နယ်တို့တွင်နေထိုင်ကြသည်။

စုစုပေါင်းလူဦးရေ တစ်သိန်းကျော်ရှိကြောင်းလည်း ၂၀၂၄ ခုနှစ်၊ မေလအတွင်း ခမီလူမျိုး ခေါင်းဆောင် တစ်ဦးနှင့် နိရဥ္စရာဆက်သွယ်မေးမြန်းစဥ် ပြောဆိုသွားခဲ့သည်။

ဒိုင်းနက်(ခေါ်)သက္ကမ လူမျိုးများသည် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တောစသည့် မြို့နယ်များအတွင်း လူဦးရေ သုံးသောင်းမှ လေးသောင်းကြား အထိ နေထိုင်လျက်ရှိကြောင်း ယခင်စာရင်းများအရ သိရသည်။

October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...
October 8, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို ယမန်နေ့ညက အကြမ်းဖက် စစ်ကောင်စီ လေတပ်က ဗုံးကြဲ...