တောင်ကြီးတွင် အိမ်ခြေရာမဲ့ ပိုများလာ

တောင်ကြီးတွင် အိမ်ခြေရာမဲ့ ပိုများလာ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အိမ်ခြေယာမဲ့လူများ ပိုများပြားလာနေသည်ဟု စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့တွင် စစ်ဘေးရှောင်လာသူများ များပြားလာခြင်း ၊အိမ်ခန်းခ ငှားရမ်းမှု စျေးနှုန်း အဆမတန် မြင့်တက်ခြင်းနှင့်အတူ စားဝတ်နေရေးအတွက် အလုပ်အကိုင်ရှားပါးလာမှုများကြောင့် အိမ်ခြေယာမဲ့ များလာကြောင်း တောင်ကြီးမြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လမ်းဘေးမှာဆို အိမ်ခြေရာမဲ့တွေက ခုနောက်ပိုင်း အများကြီးတွေ့လာရတယ်။ သူတို့တွေက အုပ်စုလိုက်ပဲ။ (၇) ယောက် (၈) ယောက်လောက်ရှိတယ်။ ကလေးတွေလည်းပါတယ်။ အသက်ကြီးတွေရောပဲ။ တချို့ စစ်ရှောင်တွေလည်း ပြန်လို့မရတဲ့သူတွေရှိတယ်။ အိမ်ငှားဖို့လည်း မတတ်နိုင် အလုပ်လည်း မရှိတော့ အဲ့လို လမ်းဘေးရောက်ကုန်ကြတာ” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင် တောင်ကြီးမြို့ထဲ တောင်းရမ်းစားသောက်ပြီး လမ်းဘေးတွင် အိပ်ကျသည့် အနာကြီးရောဂါသည်များ မတွေ့မြင်ရတော့ဘဲ ယခင် မမြင်ဖူးသည့် အိမ်ခြေရာမဲ့များသာ အများအပြားတွေ့နေရကြောင်း ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိ တောင်ကြီးမြို့ပေါ်တွင် အိမ်ခန်းငှားရမ်းနေထိုင်လျှင် တစ်ထပ်တိုက် အိမ်တစ်လုံးလျှင် တစ်လ ကျပ်ငွေ (၅ သိန်း) အထိပေးရပြီး အခန်းကျဉ်း အခန်းတစ်ခန်းဆိုလျှင် တစ်လ ကျပ်ငွေ တစ်သိန်းခွဲအထိ ပေးရကာ နှစ်ထပ်တိုက်အိမ်ဖြစ်လျှင် တစ်လ (၁၀ သိန်းကျပ်) ပေးငှားရကြောင်း သိရသည်။

ထို့အပြင် ယခု တောင်ကြီးမြို့တွင် အိမ်ခြေရာမဲ့ များလာရခြင်းသည် အိမ်ရှင်နှင့် ပွဲစားများက စျေးအဆမတန် တောင်းယူမှုနှင့် အိမ်ခန်းငှားမည်ဆိုပါက ၃ လ စာချုပ်၊ ၆ လ စာချုပ်ဖြင့်သာ ငှားရမ်းနေထိုင်ရသဖြင့် စစ်ဘေးရှောင်များအနေဖြင့် ငွေကြေးမတတ်နိုင်ကြသူများဖြစ်ကာ အိမ်ခြေရာမဲ့များဘဝသို့ နေထိုင်ရခြင်းဖြစ်သည်။

“ပွဲစားတွေ အိမ်ရှင်တွေကလည်း ဈေးအနည်းငယ်ပဲ တောင်းသင့်တယ်။ သူတို့က ကိုယ့်ဆီမှာ လာရောက်ခိုလုံတာ။ ကိုယ့်ဘက်ကလည်း လူသားချင်းစာနာပြီး အပြန်အလှန်ကူညီမှုတွေ လုပ်စေချင်တယ်။ တချို့ဘဝတွေက တကယ်ကို သနားစရာကောင်းတယ်။ သူတို့မှာ ပြန်စရာလည်းမရှိဘူး၊ ဘာမှ ရစရာမကျန်ကြတော့ဘူး” ဟု တောင်ကြီးမြို့ခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီးမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည့် သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ကြောင့် သိန္နီ၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့မှ လာသည့်သူများရှိသကဲ့သို့ ကရင်နီပြည် “၁၁၁၁ စစ်ဆင်ရေး” ကြောင့် ရောက်ရှိလာသည့်သူများလည်း ရှိကြသည်။

လက်ရှိမှာ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်သည့် ညီနောင်မဟာမိတ်များဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတို့သည် တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် MNDAA ထိန်းချုပ်သည့် နယ်မြေများတွင် စစ်ရေးငြိမ်သက်နေသဖြင့် တောင်ကြီးသို့ စစ်ရှောင်လာသည့်သူအချို့ နေရပ်ပြန်သွားကြကြောင်း သိရသည်။

သို့သော် TNLA ထိန်းချုပ်သည့် နယ်မြေအတွင်း စစ်ကောင်စီဘက်မှ နေ့စဉ်နှင့်အမျှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသေးသည်။

Most read this week

April 28, 2025
သျှမ်း – ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး...
မတ်လအတွင်း နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲသို့ စစ်ကောင်စီမှ လေကြောင်းနှင့် ဒရုန်းဗုံးကြဲမှုကြောင့် နေအိမ်မီးလောင်ပျက်စီးခဲ့စဉ်။
April 25, 2025
သျှမ်းပြည် နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲကျေးရွာတဝိုက်ကို အပစ်ရပ် သက်တမ်းတိုးထားသည့်...
April 24, 2025
သျှမ်းပြည် ကျေးသီးမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်၍ ငွေညှစ်...
ပင်လောင်းမြို့နယ် ငလျင်ဒဏ်သင့်နေအိမ်။
April 21, 2025
ငလျင်ဒဏ်ကြောင့် နေအိမ် ၇၀၀ ကျော်ပျက်စီးသွားသည့် ပင်လောင်းမြို့နယ်တွင် လာရောက်ကူညီသူ နည်းပါးပြီး...