မုန်တိုင်းပြီးနောက် ရေပြန်ကျလာပေမဲ့ ရေနစ်မြှုပ်သွားတဲ့ စပါးခင်းထောင်ချီ ပျက်စီး

မုန်တိုင်းပြီးနောက် ရေပြန်ကျလာပေမဲ့ ရေနစ်မြှုပ်သွားတဲ့ စပါးခင်းထောင်ချီ ပျက်စီး

ကရင်နီ နဲ့ ရှမ်း-ကရင်နီနယ်စပ် ဒေသတွေမှာ ရာဂီမုန်တိုင်းဖြတ်သန်းမှုရဲ့ အကျိုးဆက်ကြောင့် စက်တင်ဘာလအစောပိုင်းကစလို့ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး စပါးခင်းဧကထောင်ချီ ရေနစ်မြှုပ်ခဲ့ကာ လက်ရှိမှာ ရေပြန်ကျလာပေမဲ့ စပါးခင်းတွေ ပျက်စီးမှုများတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ပိုးတွေကျတဲ့ချိန်ဆို ဆေးဖြန်းဖို့လိုတယ်‌လေးနော်။ ရေကကြီးလိုက်တော့ ဘာမှလုပ်လို့မရ။ အစာတွေကျွေးချင်လည်းဘာမှ လုပ်လို့မရဘူး။ ကြည့်ရုံကလွဲပြီးဘာမှ လုပ်လို့မရဘူး” လို့ ဒီးမော့ဆို ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသအသီးသီးက တောင်သူတွေဟာ ရာသီအလိုက် နွေစပါး၊ မိုးစပါးစိုက်ပျိုးကြတာပါ။ ယခုနှစ်ရေလွမ်းမိုးမှုကြောင့် စပါးမှည့်နေပြီဖြစ်တဲ့နွေစပါးလည်း ပျက်စီးမှုရှိသလို၊ အနှံထွက်စ မိုးစပါးတွေလည်း စပါးပင်ပျက်စီးတယ်လို့ ဆိုပါတယ်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် ကရင်နီပြည်တွင်းရှိ မြေပြန့်ဒေသတွေသာမက တောင်ပေါ်ဒေသရှိ တောင်ယာစပါးခင်းရေနစ်မြှုပ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လွိုင်ကော်မြို့နယ်တွင်း လယ်စပါး ဧက ၃၀၀၀ ကျော်နဲ့ ဒီးမော့ဆိုမြို့နယ်တွင်းတောင်ယာစပါး ဧက ၁၀၀၀ ပျက်စီးခဲ့ရတယ်လို့ ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လနောက်ဆုံးပတ်ကစ မိုးဗြဲဆည် ရေဖောက်ချခဲ့ပြီး ဘီးလူးချောင်းဘေးတစ်လျှောက်က စပါးစိုက်ခင်း ဧက ၁၀၀၀ ကျော်လည်းရေမြှုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အရင်တုန်းက ခြောက်ဆလား၊ ခုနှစ်ဆလားလောက်ရရင် အခု သုံးဆလား လေးဆလားလောက်ရရင်တောင် ကံကောင်းတယ်ပေါ့။ စပါးကလုံးဝမကောင်းတော့ဘူး” လို့ ဒီးမော့ဆို ဒေသခံတစ်ဦးက ဆက်‌ပြောပါတယ်။

စပါးရိတ်စက် တစ်ဇလားမှာ စပါး ၇၃ တင်းဆန့်ပါတယ်။ ရိတ်စက်ရဲ့ အရွယ်အစားပေါ်မူတည်ပြီး တင်းရေ အနည်းအများကွာနိုင်တယ်လို့ သိရပါတယ်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် ကရင်နီပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စပါးစိုက်ခင်းနစ်မြှုပ်မှုရှိခဲ့ပြီး ကိုးခုရှိ မြို့နယ်ပေါင်း ၅၄ မြို့မှာ စပါးစိုက်ဧက ခုနှစ်သိန်းခွဲနီးပါး ပျက်စီးခဲ့တယ်လို့ အာဏာသိမ်း ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စက်တင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြောထားပါတယ်။   

October 3, 2024
စက်တင်ဘာလ ဒုတိယပတ်ကစပြီး ရေဘေးသင့်မှု ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နောက်ဆက်တွဲအနေနဲ့...
October 1, 2024
နှစ်ပေါင်း ၇၆ နှစ်ကြာ အာဏာရှင်စနစ်ကို လက်နက်ကိုင်လမ်းစဥ်နဲ့ တော်လှန်လာခဲ့တဲ့ ကရင်နီပြည်တပ်မတော်...
September 30, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာ အုပ်စုအတွင်းမှာနေထိုင်တဲ့ အသက် ၃၅နှစ်မှ...