နောင်ချို စစ်ရှောင်များ ဝမ်းရေးအတွက် ကြံခုတ်သည့် နေ့စားအလုပ် ရပ်နားထားရ

နောင်ချို စစ်ရှောင်များ ဝမ်းရေးအတွက် ကြံခုတ်သည့် နေ့စားအလုပ် ရပ်နားထားရ
နောင်ချိုမြို့နယ်အတွင်းမှ ကြံကားများ။
နောင်ချိုမြို့နယ်အတွင်းမှ ကြံကားများ။

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် နေထိုင်သည့် စစ်ရှောင်များသည် ဝမ်းရေးအတွက် ကြံခုတ်ပြီး ဝမ်းရေးဖြေရှင်းနေရပြီး လက်ရှိတွင် စစ်ကောင်စီနှင့် TNLA ပူပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်မှုကြောင့် ရပ်နားထားရကြောင်း သတင်းရရှိသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ၂၀၂၄ ခုနစ် ဇူလိုင်လတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့ပြီး နောင်ချိုမြို့နှင့် မိုင် ၂၀ ကျော်အကွာရှိသည့် တောင်းခမ်းအခြေစိုက် စစ်ကောင်စီ အမြောက်တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်မှာ ၈ လကျော် ကြာလာခဲ့သည်။

ထိုတိုက်ပွဲများကြောင့် နောင်ချိုမြို့ပေါ် ပြည်သူများနှင့် တောင်းခမ်းကျေးရွာ၊ အုမ္မသီး၊ အုမ္မခါးလမ်းခွဲနှင့် ကန့်ကော်ကျေးရွာ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။

ထိုစစ်ရှောင်များသည် လရှည်ကြာလာသည့်အလျောက် ဝမ်းရေးအတွက် ပြောင်းခြံ၊ ကြံခင်းနှင့် လယ်ယာခြံများတွင် နေ့စားလိုက်၍ အလုပ်လုပ်ကြရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံခဲ့သော်လည်း သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ဘဲ ပြီးဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ဒေသကို အပြင်းအထန် ပြန်လည်ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောင်ချိုမြိုနယ် တောင်းခမ်းရွာကိုလည်း အင်အားထပ်မံဖြည့်တင်းခဲ့သည်။

ထို့ကြောင့် နောင်ချိုမြို့နယ်အတွင်း စစ်ရေး တကျော့ပြန် ပြင်းထန်လာကာ ကြံခုတ်ခြင်း၊ လယ်ယာခြံ နေ့စားလိုက်သည့် စစ်ဘေးရှောင်များလည်း အလုပ်လက်မဲ့ပြန်ဖြစ်သွားပြီး ဆေးဝါးနှင့် စားဝတ်နေရေးအတွက် စိုးရိမ်မှုဖြစ်နေကြာင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တိုက်ပွဲသံ၊ လက်နက်ကြီးပစ်ခတ်သံ မကြားသည့်အချိန်တွင် နောင်ချိုစစ်ရှောင်များသည် နီးစပ်ရာ ကြံခင်းသို့သွားကာ ကြံပင်တစ်ပင်လျှင် ၁၅ ကျပ်နှုန်းဖြင့် နေ့စားလိုက်နေရပြီး တစ်ရက်လျှင် ဝင်ငွေ နှစ်သောင်းကျပ် ရရှိကြောင်း စစ်ရှောင်အမျိုးသမီးက ပြောသည်။

“တိုက်ပွဲအသံကို နားထောင်ပြီး သွားရတာ။ အခုက ပစ်နေတော့ လုံခြုံတဲ့နေရာမှာ ရှောင်နေရတယ်။ အခုထိတော့ ပစ်နေတုန်းဆိုတော့ ကြံခုတ်တာလည်း နားထားရတယ်” ဟု ၎င်းကဆိုသည်။

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီသည် လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့် မတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း အုမ္မသီးလမ်းခွဲ နမ့်ခေးလုံကျေးရွာအတွင်းသို့ ကျကာ နေအိမ် ၃လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၂၃ ရက်တွင်လည်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တောင်ရှည်ရွာနှင့် မန်မော်ရွာကြား စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် TNLA တပ်သား (၁၀) ဦး ထိခိုက်ဒဏ်ရာရပြီး (၄) ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ထို့ကဲ့သို့ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ကြံခုတ်သည့်အလုပ်ကို ရပ်နားရကာ နေ့စားလုပ်သူများလည်း ဝင်ငွေဆုံးရှုံးပြီး ကြံခြံပိုင်ရှင်များလည်း ဧက ထောင်ပေါင်းများစွာ ဆုံးရှုံးနေရကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲကြောင့် ကြံခုတ်တဲ့ နေ့စားလုပ်သူလည်း နားရသလို ခြံပိုင်ရှင်လည်း အကုန်ဆုံးရှုံးတယ်။ ပိုက်ဆံရှိတဲ့သူတွေတော့ မြို့ပေါ်တက်နေ၊ နေ့စားအလုပ်လုပ်တဲ့ ကျနော်တို့ကတော့ နီးစပ်ရာ လွတ်မယ်ထင်တဲ့နေရာပြေး၊ ဝမ်းရေးရှာမရတော့ အခက်တော့ကြုံတယ်” ဟု ၎င်းအမျိုးသားက ပြောသည်။

တိုက်ပွဲဖြစ်နေသော်လည်း စစ်ရှောင်များအတွက် အစားအသောက်ကူညီပေးမည့်သူများ မရှိသည့်အတွက် လက်ရှိတွင် ဝမ်းရေးကို ကိုယ်ထူကိုယ်ထ ဖြေရှင်းနေရသည်။

“အလုပ်က မရှိပေမယ့် စားဖို့ကလည်း ကိုယ့်ဘာသာကိုယ် စီစဉ်ရတော့ ကြံမခုတ်ရရင်တော့ ရှိတဲ့သူဆီက ချေးငှားစားသောက်ရတာပေါ့။ တနေ့ကို မိသားစုကုန်ကျတာက တစ်သောင်းခွဲကျော်ရှိနေပြီ” ဟု စစ်ရှောင်အမျိုးသမီးက ထပ်လောင်းပြောသည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီနှင့် TNLA နှစ်ဘက်တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့ဘဲ စစ်ကောင်စီဘက်မှ TNLA ထိန်းချုပ်နယ်မြေထဲ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ပြည်သူလူထု (၁၃) ဦး သေဆုံးခဲ့ပြီး (၃၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မတ်လ ၁ ရက်နေ့က TNLA မှ ထုတ်ပြန်ထားသည်။

Most read this week

April 29, 2025
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်အနီး ကြာတောရွာတွင်...
April 28, 2025
သျှမ်း – ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး...
မတ်လအတွင်း နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲသို့ စစ်ကောင်စီမှ လေကြောင်းနှင့် ဒရုန်းဗုံးကြဲမှုကြောင့် နေအိမ်မီးလောင်ပျက်စီးခဲ့စဉ်။
April 25, 2025
သျှမ်းပြည် နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲကျေးရွာတဝိုက်ကို အပစ်ရပ် သက်တမ်းတိုးထားသည့်...
April 24, 2025
သျှမ်းပြည် ကျေးသီးမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်၍ ငွေညှစ်...