AA အပါအဝင် အတိုက်အခံ အင်အားစုများကို ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် အိန္ဒိယဖိတ်ခေါ်

AA အပါအဝင် အတိုက်အခံ အင်အားစုများကို ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် အိန္ဒိယဖိတ်ခေါ်

အာရက္ခတပ်တော် (AA) အပါအဝင် မြန်မာစစ်အစိုးရအား ဆန့်ကျင်နေသည့်အတိုက်အခံ အင်အားစုများကို ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် အိန္ဒိယက မကြုံစဖူး ဖိတ်ခေါ်လိုက်ကြောင်း ရိုက်တာသတင်းကို ကိုးကားပြီး BDnews24ကသတင်းဖော်ပြသည်။

ဖိတ်ကြားထားသည့် အဖွဲ့များတွင် အိန္ဒိယနိုင်ငံ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်း၊ ရခိုင်နှင့် ကချင် ပြည်နယ်များမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စင်ပြိုင်အစိုးရဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG)တို့ပါဝင်သည်ဟုဆိုသည်။

လက်နက်ကိုင်အဖွဲ့များတွင် အိန္ဒိယနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်ရှိ အရေးပါသော နယ်မြေများကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်(AA)နှင့် မြန်မာ၏ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့်ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ ပါဝင်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါတွေ့ဆုံ နှီးနှောဖလှယ် ပွဲကို အိန္ဒိယအစိုးရ၏ ရန်ပုံငွေဖြင့် ကျင်းပမည်ဖြစ်ပြီးအိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S Jaishankar ပါ၀င်သည့် အိန္ဒိယကမ္ဘာ့ရေးရာကောင်စီ(ICWA) က အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်သည်။

နှီးနှောဖလှယ်ပွဲကို အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့၌ နိုဝင်ဘာလလယ်တွင်ကျင်းပမည်ဖြစ်သည်ဟု သိရသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်းဖိတ်ကြားမှုအား ကိုယ်တိုင်သိရှိထားသည့် လက်နက်ကိုင်အဖွဲ့တစ်ခုမှ ခေါင်းဆောင် တစ်ဦးနှင့် အခြားသတင်းအရင်းအမြစ်နှစ်ခုတို့ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

ယခု ဖိတ်ကြားမှုသည် အနောက်နိုင်ငံများက ဖယ်ကြဥ်ခြင်းခံထားရသည့် ထိပ်တန်းဗိုလ်ချုပ်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် တောင်အာရှ၏အင်အား ကြီး(အိန္ဒိယ) နိုင်ငံ၏ သိသာထင်ရှားသည့် ထူးခြားသောလုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြော ဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီးစစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် များဖြစ်ပွားလျက်ရှိနေပြီး ၊ မြန်မာနိုင်ငံနှင့် နယ်နမိတ် ကီလိုမီတာ ၁၆၅၀ (၁၀၂၅ မိုင်)ထိစပ်နေသည့် အိန္ဒိယ နိုင်ငံသည် ယခုအခါ ၎င်း၏ အဓိကအခြေခံအဆောက်အဦးစီမံကိန်းအချို့ကို မတည်မငြိမ်ဖြစ်စေသည့် အန္တရာယ်များနှင့်ရင်ဆိုင်နေရသည်။

အဆိုပါကိစ္စရပ်အား လျှို့ဝှက်ထားသောကြောင့် အသေးစိတ်ထုတ်ဖော်မပြောလိုကြောင်း အမည်မဖော်လိုသည့် အခြားသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် "ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် နှင့် ဖက်ဒရယ်စနစ်” ဟူသော ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ် ဆွေးနွေးကြမည်ဖြစ်ကြောင်း အဆိုပါပွဲသို့ မြန်မာ့စစ်အစိုးရအား ဖိတ်ကြားထားခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကိုလည်းမသိရှိရသေးကြောင်းအဆိုပါသတင်းရင်းမြစ်များကပြောဆိုသည်။

ဆွေးနွေးပွဲဖိတ်ကြားမှုနှင့်ပတ်သက်ပြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး(CNF) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးရွှေခါးက “ ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို ဆွေးနွေးပွဲကိုတက်ဖို့အတွက် စေ လွှတ်သွားမှာဖြစ်ပါ တယ်"လို့ ပြောဆိုပါတယ်။

" နိုင်ငံတော်(အစိုးရ)မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အိန္ဒိယက တရားဝင်ထိတွေ့ ဆက်ဆံတာ ဒါပထမဆုံး အကြိမ်လို့ ကျနော်ထင်ပါတယ်။ ဒါက ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတစ်ခုပါ ပဲ”ဟု၄င်းကဆက်လက်ပြောဆိုသည်။

အဆိုပါဖိတ်ကြားမှုအပေါ် မှတ်ချက်တောင်းခံရာတွင် မြန်မာစစ်တပ် မှ ပြောရေးဆိုခွင့်ရှိသူက တယ်လီဖုန်းခေါ်ဆိုမှုကိုပြန်လည် ဖြေကြားခြင်းမရှိပေ။

ထို့အပြင် အိန္ဒိယအစိုးရနှင့်အိန္ဒိယကမ္ဘာ့ရေးရာကောင်စီ( ICWA) တို့သည် လည်း မှတ်ချက်ပေးရန် တောင်းဆိုထားမှုများအပေါ် ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။

NUG ၏ ပြောရေးဆိုခွင့်ရှိသူက လည်း အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ရခိုင်တပ်တော်(AA)နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကလည်း မှတ်ချက်ပေးရန် တောင်းဆိုခဲ့မှုများအပေါ်တွင် ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။

Most read this week

September 23, 2024
ရခိုင်ပြည်မြို့တော် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ(ANP) ပါတီ ဗဟိုရုံးချုပ်ကို စစ်ကောင်စီက...
September 21, 2024
ယခုနှစ် မိုးရာသီအတွင်း ရခိုင်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု...
September 20, 2024
ရခိုင်ပြည်၊မောင်တောမြို့ ၃ မိုင်နှင့် မကျည်းချောင်းကျေးရွာအနီးအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ...
September 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကို...