ဗန်းမော်မြို့ကို စစ်သင်္ဘောတစ်စီးရောက် လာတယ်လို့ ဗိုလ်မှူးကြီး နော်ဘူအတည်ပြု

ဗန်းမော်မြို့ကို စစ်သင်္ဘောတစ်စီးရောက် လာတယ်လို့ ဗိုလ်မှူးကြီး နော်ဘူအတည်ပြု

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတစ်စီးနဲ့ မနေ့ ညနေပိုင်း ၃ နာရီဝန်းကျင် ကချင်ပြည်နယ် ဗန်းမော်မြို့ကိုရောက်ရှိလာပြီဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကအတည်ပြုပါတယ်။

ဗန်းမော်မြို့နယ်ကိုရောက်ရှိလာတဲ့ စစ်သင်္ဘောတွေထဲမှာ စစ်လက်နက်ရိက္ခာတင်ယာဥ် သင်္ဘောအကြီးစား တစ်စီးနဲ့ အဲ့ဒီစစ်သင်္ဘောတွေကိုတွန်းဖို့အတွက် သံခွန်ယာဥ် ၂ စီး ရောက်လာတယ်လို့ KIO သတင်းနဲ့ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

“စကစရဲ့သင်္ဘောတွေက အားလုံးက ဘယ်နှစ်စီးတက်လာတယ်တော့အတိအကျမသိဘူး။ ကြားတာကတော့ ၈ စီးလို့ပြောတာပေါ့နော်။ မနေ့ကတော့ သင်္ဘောအကြီးနဲ့ သူ့ကိုလုံခြုံရေးယူတဲ့သံခွန် ၂စီး စုစုပေါင်း ၃ စီး တော့ ဗန်းမော်ကိုရောက်သွားတယ်။ ၂ စီးကတော့ ပစ္စည်းတင်တာမဟုတ်ဘူး လုံခြုံရေး ရှေ့ပြေးလုပ်ပေးတဲ့ နှစ်စီးပါ”လို့ပြောပါတယ်။

မန္တလေးဂေါဝန်ဆိပ်ကနေ စစ်သင်္ဘောတွေဆန်တက်လာချိန်မှာတော့ စုစုပေါင်း ၈ စီးရှိတယ်လို့သိရပြီး ကျန်တဲ့စစ်သင်္ဘောတွေဟာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှု တွေအကြား ပျက်ဆီးခဲ့ရကြောင်း သတင်းရရှိတယ်လို့ ဗိုလ်မှူးကြီးကပြောပါတယ်။

တစ်ဖက်မှာ စစ်သင်္ဘော အရေအတွက်နဲ့ပတ်သက်ပြီး ဗန်းမော်မြို့ကို စစ်သင်္ဘော ၆ စီးဆိုက်ရောက်လာပြီး အဲ့ဒီထဲမှာ စစ်လက်နက်ရိက္ခာတင်သင်္ဘောက ၂ စီးပါဝင်တယ်လို့ သတင်းတွေအမျိုးမျိုးထွက်ပေါ် နေပြီး KNG က သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

“အခုကြားရတဲ့သတင်းအရတော့ ဗန်းမော်မှာ ၇ စီးကပ်ထားပြီလို့ပြောတယ်ဗျ။ စင်းခန်းဘက်မှာ ကြိုးတားထားတာ ပြတ်သွားလို့ ဆုတ်ပေးလိုက်ရတယ်လို့သိရပါတယ်“လို့ဗန်းမော်မြို့နယ်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက စစ်သင်္ဘောတွေရောက်လာတဲ့အကြောင်း KNG ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကတည်းက ရွှေကူမြို့နယ်ကို ဆိုက် ရောက်ခဲ့ပြီး နှစ်ပတ်ကျော်ကြာ ပြင်ဆင်မှုတွေလုပ်ပြီးမှ အထက်ဘက်ကိုပြန်ဆန်တက်ခဲ့တာဖြစ်ပါတယ်။

ရွှေကူမြို့နယ်ကနေ ဗန်းမော်ကိုဦးတည်ပြီးစတင်ဆန်တက်တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကဆိုရင် ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြောင့် သင်္ဘောနှစ်စီးထိမှန်ပျက်ဆီးခဲ့သလို နောက်ပြန်ဆုတ်ခွာရတဲ့ အထိ အထိနာခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ စစ်သင်္ဘောတွေဆက်လက်ဆန်တက်ခဲ့ကြပြီး KIA၊ PDF ပူးပေါင်းတပ်ဘက်ကလည်း တားဆီးဖို့ကြိုးစားခဲ့ကြပေမဲ့ စစ်ကောင်စီရဲ့လေကြောင်းသုံး တိုက်ခိုက်မှု၊ လက်နက်ကြီးအသုံးပြုတိုက်ခိုက်တာတွေကြောင့် မတားဆီးနိုင်ခဲ့တာလို့ ရှေ့တန်းရောက် ရွှေကူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“လေယာဥ်က တစ်ခါကြဲရင် အလုံး ၂၀ လောက်ကြဲတယ်။ ဆက်တိုက်ပဲ ခေါင်းတောင်ဖော်လို့မရဘူး။ တားထားတဲ့ ဝင့်ကြိုးကလည်း တစ်ဖက်ကမ်းကနေ ဝင့်ကြိုးနားကိုကပ်ပြီး မိုင်းခွဲဖျက်လိုက်တာ“လို့ ပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်သင်္ဘောတွေဟာ ဗန်းမော်မြို့ကိုဆိုက်ရောက်နေပြီဖြစ်တဲ့အတွက် ဗန်းမော်မြို့ကမ်း နားတစ်လျှောက်ဝင်ပေါက်တွေမှာ ဝါးလုံးတားဂိတ်တွေပြုလုပ်ကာ အမျိုးသားတွေကို ကမ်းနားတစ်ဝှိုက် ဝင်ထွက်သွားလာခွင့်ပိတ်ထားတယ်လို့ ဗန်းမော်ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေဟာ မန္တလေးမြို့ကနေ ကချင်ပြည်နယ်အထိ စစ်ရိက္ခာဖြည့်တင်းဖို့ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာတာဖြစ်ပြီး ဆန်တက်လာတဲ့လမ်းတစ်လျှောက်ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၁ ဦးထက်မနည်းသေဆုံးခဲ့ရပါသေးတယ်။

September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...
September 13, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ...