ကျောက်ဖြူ သံဇစ်မြစ်ကြောင်းကို တူးဖော်နေ၍ သဘာ၀ပတ်ဝန်းကျင်များ ပျက်စီးဆုံးရှုံးမှုရှိနေ

ကျောက်ဖြူ သံဇစ်မြစ်ကြောင်းကို တူးဖော်နေ၍ သဘာ၀ပတ်ဝန်းကျင်များ ပျက်စီးဆုံးရှုံးမှုရှိနေ

မဒေးကျွန်း ဆိပ်ကမ်းသို့ တရုတ်ရေနံ သင်္ဘောများဝင်ထွက်ရာ ရခိုင်ပြည်၊ ကျောက်ဖြူ မြို့နယ်အတွင်းမှ သံဇစ် မြစ်ကြောင်းအား စတင်တူးဖော်နေပြီး သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုများ ရှိနေကြောင်း  ဒေသခံများက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် တရုတ်အစိုးရပိုင် လုပ်ငန်းခွဲတစ်ခုဖြစ်သည့် CNPC-SEAP တို့ ပူးပေါင်းထားသော အရှေ့တောင်အာရှ ရေနံပိုက်လိုင်း ကုမ္ပဏီလီမိတက် (South-East Asia Crude Oil Pipeline Company limited) တို့က ပူးပေါင်း တူးဖော်နေခြင်းဖြစ်သည်ဟု သိရသည်။

ကျောက်ဖြူဒေသခံ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက "သံဇစ်မြစ်ကို တူးနေကြပြီ။ မဒေးကျွန်းကနေစပြီးတော့ သံဇစ်မြစ်ကြောင်းတစ်လျှောက်ကို သူတို့တူးဖော်ရေး စက်ကိရိယာတွေ၊ သင်္ဘောတွေနဲ့ တူးနေကြတာပါ"ဟု ပြောသည်။

စက်တင်ဘာလအစောပိုင်းမှစတင်ကာ သံဇစ်မြစ်ကြောင်းတစ်လျှောက်ကို ခေတ်မီ တူးဖော်ရေး စက်ကိရိယာများဖြင့် တူးဖော်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

သံဇစ်မြစ်ကြောင်းတူးဖော်ရာမှ ထွက်လာသည့် သန္တာကျောက်တန်းများမှ မြေစာများအား ညဥ့်အချိန် တရုတ်သင်္ဘော များဖြင့် သယ်ယူပြီး ပင်လယ်ထဲတွင်သွားပစ်နေကြောင်းလည်း ဒေသခံ တစ်ဦးက ပြောသည်။

"မြစ်တူးတာကထွက်တဲ့မြေစာတွေကို ပင်လယ်ထဲကိုသင်္ဘောတွေနဲ့သွားပြီးစွန့်ပစ်ကြတယ်။ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုတွေကတော့ အကြီးအကျယ်ဘဲ။ ရေနေသတ္တဝါတွေ ကျက်စားနေထိုင်တဲ့ သဘာ၀ ရေအောက်ကြမ်းခင်းတွေလည်း ပျက်စီးကုန်တာပေါ့ "ဟု ပြောသည်။

ရေနံတင်သင်္ဘောများဝင်ထွက်မှုကြောင့် မြစ်ကြောင်းပျက်စီးနေသည့် သံဇစ်မြစ်မှာ ယခင်ကလည်းတူးဖော်ပြီးသားဖြစ်သလို ယခုထပ်မံတူးဖော်မှုကြောင့် မြစ်အတွင်း ကျန်ရှိနေသည့် သားငါးမျိုးစိပ်များနှင့် ရေနေသယံဇာတများအားလုံး ထပ်မံပျက်စီးရုံ သာရှိကြောင်း ကျောက်ဖြူမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ  ဦးထွန်းကြည်က သုံးသပ်ပြောဆိုသည်။

“ အရင်လည်း တူးထားပြီးပြီ။ အခုလည်းထပ်တူးတယ်ဆိုတော့ မြစ်အတွင်း ကျန်ရှိနေတဲ့  သားငါးမျိုးစိပ်တွေနဲ့ ရေနေသယံဇာတတွေအားလုံး ထပ်မံပျက်စီးရုံ သာရှိပါတယ်” ဟု ပြောသည်။

ယခုသံဇစ်မြစ်အား တူးဖော်နေသဖြင့် သဘာ၀ပတ်ဝန်းကျင် ပျက်စီးသည့်အပြင် ဒေသခံ ပြည်သူများ လုပ်ကိုင်စားသောက်နေတဲ့ ငါးဖမ်းလုပ်ကွက်များလည်း ပျက်စီးကုန်သဖြင့် ဒေသခံပြည်သူများက ၎င်းတူးဖော်မှုက လက်မခံကြဟု သိရသည်။

မဒေးကျွန်းမှ ရေနံများကိုသယ်ယူမည့် ရေနံတင် သင်္ဘောကြီးများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရန်ဟု ဆိုကာ သံဇစ်မြစ်ကြောင်းတူးဖော်ရေးစီမံကိန်းကို ဇူလိုင်လ ၁၅ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ပြုလုပ်မည်ဟု ဇူလိုင်လအစောပိုင်းတွင် စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် ယခု စတင်တူးဖော်နေခြင်းဖြစ်သည်။

တူးဖော်နေစဥ်ကာလအတွင်း ဒေသခံများအနေဖြင့် သံဇစ်မြစ်အတွင်းသွားလာခြင်း၊ ငါးဖမ်းခြင်းများမပြုလုပ်ရန် စစ်ကောင်စီက ဒေသန္တရအမိန့်ထုတ်ပြီး တားမြစ်ပိတ်ပင် ထားသည်။

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလအတွင်းကပင် သံဇစ်မြစ်ကြောင်းတစ်လျှောက် ဒေသခံများဖြတ်သန်းသွားလာခွင့်နှင့် ငါးဖမ်းခွင့်များကို စစ်ကောင်စီက တားမြစ်ပိတ်ပင်ထား၍ အဆိုပါမြစ်ကိုမှီခိုအသက်မွေးသည့်ဒေသခံရေလုပ်သားများမှာ စားဝတ်နေရေးအပါအဝင် ကျန်းမာရေးကိစ္စရပ်များ အဘက်ဘက်မှဆုတ်ယုတ်လာပြီး အထူးအခက်ခဲကြုံနေကြရသည်ဟု သိရသည်။

ကျောက်ဖြူမြို့နှင့် ၁၀ မိုင်ခန့်အကွာ တရုတ်ရေနံပိုက်လိုင်းအစပြုရာ မဒေးကျွန်းတွင် ပရိန်၊ ကျောက်တန်း၊ ရွာမ၊ ကျောက်မော်ကြီး စသည့် ကျေးရွာလေးရွာခန့်ရှိရာ လူဦးရေ၏ သုံးပုံနှစ်ပုံလောက်မှာ ရေလုပ်ငန်းဖြင့်အသက်မွေးကြသူများဖြစ်ကြသည်ဟု သိရသည်။

စစ်ကောင်စီနေဗီများက သံဇစ်မြစ်ကြောင်းတွင် စောင့်ကြပ်နေပြီး ဖြတ်သန်းသွားလာသည့် ဒေသခံစက်လှေများကို လိုက်လံပစ်ခတ်မှုများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် တရုတ်တို့၏ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့စီမံကိန်းကြီးများတည်ရှိပြီး နှစ်စဉ် ဘီလီယံနှင့် ချီပြီး စစ်ကောင်စီက ဝင်ငွေရနေသော်လည်း ဒေသခံပြည်သူများမှာ တစ်စုံတစ်ရာ အကျိုးခံစားခွင့်မရှိဘဲ ဆင်းရဲတွင်းနက်နေကြရသည်ဟု သဘာ၀ ပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူများက ပြောသည်။

တရုတ်အစိုးရသည် စစ်ကောင်စီနှင့် ပူပေါင်းကာ ဒေသခံပြည်သူများ၏ အရေးကို လျစ်လျူရှုပြီး  သူတို့၏ အကျိုးစီးပွားအတွက် ရခိုင်တွင် နောက်ထပ် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ အထူးစီးပွားရေးဇုန် စီမံကိန်ကြီးများကို လုပ်ကိုင်ရန် စိုင်းပြင်းလျှက် ရှိနေကြောင်း သိရှိရသည်။

September 19, 2024
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျှော...
September 19, 2024
ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ရေဘေးဒဏ်ကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံးပြီး ကျေးရွာပေါင်း ၂၀...
September 18, 2024
စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် မကြာခဏ ဗုံးကြဲနေ...
September 18, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းတစ်ဘက်ကမ်းရှိ ရွှေပြည်သာကျေးရွာမှ နှင်ထုတ် ခံခဲ့ကြရသည့်...