ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်တာတွေရှိနေ

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်တာတွေရှိနေ

လာမယ့်အောက်တိုဘာမှာ စစ်ကောင်စီကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းဟာ ပြည်လုံးကျွတ်ကောက်ယူနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

အကြောင်းအရင်းမှာ နိုင်ငံအနှံ့နီးပါး ဖြစ်ပွားခဲ့တဲ့ ရေဘေးသင့်မှုအပါအဝင် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ လက်လွှတ်ထားရတဲ့ နယ်မြေတွေကြောင့်လို့ ဆိုပါတယ်။

ရေဘေးသင့်မှုကြောင့် လူသားချင်းစာနာမှုအကူအညီတွေရရှိဖို့ ကြိုးပမ်းနေချိန်မှာ စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူဖို့ ဘယ်နှစ်ရက်သာ လိုတော့တယ်ဆိုပြီး နေ့စဉ်နဲ့အမျှ ဆော်ဩနေတာပါ။

မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံမှာ မြို့နယ် ၁၀၀ နီးပါးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ PDF တွေက ထိန်းချုပ်လွှမ်းမိုးထားတဲ့အတွက် ကျန်တဲ့ မြို့နယ်တစ်ဝက်မှာ အပြန်အလှန် တိုက်ခိုက်နေကြတာပါ။

ဒါကြောင့် စစ်‌ကောင်စီအနေနဲ့ မြို့နယ် ၁၀၀ လောက်သာ ကောက်ယူနိုင်မှာဖြစ်ပြီး ၁၅ ရက်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“သူလုပ်သမျှ အစီအစဉ်အားလုံးက အဖျက်အမှောင့်တွေ မျိုးစုံကြုံနေရတာ။ အခုသဘာဝဘေး ဒဏ်ဆိုတာလည်း မင်းအောင်လှိုင်ရဲ့ အစီအစဉ်ကို ထပ်ပြီးဖျက်လိုက်တဲ့ နောက်တစ်ခုပါ။ ဒါကြောင့်မို့ အရင်ကထက်တောင်မှ မင်းအောင်လှိုင်မျှော်မှန်းသလောက် မြို့နယ် ၁၀၀ မှာ ဖြစ်နိုင်ဖို့ဆိုတာမရှိပါဘူး။ အဲဒီတော့ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူမှု၊ လူဦးရေကန့်သတ်မှုဆိုတာ ပြည် လုံးကျွတ်လက္ခဏာမဆောင်တဲ့အပြင် တိုင်းပြည်ရဲ့သုံးပုံတစ်ပုံလောက်သာ ရှိနိုင်တယ်။ အဲဒီထက်မပိုနိုင်ဘူးလို့ ယူဆပါတယ်”လို့ ဆိုပါတယ်။

လာမယ့်အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းကို နိုင်ငံတဝန်းမှာ တပြိုင်နက်တည်း ကွင်းဆင်းကောက်ယူဖို့ စစ်ကောင်စီက လွန်ခဲ့တဲ့ နှစ်တွေကတည်းက ပြင်ဆင်ထားတာပါ။

နိုင်ငံရဲ့လက်ရှိနဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံနိုင်ဖို့ တိကျမှန်ကန်တဲ့ လူဦးရေဆိုင်ရာ ကိန်း ဂဏန်းတွေ အမှန်တကယ်ရရှိဖို့ လိုအပ်တာကြောင့် သန်းခေါင်စာရင်းကောက်ယူဖို့ ဆုံးဖြတ်ခဲ့တာလို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ မဲစာရင်းတိကျမှန်ကန်စေရေး လုပ်ဆောင်ရာမှာလည်း အသုံးပြုနိုင်မယ်လို့ သူကပြောကြားထားတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက လိုအပ်ချက်အရ လုပ်မယ်ဆိုရင် တိုင်း ပြည်အနေအထား ပုံမှန်ဖြစ်နေဖို့လိုအပ်ပြီး သန်းခေါင်စာရင်းနဲ့ ရွေးကောက်ပွဲအချက်အလက်ဟာ တူမနေဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒါပေမယ့် လိုအပ်ချက်အရ လုပ်မယ်ဆိုရင် တိုင်းပြည်အနေအထားက ပုံမှန်ဖြစ်နေဖို့ လိုတယ်။ အခုလို ပဋိပက္ခတွေဖြစ်ပြီးတော့ တိုက်ခိုက်နေတဲ့ အခြေအနေမျိုးမှာ ၂၀၁၄ အရ ကောက်ခဲ့တဲ့ဟာလိုမျိုး ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ဖို့ ဆိုတဲ့ဟာမဖြစ်နိုင်ဘူး။ နောက်တစ်ခုက သန်း ခေါင်စာရင်းကောက်ယူရတဲ့ အချက်အလက်နဲ့ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့အချက်အလက် တူမနေဘူး”လို့ ဆိုပါတယ်။

သန်းခေါင်စာရင်းဟာ လူဦးရေကျားမ၊ နေရာဒေသ၊ လူမျိုး၊ ဘာသာ၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ချိတ်ဆက်ကောက်ယူရတဲ့ အချက်အလက်ဖြစ်ပြီး ရွေးကောက်ပွဲမဲစာရင်းဟာ နိုင်ငံသားတွေထဲက ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့သူတွေကိုသာ ကောက်ယူရတာလို့ သူကဆက်ပြောပါတယ်။

ဒါကြောင့် သဏ္ဍန်မတူတဲ့အရာနှစ်ခုကို စစ်ကောင်စီက ရောနှောတဲ့ပုံစံမျိုးတွေ့ရပြီး တည်ရှိနေတဲ့ နိုင်ငံအနေအထားအရ ကောက်ယူဖို့ ကြိုးစားတာဟာ နိုင်ငံရေးအရ အသုံးပြုလိုတဲ့ အချက်အလက် ကောက်ယူမှုတစ်ခု ဖြစ်တယ်ဆိုတာ ငြင်းလို့ရမှာ မဟုတ်ဘူးလို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

စစ်ကောင်စီကတော့ သန်းခေါင်စာရင်းကောက်ယူရာမှာ ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နဲ့ ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့်တို့ကို စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ခန့်နဲ့ ဆောင်ရွက်သွားမယ်လို့ အသိပေးထားတာပါ။

ဒါ့အပြင် စာရင်းစစ် စာရင်းကောက်သူ ၄၂, ၀၀၀ ခန့်နဲ့ အိမ်ထောင်စု မေးခွန်းပုံစံ ၆၈ ခုအပါအဝင် အဖွဲ့အစည်းအတွက် မေးခွန်းပုံစံ ၁၈ ခုကို တစ်အိမ်တက်တစ်အိမ်ဆင်း ကောက်ယူသွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံရေးမတည်ငြိမ်မှုတွေကြားကနေ နိုင်ငံအနှံ့နီးပါး ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူ့အသက်ပေါင်းများစွာ သေကြေခဲ့ရသလို အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေလည်း မ‌ရေတွက်နိုင်အောင်ရှိနေတာပါ။

ဒီအတွက်ကြောင့် အထောက်အထားပျောက်ဆုံးမှုတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလည်း အချိန်အများကြီး လိုအပ်လိမ့်မှာဖြစ်တဲ့အတွက် သန်းခေါင်စာရင်းကောက်ယူဖို့ မသင့်ဘူးဆိုတဲ့ ဝေ ဖန်မှုတွေလည်း ရှိနေပါတယ်။

ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ သဘာဝဘေးဒဏ်ကြောင့် အထောက်အထားတွေနဲ့ဆိုင်တဲ့ ကိစ္စတွေ အကုန်းလုံးပျောက်ဆုံးတာတွေ ရှိတဲ့အတွက် စာရင်းကောက်ယူရာမှာ အငြင်းပွားဖွယ်ရာတွေ အများကြီးရှိနိုင်တယ်လို့ ထောက်ပြပါတယ်။

“အခုသဘာဝဘေးအန္တရာယ်ကြောင့်မို့ သူတို့ရဲ့ မှတ်ပုံတင်တွေ အထောက်အထားတွေနဲ့ဆိုင်တဲ့ ကိစ္စတွေ အကုန်လုံးပျောက်ဆုံးတဲ့ဟာတွေ ရှိတယ်၊ လူဦးရေ ရှိတယ်။ အဲဒီလိုမျိုးဟာတွေ ကျွန်တော်တို့ ဘယ်စာရင်းထဲမှာ ထည့်မယ်ဆိုတဲ့ဟာ အငြင်းပွားဖွယ်ရာ အများကြီးရှိနိုင်တယ်။ အဲဒီအတွက်ကြောင့်မို့ ကောက်ယူမှုကတော့ မလုပ်သင့်တဲ့ဟာတစ်ခုဖြစ်တယ်”လို့ ဆိုပါတယ်။

ရေဘေးနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အစိုးရအနေနဲ့ ကူညီကယ်ဆယ်ရေးတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် စီစဉ်နေတယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက် ညပိုင်းအထိ စစ်ကောင်စီ စာရင်းတွေအရ ရေကြီးရေလျှံမှု မြေပြိုမှုကြောင့် လူဦးရေ ၃၂၀,၀၀၀ ကျော် ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းခဲ့ရပြီး သေဆုံးသူ ၁၁၀ ကျော်နဲ့ ပျောက်ဆုံးသူ ၆၀ ကျော်ရှိနေတာပါ။

တစ်ဘက်မှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် နည်းပြသင်တန်းကို တိုင်းနဲ့ ပြည်နယ်အလိုက် ပြုလုပ်နေပြီး သင်တန်းဆင်းပွဲကို စက်တင်ဘာ ၁၅ ရက်နေ့က ရန်ကုန်၊ဧရာဝတီနဲ့ ဒေသတချို့မှာ ကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Most read this week

September 16, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံးသူ...
September 14, 2024
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီစခန်းကို စက်တင်ဘာ ၁၂ ရက်နေ့...
September 13, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လာမယ့်...
September 12, 2024
မွန်ပြည်နယ် ရေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထံ ငွေကြေးထောက်ပံ့တာတွေ လုပ်...