နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ် ရှာဖွေနေဟု 7 EAO Alliance ပြော

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ် ရှာဖွေနေဟု 7 EAO Alliance ပြော

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကို အွန်လိုင်းဖြင့် ကျင်းပပြီးစီးခဲ့ရာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ်ကို ရှာဖွေနေသည်ဟု စုံစမ်းသိရသည်။

စက်တင်ဘာလ (၁၀) ရက်မှ (၁၁) ရက်အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့ အစည်းအဝေး ဒုတိယအကြိမ်ကို အွန်လိုင်းမှတဆင့် ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခ အကြပ်အတည်းမှ ကျော်ဖြတ်ရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ်ကို ရှာဖွေနေကြောင်း အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။

“လမ်းသစ်ဆိုတာကလည်းပဲ တခြားတော့ မဟုတ်ပါဘူး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုပါပဲ။ နိုင်ငံရဲ့ လက်ရှိ ပကတိ အနေအထားအရ ဟိုဘက်ဒီဘက် ပေါ့ပေါ့ပါးပါးနဲ့ လိုက်ပါဆောင်ရွက်လို့ရအောင် ကျနော်တို့ EAO (၁၂) ဖွဲ့က သဘောတူထားပြီးသားဖြစ်တဲ့ ဖက်ဒရယ်အခြေခံမူ (၂၄) ချက်ကို ဆွေးနွေးဖို့ စဉ်းစားထားတယ်”ဟု 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ KNU/KNLA(PC)မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အွန်လိုင်းဖြင့် ဒုတိယအကြိမ် တွေ့ဆုံခဲ့သည့် 7 EAO Alliance ဦးဆောင်မှုကော်မတီ အစည်းအဝေးသို့ အဖွဲ့ဝင် အဖွဲ့အစည်း (၇) ဖွဲ့မှ ခေါင်းဆောင်များ အားလုံး တက်ရောက်ပြီး အတွင်းရေးမှူး အဖွဲ့မှ တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာနှင့် လုပ်ငန်းအစီရင်ခံစာများအပေါ် ဆွေးနွေးသုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ဟာ ဆွေးနွေးတာနဲ့ပဲ အချိန်ကုန်တာ မဟုတ်ဘဲနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့အတွက် ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ပူးတွဲပြီးတော့ ပြည်နယ်အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ နည်းလမ်းတွေကိုလည်း အဲ့လိုဆွေးနွေးရင် ကောင်းမလားဆိုတဲ့ စဉ်းစားချက်တွေ ရှိတယ်”ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတဝှမ်း ထွက်ပေါ်လာနေသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ အနာဂတ်အတွက် နဂိုစဉ်းစားချက်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေးအတွက်လည်း စတင်ပြောဆိုရန် စဉ်းစားချက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၃) ရက်တွင် စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) မှ 7 EAO Alliance အဖွဲ့ဝင်များကို နေပြည်တော်၌ ဖိတ်ခေါ်တွေ့ဆုံခဲ့ပြီး နိုင်ငံရေးပါတီ အစုအဖွဲ့နှင့်လည်း သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ကြသည်။

“တစ်ဖွဲ့ချင်းစီကို ဖိတ်တယ်၊ တစ်ဖွဲ့ချင်းစီရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ တက်တဲ့အခါကျတော့ 7 EAO Alliance (၇) ဖွဲ့ထဲမှာကတော့ RCSS တစ်ဖွဲ့တော့ မတက်နိုင်ခဲ့ဘူး။ ကျန်တဲ့ ၆ ဖွဲ့စလုံးက တက်ဖြစ်ပါတယ်။ မှန်ပါတယ် NSPNC နဲ့ တွေ့ဆုံတာ” ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လာမည့် အောက်တိုဘာလထဲတွင် စစ်ကောင်စီလက်အောက်ခံ NSPNC ၊ နိုင်ငံရေးပါတီ အစုအဖွဲ့တို့နှင့် ထပ်မံတွေ့ဆုံရန်ရှိပြီး NCA စာချုပ် လက်မှတ်ရေးထိုးခြင်း (၉) နှစ်ပြည့် အခမ်းအနားနှင့် သက်ဆိုင်ခြင်း ရှိ မရှိ ကို မသိနိုင်သေးကြောင်း ဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့သည် မတ်လ(၁၇/၁၈)ရက်တို့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး စုဖွဲ့မှုပုံစံအသစ်အဖြစ် “7 EAO Alliance”ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

7 EAO Alliance မဟာမိတ်အဖွဲ့တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် မွန်ပြည်သစ်ပါတီ(NMSP) တို့ ပါဝင်ထားသည်။

Most read this week

September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...
September 18, 2024
ယခုရက်ပိုင်းအတွင်း ရေဘေးကူညီရန်အတွက် ငွေလွဲသည့် KBZ Pay အကောင့်များနှင့် ပြည်သူများ၏...
September 16, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က...
September 16, 2024
သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...