နောင်ချို စစ်ဘေးရှောင် ၅ ထောင်ကျော် ဆေးဝါးနှင့်ရိက္ခာ အရေးပေါ်လိုအပ်၊ ရွာပြင်မှာ တဲထိုးနေရ

နောင်ချို စစ်ဘေးရှောင် ၅ ထောင်ကျော် ဆေးဝါးနှင့်ရိက္ခာ အရေးပေါ်လိုအပ်၊ ရွာပြင်မှာ တဲထိုးနေရ

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၅၀၀၀) ကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း တစ်ကျော့ပြန် စတင်ခဲ့သည့် စစ်ကောင်စီတပ် နှင့် မန္တလေး-PDF တပ်ဖွဲ့တို့၏ ပြင်ဦးလွင်-နောင်ချိုနယ်စပ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် သရက်ကုန်းနှင့် ဆီဆုံကျေးရွာအုပ်စုမှ စစ်ဘေးရှောင် (၅၀၀၀) ကျော်သည် လုံခြုံရေးအရ ကျေးရွာထဲ မဝင်ရဘဲ လယ်တောထဲတွင် တဲထိုးနေထိုင်ရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ယခုကဲ့သို့  မိုးရာသီတွင် နေရာထိုင်ခင်းအခက်အခဲကြောင့် တဲနေထိုးနေရသည့်အပြင် ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း နောင်ချိုစစ်ဘေးရှောင်များက ပြောသည်။

“ အခြေအနေကတော့ စားစရာလည်း မရှိဘူး၊ တဲကလည်း မလုံတော့ မိုးရွာတာနဲ့ မိုးယိုတာ။ အလုပ်ကလည်း မလုပ်ရဘူး ဆိုတော့ တော်တော်လေး ဒုက္ခရောက်တယ်။ အခုက ရွာထဲမဝင်ရဘဲနဲ့ ရွာအရှေ့ဘက်မှာ လယ်ထဲ တဲထိုးနေရတာ။ နိုင်ငံရေး ပြန်ကောင်းမှ ရွာထဲပေးဝင်မယ်လို့ ပြောတာ။ ပြည်သူ့ကာကွယ်ရေးတပ်က ပြောတာ”ဟု နောင်ချိုမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြင်ဦးလွင်-နောင်ချိုနယ်စပ်ရှိ သရက်ကုန်း၊ ဆီဆုံနှင့် သံဘိုကျေးရွာအုပ်စုတို့တွင် ပြီးခဲ့သည့် ဧပြီလ နှောင်းပိုင်းကတည်းက စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတောက်လျှောက် ဖြစ်ပွားလာခဲ့သည်။

နောင်ချိုမြို့နယ် သရက်ကုန်းနှင့် ဆီဆုံကျေးရွာအုပ်စုရှိ ကျေးရွာများထဲတွင် PDF တပ်ဖွဲ့များ ဝင်ရောက်နေရာယူထားကြောင်း စစ်ဘေးရှောင်များက ပြောဆိုနေခြင်းကြောင့် သျှမ်းသံတော်ဆင့်အနေဖြင့် မန္တလေး-PDF ထံသို့ ဆက်သွယ်ခဲ့မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ယင်းကဲ့သို့ အရပ်သားများ နေထိုင်ရာ၊ စစ်ဘေးရှောင်စခန်းများ ရှိရာသို့ တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်သားများ ဝင်ရောက် နေရာယူခြင်း နှင့် တိုက်ခိုက်မှု ပြုလုပ်ခြင်းတို့သည် စစ်ရာဇဝတ်မှု (war crimes) ပြစ်မှုမြောက်သကဲ့သို့ မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာ ကွန်ဗင်းရှင်း စာပိုဒ်ပါ စစ်ပွဲအတွင်း အရပ်သားများ ထိခိုက်ကာကွယ်မှုကို အကာအကွယ်ပေးရမည့် စာချုပ်ကိုလည်း ကျူးလွန်ရာ ဖြစ်နေသည်။

နောင်ချိုမြို့နယ်အတွင်းရှိ ဆီဆုံ၊ ပါဟက်၊ မန်နား၊ ပန်ခံ၊ ဇာလီ၊ သရက်ကုန်း၊ ချောင်းကြီး စသည့် ကျေးရွာများမှ အိမ်ထောင်စု (၁၀၀၀) ကျော်သည် နှစ်ဘက်တိုက်ပွဲအတွင်း အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်ရပြီး စစ်ဘေးရှောင်စခန်း အတည်တကျ မရှိခြင်းကြောင့် အကူအညီ လက်ခံရရှိမှု နည်းပါးကြောင်း သိရသည်။

လက်ရှိတွင် လယ်တောထဲ နေထိုင်နေရသည့် စစ်ဘေးရှောင်ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် ဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်ပေါ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် နောင်ချိုမြို့နယ် ပါဟက်ကျေးရွာအနီး စစ်ဘေးတိမ်းရှောင်နေသည့် အသက်(၂၂) နှစ်အရွယ် လူငယ်တစ်ဦးသည် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားခဲ့ရာ အချိန်မီ ဆေးကုသမှု မရရှိခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“စစ်ဘေးရှောင်ကလေးတွေလည်း အပြင်းဖျားပြီး ထမင်းမစားနိုင် ဖြစ်ကြတာ။ ဖျားတာ ၇/၈ ရက် ရှိပြီ၊ အပူတက်ပြီး ဖျားတာ။ လမ်းမကောင်းတော့ ကူတဲ့လူလည်း မရောက်ဘူး။ စစ်ရှောင်ရင်း ဖျားလို့ ဆုံးတာ အသက် ၂၂ ပဲ ရှိသေးတာ၊ ဗိုက်နာလို့ ဆုံးတာ။ ဆေးတစ်ချောင်းပဲ ထိုးလိုက်ရတယ်၊ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်ဘူး”ဟု ၎င်းစစ်ဘေးရှောင် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် ပြင်ဦးလွင်နှင့် ဘန့်ဘွေးရှိ စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ အင်းဝိုင်းကျေးရွာအုပ်စုဘက်ရှိ ဆင်းရွှေလီ သကြားစက်အနီး ကျရောက်ခဲ့ရာ စစ်ဘေးရှောင်များ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...