ဖြည့်စွက်ရမည့် သန်းခေါင်စာရင်းမေးခွန်းများတွင် လူမျိုးစုအမည် မပါဝင်တော့

ဖြည့်စွက်ရမည့် သန်းခေါင်စာရင်းမေးခွန်းများတွင် လူမျိုးစုအမည် မပါဝင်တော့

နိုင်ငံတစ်ဝှမ်း ၁၀ နှစ်တစ်ကြိမ် ကောက်ခံသည့် သန်းခေါင်စာရင်းကောက်ခံမှုတွင် ဖြည့်စွက်ရမည့် မေးခွန်း များအနက် “လူမျိုးအမည်”ဖြေဆိုရမည့်နေရာတွင် “အိမ်တွင် အဓိကပြောဆိုသော ဘာသာစကား”ဟူ၍ ပြင်ဆင် သုံးစွဲလာခြင်းအပေါ် တိုင်းရင်းသားလူမျိုးများ၏ လူဦးရေအရေအတွက် လျော့နည်းသွားနိုင်မည်ကို အမျိုးသားရေးဆောင်ရွက်သူများက စိုးရိမ်နေကြသည်။

ယခုနှစ် ၂၀၂၄ ခုနှစ်အတွက် ကောက်ခံသွားမည့် သန်းခေါင်စာရင်းကို လာမည့် အောက်တိုဘာလ ၁ ရက်မှ စတင်၍ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်သည်ဟု အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန် ကြေငြာထားသည်။ ထိုသို့လုပ်ဆောင်ရာတွင် ယခင်သန်းခေါင်စာရင်းကောက်ခံမှု၌ “လူမျိုး”ဟု ဖြေဆိုရမည့်နေရာတွင် “အိမ်တွင်အဓိက ပြောဆိုသောဘာသာစကား”ဟု ပြောင်းလဲသုံးစွဲခြင်းအရ ဗမာစကား ပြောသော တိုင်းရင်းသားလူမျိုးများ မိမိ လူမျိုးဇာစ်မြစ်များ ပျောက်ကွယ်သွားနိုင်ကြောင်း ကရင်စာပေယဉ်ကျေးမှုအရေး လုပ်ဆောင်သူတစ်ဦးက ပြောသည်။

၎င်းက “ဒါက လူမျိုးအားလုံးအတွက် ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့ အနောက်ပိုးကရင်တွေက ကျနော် တို့ မြို့မှာဆို အကုန်ဗမာစကားပဲ ပြောကြတာလေ။ အဲ့လိုမေးရင် အကုန်က ဗမာစကားလို့ဖြေမှာ။ အဲ့ကျအကုန် ဗမာဖြစ်ကုန်မှာပေါ့။ အရင် လူမျိုးအမည်ပါတာတောင် ကရင်တွေပျောက်နေတာ။ အခုဆို မျိုးပါ ပြုတ်မဲ့ သဘောပေါ့။ ဒါက ခေတ်မကောင်းတဲ့ ကာလမှာ ဘယ်သူမှ မသိလိုက်ဘဲ သူတို့ ဘာသာလုပ်တာဗျာ့” ဟု ကေအိုင်စီ သို့ ပြောသည်။

ယခင် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ခံမှုတွင် မေးခွန်းပေါင်း ၂၁ ခုဖြေဆိုရပြီး ယခုနှစ်အတွင်း ကောက်ခံ မည့် သန်းခေါင်စာရင်းတွင်မူ မေးခွန်းပေါင်း ၂၅ ခုအထိ တိုးလာသည်။ ယခင်က “လူမျိုး”ဟု ဖြေဆိုရမည့် နေရာတွင် “အိမ်တွင်အဓိက ပြောဆိုသောဘာသာစကား”ဟု ပြောင်းလဲလိုက်သလို ယခင်ရွှေ့ပြောင်းသွားလာမှု အခြေအနေတွင်လည်း ပြည်တွင်း ပြည်ပဟူ၍ သတ်မှတ်လာပြီး မွေးစာရင်းရှိမရှိ အခြေအနေများပါ ထပ်တိုး မေးမြန်းသွားမည်ဖြစ်ကြောင်း ၎င်းတို့ထုတ်ပြန်လာသည့် စာရွက်စာတမ်းများအရ သိရသည်။

ယခုလို လူမျိုးအစား အိမ်တွင်ပြောဆိုသည့် ဘာသာစကားဟူ၍ ပြောင်းလဲသုံးနှုန်းလာခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များကလည်း စစ်ကောင်စီ၏ တာဝန်ရှိသူများထံသို့ စာပေးပို့ မေးမြန်းထားသော်လည်း ယနေ့အချိန်ထိ အကြောင်းပြန်အသိပေးခြင်းမျိုးမရှိသေးကြောင်း သိရသည်။

“ဒါက လူမျိုးအားလုံးက ထုတ်ဖော်ပြရမှာ။ အခုတော့ အဲ့လိုတွေ လုပ်ပေးရမှာစိုးလို့ နီးမှ အသိပညာ ပေးဟော ပြောပွဲတွေလုပ်။ အဲ့တော့မှ အသိပေး ဖြစ်နေတာ။ ဒါက ပြင်ချင်ရင်တောင် ပြင်လို့မလွယ်အောင် သက်သက် လုပ်တာ။ ကရင်ဆိုလည်း အရေအတွက်အားဖြင့် ပျောက်သွားကြမယ့်ဟာတွေရှိနေတာလေ။ အခုက အဲ့ကိစ္စကို ဘယ်သူမှ သေချာမသိသေးလို့လားမသိဘူး၊ ဘယ်သူမှ အသံမထွက်သေးဘူး။ နောက်ပြီး အခုကလည်း စစ်ဘေး ကို ခံစားနေရတာဆိုတော့ ဒီကိစ္စကို ခေါင်းထဲ မထည့်နိုင်ကြဘူးထင်ပါတယ်။” ဟု ဖော်ပြပါ စာယဉ်အရေး လှုပ်ရှား သူက ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံတွင် ယခင်အစိုးရ လက်ထက်များက တရားဝင်အသိအမှတ်ပြုထားသည့် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိသည့်အနက် ကရင်လူမျိုးတွင် မျိုးနွယ်စု (၁၁) စုရှိကြောင်း သိရပြီး ယခင် ၂၀၁၄ ခုနှစ်က ကောက်ခံ ခဲ့သည့် သန်းခေါင်စာရင်းအရ မျိုးနွယ်စုများ၏ အရေအတွက် အတိအကျကို မဖော်ပြနိုင်ခဲ့ဘဲ လူမျိုးပေါင်း ၉၀၀ ကျော်အထိရှိခဲ့ကြောင်း သိရသည်။

ယခုလို တိုင်းရင်းသားမျိုးနွယ်စု အရေအတွက်များကို သတ်မှတ်ထားသော်လည်း အများစုမှာ ဗမာတိုင်းရင်းသား များဖြစ်သည်။ အချို့သော ဒေသများတွင် ဗမာမဟုတ်သော အခြားတိုင်းရင်းသားလူမျိုးများဖြစ်သော်လည်း ဗမာစကားကိုသာ ပြောလေ့ရှိသည့်အတွက် ယခုလို အပြောင်းအလဲကြောင့် လူမျိုးအရေအတွက် လျော့နည်း လာမည့် အခြေအနေရှိနိုင်ပြီး ဗမာလူဦးရေ ပိုတိုးလာမည့်အခြေအနေတွင်ရှိနေသည်ဟု သုံးသပ်ပြောဆိုမှုများရှိသည်။

လတ်တလောတွင် အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့်နိုင်ငံတကာ၏ ဖယ်ကျဉ်မှုကို ကြုံနေရသလို တိုင်းပြည်တစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွား နေပြီး စစ်ရေးရှုံးနိမ့် မှုများနှင့် မြို့ရွာနယ်မြေများကို လက်လွတ်ဆုံးရှုံးရမှု ဆက်တိုက်ကြုံတွေ့နေရသည်။ ထိုအခြေအနေကြောင့် နိုင်ငံရေးထွက်ပေါက်အရ လာမည့် ၂၀၂၅ တွင် ရွေးကောက်ပွဲ ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခုလို သန်းခေါင်စာရင်း ကောက်ယူမှုကို ကြိုးပမ်းလုပ်ဆောင်လာခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် တရားဝင် ကောက်ခံထားသည့် မြန်မာနိုင်ငံ၏ လူဦးရေးမှာ (၅၁) သန်းကျော်ရှိကြောင်း သိရပြီး လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကာလအတွင်း သန်းခေါင်စာရင်းကို ကောက်ခံသွားရန် ပညာပေး လုပ်ဆောင်မှု များစတင်လုပ်ဆောင်လာပြီးဖြစ်ကြောင်း သိရသည်။

September 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...
September 16, 2024
မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်အများစုရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေသည့်နေရာများသို့...
September 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး...
September 13, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ စစ်တောင်းမြစ်...