KNLA နှင့် KTLA ကြားတင်းမာမှု ထိုင်းက ညှိနှိုင်းပေးမည်ဟု သတင်းထွက်ပေါ်

KNLA နှင့် KTLA ကြားတင်းမာမှု ထိုင်းက ညှိနှိုင်းပေးမည်ဟု သတင်းထွက်ပေါ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် ကော်သူးလေအာမီ-KTLA တို့အကြား ကရင်အချင်းချင်း တင်းမာမှုကို ပြေလည် စေရန်အတွက် ယနေ့ စက်တင်ဘာ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံကိုယ်စားလှယ်က ညှိနှိုင်း ဆောင်ရွက်ပေးရန်ရှိသည်ဟု KTLA ဘက်က ပြည်သူများထံ အသိပေးစာ ထုတ်ပြန်ထားသည်။

အဆိုပါ အသိပေးစာကို KTLA ဘက်က စက်တင်ဘာလ ၂ ရက်၊ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ဖြစ်ပွားသည့် ပဋိပက္ခများကို ကြားနေတွေ့ဆုံဖြေရှင်းရန် ထိုင်းအာဏာပိုင်ဘက်က စီစဉ်ဆောင်ရွက်ပေးမည်ကို လူထုနှင့် ကော်သူးလေအာမီအဖွဲ့ဝင်များ၊ ထောက်ခံသူကူညီသူများ သိရန်ရည်ရွယ်ပြီး KTLA ဘက်မှ အသိပေးထုတ်ပြန်ခြင်း ဖြစ်သည်ဟု ပြောသည်။

ထိုသို့ အသိပေးထုတ်ပြန်စာအပေါ် ကော်သူးလေအာမီ- KTLA ခေါင်းဆောင်များထံသို့ ဆက်သွယ် မေးမြန်းသော်လည်း အဆက်အသွယ်မရ ဖြစ်ခဲ့သည်။ သို့သော် အဆိုပါ အသိပေးထုတ်ပြန်စာသည် KTLA ဘက်က ထုတ်ပြန်ခြင်းဖြစ်သည်ဟု ၎င်းတို့၏ ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူ တာဝန်ရှိသူက မှန်ကန်ကြောင်း အတည်ပြုပြောသည်။

၎င်းညှိနှိုင်းမည့်ကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ၊ တပ်မဟာ(၄)၊ တပ်ရင်း ၂၀၁ ကမူ ညှိနှိုင်းမည့်ကိစ္စ အပေါ် အထက်မှညွှန်ကြားလာခြင်းမရှိသလို ထိုင်းဘက်က တစ်စုံတရာ ပြောဆိုလာခြင်း မရှိသေးဟု ကေအိုင်စီသို့ ပြောသည်။

“သူတို့အသိပေးထုတ်ပြန်စာနဲ့ပတ်သက်ပြီး ကျနော်ကတော့ ဘာမှမသိရသေးဘူး။ စောင့်ကြည့် လိုက် ပေါ့နော်၊ ဒီည နေဖြစ်ဖြစ် ဘာတွေထူးလာမလဲဆိုတာက။ ထိုင်းဘက်ကတော့ အထက်ကလူတွေ နဲ့ပဲတွေ့မှာလား၊ ဒီဘက်ဝင်လာ ပြီး စေ့စပ်ညှိနှိုင်းပေးမှာလား၊ ဘာလားတော့မသိဘူး။ သူတို့ဝင်လာရင် တော့ အခြေအနေသိသွားမှာပေါ့။ အခုတော့ ဘာမှမသိရသေးဘူး” ဟု ကေအဲန်ယူ ဘိတ်-ထားဝယ် ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းက ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင်ထဲတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက KNLA နှင့် KTLA တပ်ကြား တင်းမာမှုဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။ ယနေ့အချိန်ထိလည်း နှစ်ဖက်တင်းမာမှု ဆက်ရှိနေဆဲ ဖြစ်သည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။

September 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...
September 16, 2024
မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်အများစုရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေသည့်နေရာများသို့...
September 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး...
September 13, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ စစ်တောင်းမြစ်...