ငွေတန်ဖိုးကျဆင်းခြင်းကြောင့် စစ်ရှောင်များ အခက်တွေ့

ငွေတန်ဖိုးကျဆင်းခြင်းကြောင့် စစ်ရှောင်များ အခက်တွေ့

မြန်မာငွေတန်ဖိုး ကျဆင်းလာသောကြောင့် ထိုင်း-မြန်မာနယ်စပ် တလျှောက် ကရင်နီပြည်ထဲ က စစ်ရှောင်များနှင့် ဒေသခံပြည်သူများ စားနပ်ရိက္ခာ ဝယ်ယူရရှိရေး ပိုမိုခက်ခဲလာပြီး ကုန်စျေးနှုန်းမြင့်တက်မှု ဒဏ်ကို အလူးအလဲ ခံနေကြရသည်ဟု အကူအညီပေးနေသူများက ပြောသည်။

သြဂုတ်လ ဒုတိယပတ်ထဲရောက်လာချိန်တွင် မြန်မာငွေကျပ်တစ်သိန်းကို ထိုင်းဘတ်ငွေ ၆၀၀ အောက်အထိ ရောက်သွားခဲ့ပြီး ထိုငွေလဲနှုန်းမှာ ယခုနှစ်ထဲ ဘတ်ငွေနှင့် ကျပ်ငွေ လဲလှယ်မှု၌ မြန်မာကျပ်ငွေတန်ဖိုး ဆိုးဆိုး ရွားရွား ကျဆင်းမှု ဖြစ်သည်ဟု နယ်စပ်တွင် ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။

မြန်မာကျပ်ငွေ အဆမတန်ကျဆင်းပြီး နိုင်ငံခြားငွေ မြင့်တက်မှုကြောင့် ထိုင်း - မြန်မာနယ်စပ်၊ ကရင်နီပြည် ဘက်ခြမ်းတွင် နေထိုင်ကြသည့် စစ်ရှောင်ပြည်သူတွေ အခက်တွေ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီ-ထိုင်း နယ်စပ်တွင် နေထိုင်သူတစ်ဦးက “နယ်စပ်မှာနေတာ ဘယ်လိုအခက်အခဲနဲ့ ကြုံရလဲဆို အများကြီး ကြုံရတယ်ပေါ့နော။ ပစ္စည်းဝယ်တဲ့ နေရာမှာ ရော ပြီးရင် အစားအသောက်တွေ ဝယ်တဲ့နေရာမှာရော အဘက် ဘက်ပေါ့နော။ စီးပွားရေး ပဲဖြစ်ဖြစ်၊ ကျန်းမာ ရေးပဲ ဖြစ်ဖြစ် အဘက်ဘက်နဲ့ ကြည့်ရမယ်ဆို အရမ်း အခက် အခဲ ကြုံတွေ့နေရတယ်ပေါ့နော်။ ဒုက္ခရောက်တယ်ပေါ့” ဟု ပြောသည်။

ယခုကဲ့သို့ ငွေလဲနှုန်းများ မငြိမ်သက်မှု၊ မြန်မာငွေကျပ်စျေး ကျဆင်းမှုများကြောင့် စစ်ရှောင်များအတွက် အလှူ ရှင်များက အလှူငွေပေးလာချိန်တွင် စားနပ်ရိက္ခာများ ဝယ်ယူသည့်အခါ ကုန်စျေးနှုန်း  အဆက်မတန် မြင့်တက်မှု များနှင့် ကြုံနေရသည်ဟု ကျေးလက်မြေအဖွဲ့ မှ ဦးဇော်မင်းထိုက်က ပြောသည်။

“ဒီလို ကုန်ဈေးနှုန်းတွေက တစ်အားကြီး မြင့်လာတဲ့ အခါမှာ အရင်တုန်းက ဥပမာ ငရုတ်သီးစိမ်း တစ်ပိဿာ လေးထောင်လောက် ဈေးဆိုတာ အခုဟာကျတော့ တစ်သောင်းလောက် ဖြစ်သွားတယ်။ ဥပမာ နှစ်ပိဿာ လှူရမဲ့ အခါမျိုးမှာ တစ်ပိဿာလောက်ပဲ လှူရတဲ့ အခါတွေလည်း ရှိတယ်ပေါ့နော။ ဒီလိုပဲ စားဆီဆိုလည်း တစ်ပိဿာကို နှစ်သောင်းကျော်လောက်ထိ အခြေအနေ ဖြစ်သွားတော့ ဥပမာ လူနှစ်ယောက်စာကို ၅၀ သား လှူရမယ့်ဟာက ဈေးနှုန်းတွေက ဒီလိုမျိုးမြင့်သွားတော့ တစ်ယောက်စာပဲ လှူနိုင်တဲ့ အခြေအနေ အချိန်အခါ တွေလည်း ရှိတယ် ပေါ့နော်။ အဲ့တော့ အခက်အခဲ စိန်ခေါ်မှုကတော့ နေ့စဉ်နေ့ရက်တိုင်းလိုပဲ ခက်ခဲကြမ်းတမ်း တဲ့ အခက်အခဲ မြောက်များစွာကို စိန်ခေါ်ပြီးတော့ အလုပ်လုပ်နေရတာပေါ့နော်။”  

မြန်မာငွေကျပ်စျေးနှုန်း ဖောင်းပွမှု၊ တန်းဖိုးကျဆင်းမှုများကြောင့် ကုန်စျေးနှုန်းများက အဆမတန် တက်နေသည့် အပြင် စက်သုံးဆီစျေးနှုန်းများကလည်း တရိပ်ရိပ် တက်လာ၍ ကုန်သည်များနှင့် ကားသမားများပါ အခက်အခဲ ဖြစ်နေကြသည်။

ယနေ့ဝယ်ပြီး ရောင်းလိုက်သည့်စျေးနှင့် နောက်တစ်ရက်တွင် ထပ်ဝယ်ရသည့် စျေးနှုန်းမှာလည်း ကွာဟလွန်း သောကြောင့် စျေးသည်များက ကုန်ပစ္စည်းများ ယူ၍ မရောင်းချင်ကြသည့်အပြင် ကားသမားများကလည်း ၎င်းတို့အတွက် အမြတ်ငွေ မကျန်သောကြောင့် ကားမထွက်ချင်သည့် အခြေအနေထိ ဖြစ်လာနေကြသည်။

နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေ မတည်ငြိမ်သည့် မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှုများကလည်း အာဏာသိမ်းပြီး နောက် အများအပြား ထွက်ခွာသွားကြပြီ ဖြစ်သည်။

နိုင်ငံတွင်း ဖြစ်နေသည့် နိုင်ငံရေး အခြေအနေများကြောင့် မြန်မာကျပ်ငွေကို ယုံကြည်မှုနည်းပါးလာကြသည့် အပြင် အခြား နိုင်ငံရေး နှင့် စီးပွားရေး သက်ရောက်မှုများကလည်း ကျပ်ငွေတန်ဖိုးကို ဆိုးဆိုးရွားရွား ကျဆင်း သွားအောင် မီးထိုးပေးခဲ့သည်ဟု ထောက်ပြမှုများလည်း ရှိနေသည်။

ထိုသို့ နိုင်ငံရေး နှင့် စီးပွားရေး သက်ရောက်မှုများကြောင့် ဘတ်စျေးတက်နေသည်မှာ မှန်သော်လည်း လိုအပ် သည်ထက် ပို၍တက်နေသည်ဟု သုံးသပ်မှုများ ရှိနေသည်။

ထိုင်း - မြန်မာနယ်စပ်တွင် ငွေဈေးနှုန်းမှာ ဖေဖော်ဝါရီလက စတင်ပြီး ငွေတန်ဖိုး ကျပ်တစ်သိန်းကို ထိုင်းဘတ် ၉၉၅ ဘတ် အထိကျဆင်းခဲ့ပြီး ယခု စက်တင်ဘာလ ပထမပတ်ထဲတွင် ကျပ် ၁ သိန်းကို ဘတ် ၆၀၀ ကျော်ရှိသည်ဟု နယ်စပ်ရှိ ငွေလွှဲအေဂျင်စီများနှင့် ငွေလဲ-ငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်း လုပ်သူများက ဆိုသည်။

Most read this week

September 12, 2024
စစ်ကိုင်းတိုင်း၊ ကျွန်းလှနှင့် ကန့်ဘလူက စစ်ရှောင်ပြည်သူများ ရာသီတုတ်ကွေးများ ဖြစ်နေကြပြီး ဆေးဝါး...
September 11, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် အမျိုးသမီးများနှင့် လူငယ်...
September 11, 2024
ကရင်နီပြည်တွင် လက်နက်ကိုင်ဆောင်ခွင့်အား ကန့်သတ်ထိန်းချုပ်သွားမည်ဟု ကရင်နီပြည် ကြားကာလ အုပ်...
September 5, 2024
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် ပါရာစီတမော ၁၀ လုံးပါ တစ်ကတ်အား ၅,၀၀၀ ကျပ် အထိ...