AA နှင့် စစ်ကောင်စီတပ်တို့ စစ်တွေမြို့နယ်တွင် စတင်တိုက်ပွဲဖြစ်ပွား

AA နှင့် စစ်ကောင်စီတပ်တို့ စစ်တွေမြို့နယ်တွင် စတင်တိုက်ပွဲဖြစ်ပွား

စစ်ကောင်စီရုံးစိုက်ရာ ရခိုင်ပြည်မြို့တော် စစ်တွေမြို့နယ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၉ ရက်၊ နေ့လယ် (၃) နာရီ ခန့်က စစ်တွေမြို့နယ်၊ မင်းလှ(ခေါ်) မီးလောင်ရွာ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် AA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက‌ ပြောသည်။

"တိုက်ပွဲစဖြစ်တာက သူတို့(စစ်ကောင်စီ)ဘက်က ထိုးစစ်ဆင်လာလို့ စဖြစ်တာပါ။ ကြည်းတပ် ကနေပြီးတော့ ထိုးစစ်ဆင်လာတယ်။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့လည်း ပစ်ကူပေးတယ်။ မြစ်နားကနေပြီးတော့ မင်းလှကျေးရွာဘက်တို့ တက်လာတာပါ" ဟုပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားသည့်နေရာအနီးသို့ စစ်တွေရှိ တပ်ရင်းအချို့ကလည်း လက်နက်ကြီး အကြိမ် ၃၀ ထက်မနည်း ပစ်ကူပေးခဲ့သည်ဟု သိရသည်။

တိုက်ပွဲမှာ ညနေ (၇)နာရီအထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ၍ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သူက ဆက်ပြောသည်။

“ကျွန်တော်တို့ ကြားတာက စစ်တပ်က အကျအဆုံးများတယ်လို့ကြားတယ်။ ဒါနဲ့ တပ်နောက် ဆုတ်သွားတယ်လို့ သိရပါတယ်”ဟု ပြောသည်။

အာရက္ခတပ်တော်နှင့် နီးစပ်သူ တစ်ဦးကလည်း စစ်တွေ ပွဲဦးထွက်တိုက်ပွဲမှာ ရလဒ်ကောင်းကြောင်း ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးတွင် မင်းလှ၊ ကင်းမော်နှင့် ဝါဘို စသည့် ကျေးရွာများရှိကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ယနေ့ သြဂုတ်လ ၃၀ ရက်၊ နံနက် (၃) နာရီကျော်ခန့်ကလည်း ဂျက်ဖိုက်တာတစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသို့ လာရောက်ဗုံးကြဲခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ကူပေးခဲ့ရာ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာသို့ ‌ကျရောက်ခဲ့ပြီး ဘုန်းတော်ကြီး ကျောင်းနှင့် ‌လူနေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

"ခမောင်းတောကျေးရွာကိုလည်း လက်နက်ကြီးတွေကျတယ်။ ရွာထဲကိုလည်းကျတယ်။ ဘုန်းတော်ကြီးကျောင်းကိုလည်း ကျတယ်။ ဒရုန်းနဲ့လည်း ပစ်တယ်လို့ သိရတယ်။ ရွာပြင်ကိုလည်း ကျတယ်" ဟု ပြောသည်။

စစ်ကောင်စီသည် ခမောင်းတောကျေးရွာသို့ ယခင်ကလည်း မကြာခဏပစ်ခတ်မှုများရှိခဲ့ပြီး လူနေအိမ်များနှင့် အဆောက်အဦများမှာလည်း ပျက်စီးခဲ့သည်။

လက်ရှိတွင် တိုက်ပွဲသည် စစ်တွေမြို့အနီးသို့ ချည်းနင်းဝင်ရောက်လာပြီဖြစ်၍ မြို့တွင်းတွင်ပိတ်မိနေသူများ အထူးစိုးရိမ်လျက်ရှိသည်ဟု သိရသည်။

ယခုတိုက်ပွဲနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်သို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါသည်။

Most read this week

September 21, 2024
ယခုနှစ် မိုးရာသီအတွင်း ရခိုင်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု...
September 20, 2024
ရခိုင်ပြည်၊မောင်တောမြို့ ၃ မိုင်နှင့် မကျည်းချောင်းကျေးရွာအနီးအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ...
September 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကို...
September 19, 2024
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျှော...