၁၁ ကြိမ်မြောက်ပါတီညီလာခံ ဆုံးဖြတ်ချက်ကို မွန်ပြည်သစ်ပါတီ (ဗဟို) က ချိုးဖောက်ခဲ့ဟု ခွဲထွက် NMSP-AD ပြော

၁၁ ကြိမ်မြောက်ပါတီညီလာခံ ဆုံးဖြတ်ချက်ကို မွန်ပြည်သစ်ပါတီ (ဗဟို) က ချိုးဖောက်ခဲ့ဟု ခွဲထွက် NMSP-AD ပြော

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ခြင်းသည် (၁၁)ကြိမ်မြောက်ပါတီညီလာခံဆုံးဖြတ်ချက်ကို မွန်ပြည်သစ်ပါတီ (ဗဟို) က ချိုးဖောက်သည်ဟု ခွဲထွက် NMSP-AD က ပြောသည်။

စစ်ကောင်စီ ငြိမ်းချမ်းရေးကော်မတီ (NSPNC)၊ မွန်ပြည်သစ်ပါတီအပါအဝင် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၆) ဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကျင်းပရေး၊ လက်ရှိနိုင်ငံရေးအခြေအနေနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

NMSP-AD မှ နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့ဝင်ဖြစ်သူ နိုင်ကောင်းစကားက “ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက် ပါတီညီလာခံမှာက နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ချမှတ်ခဲ့တာရှိတယ်၊ ဘာတွေလဲဆိုတော့ စစ်ကောင်စီနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးတာကို ဆက်မလုပ်တော့ဘူး၊ Bilateral အနေနဲ့ပဲ ဆက်ဆံ သွားဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတယ်၊ အခု (စစ်ကောင်စီနဲ့) သွားရောက်တွေ့ဆုံ နေတုန်းပဲဆိုတော့ ညီလာခံဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲ့တယ်လို့ပဲ ပြောရမယ်” ဟု ပြောသည်။

ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတည်ငြိမ်းအေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်ရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်ဒေသများအတွင်း ရွေးကောက်ပွဲပြုလုပ်သည့် အခါ လိုအပ်သည့်ပူးပေါင်းမှုများ ဆောင်ရွက်ရန် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲသို့ တက် ရောက် လာသော ကိုယ်စားလှယ်များမှ ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများသည် နိုင်ငံရေးနှင့် ဆက်စပ်နေကြောင်း၊ သက်ဆိုင်သူအားလုံး ပါဝင်နိုင်ခြင်းမရှိသည့် ယခုကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲသည် နိုင်ငံရေးပြဿနာကို ကောင်းမွန်စွာ ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ကြောင်း NMSP-AD မှ နိုင်ကောင်းစကားက မှတ်ချက်ပြုသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ မွန်ပြည်သစ်ပါတီ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်အောင်မငေးကို IMNA က တယ်လီဖုန်းဖြင့် ဆက်သွယ်ပေမယ့် အဆက်အသွယ်မရရှိခဲ့ပေ။

သို့သော် လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီအနေဖြင့် ၁၁ ကြိမ် မြောက်ပါတီညီလာခံက ချမှတ်ထားသည့်အတိုင်း ရပ်တည်သွားမည်ဖြစ်ပြီး အကယ်၍ သက်ဆိုင်သူအစုအဖွဲ့များ ပါဝင်နိုင်မည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အခင်းအကျင်း ပေါ်ပေါက်လာမည်ဆိုပါက ပါဝင်သွားမည်ဟု ၂၀၂၄ ခုနှစ်၊ မတ်လအတွင်းက ထုတ်လွှင့်ခဲ့သည့် IMNA Talk အစီအစဥ်မှာ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်အောင်မငေးက ပြောဆိုထားသည်။

“တကယ်လို့နော် တကယ်လို့ နိုင်ငံရေးဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီပါဝင်မှု များလာမယ်၊ အစုအဖွဲ့အသီးသီးက ပါဝင်မှုတွေ များလာမယ်၊ နောက် လက်နက်ကိုင်အဖွဲ့အစည်းပါဝင်မှုတွေ တဆင့်မြင့်တက်လာမယ်ဆိုရင် ကျွန်တော်တို့ပြန်ပါမယ်” ဟု နိုင်အောင်မငေးက ပြောခဲ့သည်။

ရွေးကောက်ပွဲနှင့် လုံခြုံရေးဆိုင်ရာ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် NCA လက်မှတ်ထိုး တိုင်း ရင်းသားလက်နက်ကိုင် (၆) ဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မေတာ်(DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) တို့က တက်ရောက်ခဲ့ကြောင်း သိရသည်။

September 13, 2024
ရန်ကုန်-မော်လမြိုင်နှင့် မော်လမြိုင်-ရေးကားလမ်းပိုင်းတလျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင်...
September 13, 2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းတွင်  ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်လာလ ၁၀ ရက်နေ့ထိ...
September 10, 2024
မွန်ပြည်နယ်အတွင်း လူဦးရေသန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့်ရှိ...
September 9, 2024
စစ်ကောင်စီ ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည် မြို့ပေါ်နှင့် ၎င်းတို့...