လက်နက်ကိုင်ဆောင်သူများပြားတာက ရဲလုပ်ငန်းစဥ် ဆောင်ရွက်တဲ့အခါ အခက်အခဲဖြစ်စေတယ်လို့ KSP ဆို

လက်နက်ကိုင်ဆောင်သူများပြားတာက ရဲလုပ်ငန်းစဥ် ဆောင်ရွက်တဲ့အခါ အခက်အခဲဖြစ်စေတယ်လို့ KSP ဆို

မှုခင်း အရေအတွက်များလာတဲ့ ကရင်နီပြည်မှာ အလွယ်တကူ လက်နက်ကိုင်ဆောင်ခွင့်ရနေတာတွေက တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေရတဲ့ ကရင်နီပြည်ရဲဌာန KSP အတွက် စိန်ခေါ်မှုတစ်ခုဖြစ်စေတယ်လို့ KSP သတင်းနှင့်ပြန်ကြား‌ရေးတာဝန်ခံ ကိုဘိုဘိုက ပြောပါတယ်။

“ ကျနော်တို့က အခုမှစဖွဲ့တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် လူအင်အား၊ လက်နက်အင်အားပြည့်စုံမှုက ရှိသင့်သလောက်မရှိသေးဘူး‌ပေါ့နော။ ကျနော်တို့ ဖမ်းမဲ့ တရားခံတွေက လက်နက်တွေ ဘာ‌တွေကိုင်ထားမယ်ဆိုလို့ရှိရင် ကျနော်တို့ တော်‌‌တော်သတိထားရမယ်ပေါ့နော။ ကျနော်တို့ အပေါ် ပြန်ပြီးတော့ အန္တရာယ် ပြန်ရှိလာနိုင်တာမျိုးပါ။ အခု တော်လှန်ရေးကာလဖြစ်လို့ လူတိုင်းက လက်နက်ကိုင်ပြီးတော်လှန်နေကြတာဖြစ်တဲ့အတွက် အဲ့အပေါ်မှာ တချို့က အခွင့်ကောင်းယူပြီးမှ မကောင်းတဲ့နေရာမှာ အသုံးချတာ အဲ့လိုပုံစံမျိုးလေးပါ။ ” လို့ ကိုဘိုဘိုက ပြောပါတယ်။

တော်လှန်ရေးကာလထဲ ကရင်နီပြည်မှာ အာဏာသိမ်းကာလတွင်း ဖွဲ့စည်းထားတဲ့ KNDF၊ PDF အပါအဝင် ရှိနှင့်ပြီးသား လက်နက်ကိုင်တပ်ဖွဲ့တွေ ၅ဖွဲ့ထက်မနည်းရှိနေပါတယ်။ အဲဒီ လက်နက်ကိုင် အဖွဲ့တွေ အများစု ထဲမှာလည်း ဒေသခံ လူထုတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

၃ နှစ်အတွင်းမှာ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေမှာ ရဲစခန်း (၁၄) ခု၊ လုံခြုံရေးရဲကင်း(၁၃)ခု နဲ့ မြို့နယ်ရဲဌာနရုံး(၅) ခုကိုလည်း ဖွဲ့စည်းထားပေမယ့် ရဲ ဝန်ဆောင်မှု လုပ်ငန်းစဥ်တွေ ဆောင်ရွက်ဖို့အတွက် KSP တပ်သားတွေရဲ့ အရေအတွက်ဟာ လိုအပ်တာထက် လျော့နည်းနေတယ်လို့ ကိုဘိုဘိုက ပြောပါတယ်။

“အမှန်တစ်ကယ် ကျနော်တို့ပြည်နယ်ရဲ့ အနေထားအရ အနည်းဆုံး KSP ကလူဦးရေ ၁၀၀၀ လောက်လိုတယ်ပေါ့နော။ ဒါပေမဲ့ အခုကျနော်တို့က ၅၀၀ ကျော်ပဲ ရှိသေးတယ်” လို့ ကိုဘိုဘိုက ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေကလွှဲပြီး သာမာန်လူထုတွေ လက်နက်ကိုင်ဆောင်ခွင့် မရအောင်ကိုလည်း သင့်တော်တဲ့ လက်နက်ထိန်းချုပ်ရေး ဥပဒေတစ်ခု ရှိဖို့လိုတယ်လို့ ကိုဘိုဘိုက ပြောပါတယ်။ ဒီ့အတွက်လည်း လက်နက်ကိုင်အဖွဲ့အစည်း၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC နဲ့ KSP တို့ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ ပြောပါတယ်။

၃နှစ်အတွင်း KSP အနေနဲ့ အမှုပေါင်း ၅၂၀ ကို အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး မူးယစ်ဆေးဝါးအမှုက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည် ရဲဌာန (KSP) ဖွဲ့စည်းပြီး ၃ နှစ်အတွင်း ဖမ်းဆီးရမိပြီး အမိန့်ချအရေးယူပြီးစီးတဲ့ မူးယစ်ဆေးဝါး ၇ သောင်းကျော်ကို ဩဂုတ်လ ၂၅ ရက်နေ့မှာ ပြုလုပ်သွားတဲ့ KSP ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အခမ်းအနားမှာ မီးရှို့ဖျက်ဆီးခဲ့တာရှိပါတယ်။

KSP အဖွဲ့ဝင်တွေအနေနဲ့လည်း ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို အရေးယူဆောင်ရွက်နေတယ်လို့ ကိုဘိုဘိုက ပြောပါတယ်။ ကရင်နီပြည်ရဲဌာန(KSP)ကို အာဏာရှင်စနစ်ဆန့်ကျင်ပြီး ပြည်သူလူထုတွေကို ဗဟိုပြုကာ ဖက်ဒရယ်ကိုအခြေခံတဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၂၁ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Most read this week

September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...
September 17, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို...