မြန်မာ-တရုတ်နယ်စပ်တလျှောက် တရုတ်ဘက် စစ်ရေးလေ့ကျင့်ရန် ကင်းလှည့်နေ

မြန်မာ-တရုတ်နယ်စပ်တလျှောက် တရုတ်ဘက် စစ်ရေးလေ့ကျင့်ရန် ကင်းလှည့်နေ

သျှမ်းပြည် မူဆယ်မြို့ တစ်ဘက်ကမ်းရှိ မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့တွင် တရုတ်ဘက်မှ စစ်ရေးလေ့ကျင့်ရန် ကုန်းကြောင်း၊ လေကြောင်းဖြင့် ကင်းလှည့်နေကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းမှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ်ရှိ ရွှေလီမြို့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) မှ စစ်ရေးလေ့ကျင့်ရန် သံချပ်ကာကားများ အပါအဝင် စစ်အင်အားဖြည့်တင်းပြီး ကင်းလှည့်နေကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

“ထူးခြားတာက ရွှေလီနဲ့ ကျယ်ခေါင်မှာ တရုတ်ဘက် သံချပ်ကာကား အများကြီး လာထောင်ထားတယ်။ ကင်းလှည့်နေတာတော့ ဒီမနက်မှပဲ ရှိတယ်။ အခုတလော နယ်စပ်မှာ တရုတ်ရဲ့ ရဟတ်ယာဉ် လာဝဲနေတယ်၊ တချို့ရက် ၁ စီး တချို့ရက် ၃ စီး ပျံတယ်”ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လာမည့် ဩဂုတ်လ (၂၇) ရက်မှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်တလျှောက်ရှိ မူဆယ်မြို့ တဘက်ကမ်းရှိ ရွှေလီမြို့နှင့် လောက်ကိုင်မြို့ကပ်လျက် ကျင်းခန်း (Zhenkang)မြို့တို့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) မှ (၃) ရက်တာ ကုန်းကြောင်း လေကြောင်း စစ်ရေးလေ့ကျင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဩဂုတ်လ ၁၄ ရက်တွင် နေပြည်တော်၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ပြီး (၂) ပတ်အကြာ မြန်မာ-တရုတ်နယ်စပ်၌ တရုတ်ဘက်မှ စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်မည်ဖြစ်ပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေး ထိန်းသိမ်းရန် ရည်ရွယ်ကြောင်း ဆိုသည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တဘက်ကမ်းရှိ ရွှေလီမြို့တွင် တရုတ်ဘက်မှ စစ်အင်အား အလုံးအရင်းဖြင့် ထပ်မံစစ်ရေးလေ့ကျင့်မည့်အပေါ် ညီနောင်မဟာမိတ်တပ်များ ဝန်းရံပိတ်ဆို့ခံထားရသည့် မူဆယ်မြို့ ဒေသခံများလည်း စိုးရိမ်မှု မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။

“တရုတ်ဘက်ကလည်း စစ်ကားတွေ နယ်စပ်မှာ ကင်းလှည့်နေတာဆိုတော့ ထူးဆန်းတယ်။ KIA ကလည်း မူဆယ်နဲ့ နမ့်ခမ်းကြားက နောင်ဆိုင်မှာ ပေါ်လာတတ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကလည်း ၂၈ ရက်နေ့ မူဆယ်မြို့ကို ဝင်သိမ်းမယ်လို့လည်း ကောလာဟလထွက်တယ်၊ အခုက လုံခြုံရေး စိုးရိမ်နေရတာ”ဟု မူဆယ်ဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် အပါအဝင် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အားလုံးနီးပါးကို ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ထိန်းချုပ်ထားစဉ် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မြို့လည်း လုံခြုံရေးခြိမ်းခြောက်ခံနေရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း မြန်မာ-တရုတ်နယ်စပ် တလျှောက်တွင် ကျည်အစစ် အသုံးပြု၍ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

September 13, 2024
သျှမ်းတောင်၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့က စတင် ဖြစ်ပွားနေသည့် ရေကြီး မြေပြိုမှုများကြောင့်...
September 13, 2024
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့...
September 12, 2024
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့...
September 12, 2024
သျှမ်းပြည် မြောက်ပိုင်းရှိ မြို့များတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက်...