မြို့ဝင်မြို့ထွက်နေရာများတွင် အပစ်ရပ်အဖွဲ့များနှင့်စစ်ကောင်စီတပ်တို့ လုံခြုံရေးတိုးမြှင့် ပူးပေါင်းဆောင်ရွက်မှု ပိုတိုးလုပ်ဆောင်နေ

မြို့ဝင်မြို့ထွက်နေရာများတွင် အပစ်ရပ်အဖွဲ့များနှင့်စစ်ကောင်စီတပ်တို့ လုံခြုံရေးတိုးမြှင့် ပူးပေါင်းဆောင်ရွက်မှု ပိုတိုးလုပ်ဆောင်နေ

ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ စစ်ရေး/အုပ်ချုပ်ရေး စိုးမိုးထားသည့် မြို့များတွင် အပစ်ရပ် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ၊ နယ်ခြားစောင့်-BGF တပ်ဖွဲ့များက စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ မြို့ဝင်မြို့ထွက် နေရာများတွင် စစ်ရေးလုံခြုံရေး တိုးမြှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုတိုးလုပ်ဆောင်လာနေကြောင်း ဒေသအတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ယခုလမှစတင်၍ ဖားအံ သံလွင်တံတား၊ မြိုင်ကလေး တိုးဂိတ်၊ တောင်ကလေး၊ ထီလုံဂိတ်၊ ဂျိုင်းတံတား၊ သာမည၊ အိန္ဒုတိုးဂိတ်၊ ကျုံဒိုး၊ ရဲစခန်းကွေ့၊ ကိုးတိုင်ဂိတ်၊ တောင်ကြာအင်းတံတား၊ နဘူးလမ်းဆုံ၊ ထီလုံလမ်းဆုံ၊ ဒေါ်လမ်း တံတား၊ မြဝတီ သံတံတား၊ မြဝတီယာဉ်စစ်ကွင်း၊ မြဝတီချစ်ကြည်ရေးတံတား ၁ စသည့်နေရာများတွင် BGF တပ်ဖွဲ့၊ ဗိုလ်ဘိဦးစီးသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA တပ်ဖွဲ့နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) တပ်ဖွဲ့အချို့က စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ဂိတ်အထိုင်ချလုံခြုံရေး ပိုတိုးလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဖားအံမြို့သို့ ခရီးသွားခဲ့သည့် မြဝတီမြို့ခံ ကုန်သည်တစ်ဦးက “ကိုယ်တွေလို ဒီဒေသခံတွေလည်း သွားလာရတာ မလွယ်ဘူး။ ပိုက်ဆံပေးမှ လမ်းသွားလို့ ရသလို ဖြစ်နေတယ်။ တိုက်ပွဲနယ်ဖြတ်ရင်လည်း အန္တရာယ်က ရှိသေး တယ်။ အချိန်မရွေးလမ်းမှာ တိုက်ပွဲကြားထဲညှပ်မှာ။ အခုဆို ဂိတ်တွေက စစ်စခန်းတွေလို ဘန်ကာတွေ အခိုင် အမာ ဆောက်လာကြတာ ပိုပိုများလာတယ်။ အရင်လို သဲအိတ်တို့၊ ဝါးတားဂိတ်တို့လောက် မဟုတ်တာ့ဘူး။ လူကလည်း အရင်လို ၁၀ ယောက် လောက်မဟုတ်တော့ဘူး၊ အဖွဲ့စုံပုံစံမျိုးဆိုတော့ လူပိုများလာတယ်”ဟု ပြောသည်။

စစ်တပ်နှင့် အပစ်ရပ်အဖွဲ့များ ပူးပေါင်း၍ လုံခြုံရေးဂိတ်များ တိုးမြှင့် လုပ်ဆောင်လာသည့်တပြိုင်နက် ငွေကြေးကောက်ခံသည့်ဂိတ်များလည်း ပိုတိုးလာသည်ဟု ခရီးသည်ကား မောင်းနှင်သူတစ်ဦးက ယခုလို ပြောသည်။

“ဖားအံမြို့ဝင်မြို့ထွက်တွေ၊ လှိုင်းဘွဲ ၊ ကျုံဒိုး၊ ဂျိုင်းတံတား၊ ဇာသပြင်တံတား၊ သာမည၊ ကော့ကရိတ်၊ မြဝတီ ဘက်တွေကို ဘန်ကာတွေ၊ ကာကင်းစခန်းတွေ၊ ယာဉ်စစ်ဂိတ် တွေ၊ ကပ်တုံးတွေ ပိုတိုး လုပ်လာတယ်။ စစ်ဆေးရေး ဗန်းပြပြီး ငွေကောက်တာက ဂိတ်တွေ ပိုများလာတယ်။ အဲ့တော့ ကျနော်တို့လို မြဝတီနဲ့ အပေါ် / အောက်ကား ဆွဲစားတွေ၊ လူတွေ အဆင်မပြေဘူး ” ဟု ၎င်းခရီးသည်ကား မောင်းနှင်သူက ပြောသည်။

လက်ရှိ စစ်ကောင်စီ တပ်နှင့် စစ်ရေး /လုံခြုံရေးပူးပေါင်း ဆောင်ရွက်နေကြသည့် BGF တပ် အပါအဝင် ကရင် အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့၏ ဆက်ဆံရေး ရုံး တာဝန်ရှိသူများထံ ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုမှုမရရှိသေးပါ။

လတ်တလော ကရင်ပြည်နယ်အတွင်း ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ မြဝတီ မြို့နယ် ဒေသအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ပြောက်ကျားတိုက်ပွဲ များနေ့စဉ် ဖြစ်ပွားမှု‌ရှိနေကြောင်း စစ်ရေးနယ်မြေ တာဝန်ရှိ‌သူများက ပြောသည်။

September 13, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ စစ်တောင်းမြစ်...
September 13, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်-၄၊ ရက်ကွက်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းခေါ်ယူနိုင်ရေး...
September 12, 2024
လက်ရှိ ကြားကာလအတွင်း စစ်ကောင်စီက လိင်အကြမ်းဖတ်မှုပေါင်း တစ်ရာကျော် ကျူးလွန်ထားသည်ဟု အမျိုး...
September 12, 2024
လာမည့် အောက်တိုဘာ ၁ ရက် သန်းခေါင်စာရင်း ကောက်ယူရာတွင် စာသင်ကျောင်းတစ်ကျောင်းလျှင် ဆရာ/ဆရာမ ၂ ဦး...