ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)/ ချင်းညီနောင် နှင့် ZORO အဖွဲ့တို့တွေ့ဆုံ

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)/ ချင်းညီနောင် နှင့် ZORO အဖွဲ့တို့တွေ့ဆုံ

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)နှင့် ချင်းညီနောင်အဖွဲ့က ဦးဆောင်သူများကို Zo Reunification Organization (ZORO) အဖွဲ့က ယနေ့ဩဂုတ်လ ၂၁ ရက်နေ့တွင် ခေါ်ယူတွေ့ ဆုံခဲ့သည်ဟုသိရသည်။

အိုင်ဇောလ်မြို့ Treasury Square အနီး ZORO ရုံးချုပ်မှာ  ဩဂုတ်လ ၂၁ ရက် နေ့လည် ၁၂ နာရီတွင် တွေ့ဆုံခဲ့ကြပြီး လက်ရှိချင်းပြည်အတွင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြားဖြစ်ပွားနေသော ပဋိပက္ခ အခြေအနေများကို ဆွေးနွေး ခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သည်။

ချင်းပြည်နယ်ထဲမှာ ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရအဖွဲ့ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင်တပ်ဖွဲ့တို့အကြား သဘော ထားကွဲလွဲ မှုကြောင့် အပြန်အလှန်ပစ်ခတ်သည့်အထိဖြစ်ပွားခဲ့မှုအပေါ်  ZORO အနေဖြင့် မလိုလားကြောင်း၊ မိမိတို့သည် ညီအကိုများ ဖြစ်ကြကာ အငြင်းပွားမှုများဖြစ်ပွားမနေသင့်ဘဲ စည်းလုံး ညီညွတ်စွာအတူနေထိုင်ရမည့်သူများဖြစ်ကြသည်ဟု ZORO ကပြောသည်။

“ ကျနော်တို့တွေဟာ ညီအကိုတွေဖြစ်တယ်၊ ပိုင်းခြားလို့မရဘူး၊ အချင်းချင်းတိုက်ပွဲလည်းဖြစ်လို့မရဘူးဆိုတဲ့အချက်မှာ လေးလေးနက်နက်နားလည်ထားဖို့လိုပါတယ်၊ ဆင်းသက်လာရာတူညီတဲ့ ညီအကိုတွေဖြစ်တဲ့အတွက် ဘုရားသခင်က လည်း တနေ့နေ့တချိန်ချိန်မှာ ပြန်လည်စုစည်းပေးမယ်လို့လည်း ယုံကြည်တယ်၊ ဒါကြောင့် ညီအကိုချင်းတိုက်ပွဲဖြစ်တာ မကောင်းဘူး သင့်မြတ်ကြဖို့လိုအပ်ပါတယ်၊ သင့်သင့်မြတ်မြတ်စည်းစည်းလုံးလုံးနဲ့ နေကြတာကိုပဲ ကျနော်တို့လိုချင်တယ်၊ ဒါမိမိတို့အဖွဲ့အစည်းရဲ့ ရပ်တည်ချက်လည်းဖြစ်တယ်၊ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်ပေး နေတာလည်းဖြစ်ပါတယ် ” ဟု ZORO အတွင်းရေးမှူး Pu L. Ramdinliana Renthlei က ပြောသည်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဦးဆောင်သူ ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးလျန်လွယ်ကလည်း ယခုကဲ့သို့ ZORO အနေဖြင့် ချင်း အရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်မှုအပေါ် ဝမ်းသာကြိုဆိုကြောင်း မိမိတို့အချင်းချင်းကြားစည်းလုံးညီညွတ်မှုရှိလာစေရေးအတွက်ဆက်လက်ဆောင်ရွက်ပေးရန်ဖိတ်ခေါ်ကြောင်း ပြောဆိုခဲ့သည်ဟု ZORO ကထုတ်ပြန်သည်။

ချင်းညီနောင်အဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းတီမီက “ ဒီကနေ့ မိမိတို့တွေ့ဆုံဆွေးနွေးမှုဟာ အစကနဦး ခြေလှမ်းဖြစ်ပါတယ်၊ ချင်းမျိုးနွယ်စုများအကြား စည်းလုံးညီညွတ်ရေးကို မိမိတို့လိုလားပါတယ်။ အဲဒီလိုစည်းလုံး ညီညွတ်မှုကိုလိုလားတဲ့အတွက်လည်း မိမိတို့ကိုတိုက်ခိုက်နေတဲ့သူ တွေကိုတောင် မိမိတို့ဘက်က ပြန်မတိုက်ခဲ့ပါဘူး၊ အချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုအမှန်တကယ် ရှိလာနိုင်ဖို့အတွက်ဆိုရင် မိမိတို့အဖွဲ့အစည်း ရာထူးတွေအားလုံးကို ဖျက်သိမ်းပြီး အစကနေ ပြန်စကြမယ်ဆိုလည်း မိမိတို့လိုလားပါတယ်” ဟု ပြောဆိုခဲ့ကြောင်း ZORO ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ZORO အနေဖြင့် ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရနှင့် ICNCC/ချင်းညီနောင်တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသော သဘောထား ကွဲလွဲမှုနှင့်ပတ်သက်၍ ပြေလည်မှု ရှိလာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆင်ပြေမည့် တရက်ရက်တွင် ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ်သွားမည်ဟု ဖော်ပြထားသည်။

ZORO အဖွဲ့သည် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုစနစ်ကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ကွဲပြားနေထိုင်ခဲ့ကြရသော ချင်း-မီဇိုး-ကူကီးမျိုး နွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်စုစည်းနေထိုင်နိုင်ရေးအတွက် တောင်းဆိုလှုပ်ရှားနေသော မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Most read this week

January 20, 2025
ချင်းတော်လှန်ရေးတပ်ဖွဲ့ နှစ်ခုက တီးတိန်မြို့သိမ်းစစ်ဆင်ရေးကို စတင်တော့မည်ဟု ကြေညာသောကြောင့်...
January 16, 2025
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေသော အိန္ဒိယနိုင်ငံသားတစ်ချို့သည်...
January 15, 2025
အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာ နယ်စပ်အကြား လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR စနစ်...