တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်သည့် တက္ကသိုလ်များအား စစ်ကောင်စီက ကြေညာရာတွင် ရခိုင်ကတောင်ကုတ်တက္ကသိုလ်မပါဝင်

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်သည့် တက္ကသိုလ်များအား စစ်ကောင်စီက ကြေညာရာတွင် ရခိုင်ကတောင်ကုတ်တက္ကသိုလ်မပါဝင်

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်သည့် တက္ကသိုလ် (၂၃)ခုစာရင်းကို စစ်ကောင်စီက ကြေညာထုတ်ပြန်ခဲ့ပြီး ရခိုင်မှ တောင်ကုတ်တက္ကသိုလ်မှာ လျှောက်ထားရမည့် စာရင်းတွင် မပါဝင်ဟု သိရသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်သည့် တက္ကသိုလ် (၂၃) ခုစာရင်းကို စစ်ကောင်စီက ယနေ့ သြဂုတ်လ ၁၈ ရက်ထုတ် ၄င်းတို့လက်အောက်ခံ သတင်းစာများတွင် ဖော် ပြထားခြင်းဖြစ်သည်။

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်တွင် အဆင့်မြင့်ပညာရေးဌာန တက္ကသိုလ်နှစ်ခုရှိသည့် အနက် စစ်တွေတက္ကသိုလ်တွင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်သည်ဟု ပါရှိသော်လည်း တောင်ကုတ်တက္ကသိုလ် မပါဝင်ရခြင်းမှာ စစ်ရေးအခြေအနေကြောင့်ဖြစ်နိုင်သည်ဟု တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောသည်။

"ကျောင်းထဲမှာ သူတို့ (စစ်ကောင်စီတပ်)လည်း တပ်စွဲထားတယ်။ ဒါကို ပြည်သူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ဘာလိုမှ အဆင်မပြေဘူး။ သူတို့တပ်စွဲထားတာရယ်။ ပြီးတော့ တိုက်ပွဲ အခြေအနေတွေကြောင့်ရယ်၊ ဒါကြောင့် တက္ကသိုလ် မဖွင့်နိုင်တာလို့ ထင်ပါတယ်"ဟု ပြောသည်။

တောင်ကုတ်တက္ကသိုလ်တွင် တောင်ကုတ်၊ အမ်း၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူ၊ ဂွ စသည့် ဒေသမှ ကျောင်းသား၊ ကျောင်းသူများ အဓိက တက်ရောက်ခဲ့ကြသည်။

လက်ရှိတွင် တောင်ကုတ်တက္ကသိုလ်အား စစ်ကောင်စီက တပ်စွဲကာ ပိတ်ထားသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း နစ်နာချက်များရှိသည်ဟု ပြောဆိုကြသည်။

တောင်ကုတ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများကိုလည်း ပြည်မဘက်ရှိ တက္ကသိုလ်အချို့တွင် ယာယီတွဲထားသည်ဟု တက္ကသိုလ်ဆရာတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် တောင်ကုတ်တက္ကသိုလ်တွင် တပ်စွဲနေထိုင်ရန် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်က ကျောင်းတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ကာ ‌ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများအား နှင်ထုတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် တောင်ကုတ်တက္ကသိုလ်တွင်းမှ သင်တန်းရေးရာဌာနမှူးနေအိမ်နှင့် ကားတို့မှာ ပျက်စီးသွားခဲ့ရသည်။

ထို့နောက်  စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ကုတ်တက္ကသိုလ်ထဲတွင် တပ်စွဲခဲ့ပြီး ပါချုပ်၏ နေအိမ်အပါအဝင် ဆရာ၊ ဆရာမများ၏တိုက်ခန်းများကို ဖောက်ထွင်းကာ ပစ္စည်းများကိုပါ ခိုးယူခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၄) ရက်ကလည်း တောင်ကုတ်တက္ကသိုလ် အနောက်ဘက်ရှိ တိန်းချောင်းဘက်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုများ ရှိခဲ့သည်။

တောင်ကုတ်တွင် စစ်ကောင်စီအခြေစိုက်ထားသည့် ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းနှင့် စကခ ၅ စသည့် တပ်ရင်းတို့ တပ်စွဲထားသည်။

တောင်ကုတ်မြို့တွင် ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများခဲ့ကြောင်း သိရှိရသည်။

စစ်တွေတက္ကသိုလ်အပါအဝင် စစ်ကောင်စီက ယခု ထုတ်ပြန်ထားသည့် တက္ကသိုလ် (၂၃) ခုတွင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာကို ဩဂုတ်လ (၂၆)ရက်မှ စတင်ပြီး စက်တင်ဘာ (၁၂)ရက်အတွင်း လျှောက်ထားနိုင်သည်ဟု စစ်ကောင်စီ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်တွင် ယခုနှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ၈၆၄၄ ဦးသာရှိခဲ့ပြီး ၅၂၅၃ ဦး အောင်မြင်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

Most read this week

September 21, 2024
ယခုနှစ် မိုးရာသီအတွင်း ရခိုင်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု...
September 20, 2024
ရခိုင်ပြည်၊မောင်တောမြို့ ၃ မိုင်နှင့် မကျည်းချောင်းကျေးရွာအနီးအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ...
September 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကို...
September 19, 2024
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျှော...