မြန်မာ့အရေးကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ်လင့်တနာ- Bertil Lintner နှင့် အင်တာဗျူး

မြန်မာ့အရေးကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ်လင့်တနာ- Bertil Lintner နှင့် အင်တာဗျူး

မြန်မာနိုင်ငံရဲ့ စစ်ရေးအခြေအနေ၊ တရုတ်ရဲ့ ရပ်တည်မှုနဲ့ ရှမ်းမြောက်က စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး စာရေးဆရာ ၊ မဟာဗျူဟာရေးရာ အတိုင်ပင်ခံနဲ့ မြန်မာ့အရေးကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ်လင့်တနာ- Bertil Lintner ကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး– အခုဆိုရင် ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းပြန်စလာခဲ့တယ်။ အပစ်ရပ်ထားတဲ့ကြားပဲ စစ်ဆင်ရေး ပြန်စတင်လိုက်တာက ဘာကြောင့်လို့ ပြောနိုင်ပါသလဲ။

ဖြေ- အပစ်ရပ်တဲ့ကိစ္စကို စကစ ဒါမှမဟုတ် တော်လှန်ရေးအဖွဲ့တွေက ကြာရှည်မယ်ခံမယ်လို့ မျှော်မှန်းထားကြမှာ မဟုတ်ဘူးလို့ကျနော်ထင်တယ်။ တော်လှန်ရေးအဖွဲ့တွေက ဆက်ပြီးတိုက်နေဦးမှာဖြစ်သလို စကစ ကလည်း သူလက်လွတ်ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို ပြန်လိုချင်နေဆဲဖြစ်တာကို တွေ့ရတယ်။

မေး – MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းယူထားတယ်ပေါ့။ အဲဒီမှာ UWSA တပ်ဖွဲ့က နှစ်ဖက်စစ်တပ်ခွင့်ပြုလို့ လားရှိုးမြို့ထဲ ဝင်ရောက်နေရာယူတာတွေလည်းတွေ့တယ်။ ပြီးတော့ ရမခကို သိမ်းပိုက်တာပါပဲ။ အဲဒါဘာကြောင့်ပါလဲ “ဝ” က တိုက်ခိုင်းလို့လား။ “ဝ” ကလားရှိုးရဲ့ ကယ်တင်ရှင်လား။ ပြီးရင် MMDAA ကလည်းမြို့ကို အုပ်ချုပ်ရေးယန္တရား စတင်မယ်ပြောပါတယ်။ MNDAA က လားရှိုးတစ်ခုလုံးကိုသိမ်းနိုင်ပြီး သူ့အောက်သွပ်သွင်းနိုင်မလား။

ဖြေ– ကျနော်ယုံကြည်တာတစ်ခုက UWSA က သူနဲ့အနီးဆုံးမဟာမိတ်ဖြစ်တဲ့ တရုတ်ကြောင့် လားရှိုးကိုဝင်တာပါ။ တရုတ်တွေက လက်ရှိအခြေအနေတွေတည်ငြိမ်သွားဖို့နဲ့ သူတို့ အထိန်းအကွပ်အောက်ကနေလွတ်သွားမဲ့ အနေအထားကို ကာကွယ်ဖို့ဖြစ်တယ်လို့မြင်ပါတယ်။ တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ လားရှိုးမြို့ကို MNDAA နဲ့ ကိုးကန့်တပ်တွေက စီမံအုပ်ချုပ်သွားမယ် ဆိုတာကို ကျနော်တော်တော်လေး လက်ခံယုံကြည်ဖို့ခက်ပါတယ်။ နောက်မေးခွန်းရှိတာက တိုက်ပွဲစပြီးကထဲက လားရှိုးမြို့ကနေ လူဦးရေဘယ်လောက်ထွက်သွားပြီလဲ။ ဘယ်လောက်ကျန်နေသေးလဲ ဆိုတာပါ။ ကျနော်ကတော့ ခုထိ လက်ခံယုံကြည်လောက်တဲ့ အရေအတွက် မကြားမိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မန္တလေးကိုစစ်ရှောင်သွားကြတဲ့ လူတွေက MNDAA အုပ်ချုပ်နေတဲ့ မြို့ကိုပြန်လာနေကြမှာလား ဆိုတာလည်း ကျနော်လက်ခံယုံကြည်ဖို့ ခက်ပါတယ်။

မေး – ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးမှာ ရှမ်းမြောက်ကမြို့အများစုကို သိမ်းပြီးပါပြီ။ တရုတ်ဘက်ကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့အဖြေရှာဖို့ ပြောဆိုတာတွေလည်း ရှိပါတယ်။ ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးက ဘယ်လောက်အတိုင်းအတာ(တော်လှန်ရေးပြီးဆုံးသည်အထိ)ထိ၊ စစ်ဆင်ရေးရည်မှန်းချက်က ဘယ်ထိသွားမယ်လို့ ပြောနိုင်ပါသလဲ။

ဖြေ– ဒီညီနောင်သုံးဖွဲ့က NUG ကို အပြောသက်သက်ပုံစံ စစ်ရေးထောက်ပံ့မူမျိုးလောက်ပဲ လုပ်ပြီး သူ့ဟာသူလွတ်လပ်စွာ စစ်ဆင်ရေးတွေ လုပ်နေတာပါ။ သူတို့ရဲ့ အဓိကအချက်ကတော့ သူတို့အတွက်အရေးပါတဲ့ ရှမ်းမြောက်ကိုရရှိရေးနဲ့ စီမံအုပ်ချုပ်နိုင်ရေးပါ။ သူတို့က နေပြည်တော်၊ ရန်ကုန်အထိ၊ နောက်ဆုံးမန္တလေးကိုတောင် တက်တိုက်မယ်ဆိုတာ ကျနော်တော့မထင်ဘူး။

မေး – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ဒီစစ်ဆင်ရေးမှာ ဝင်ရောက်တိုက်ခိုက်တာတွေကို တွေ့ရပါတယ်။ တစ်ချို့တွေကလည်း မန္တလေးမြို့အထိကို ထိုးဖောက်တိုက်ခိုက်မယ်ဆိုတာတွေလည်း ပြောဆိုမှုတွေရှိပါတယ်။ ဒါဟာဖြစ်နိုင်ပါသလား။ ဘာကြောင့်ပါလဲ။

ဖြေ– သူတို့တွေအနေနဲ့ကြိုးစားကောင်းကြိုးစားလိမ့်မယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စစ်ကူမရဘဲနဲ့ မဖြစ်နိုင်ဘူး။ နောက်ပြီး ဒီတိုင်းရင်းလက်နက်ကိုင်တွေက မန္တလေးကိုဝင်တိုက်ဖို့ စိတ်ဝင်စားမှု မရှိဘူးလို့မြင်ပါတယ်။

မေး – တရုတ်ကြောင့် ၁၀၂၇ နောက်ဆက်တွဲစစ်ဆင်ရေး ယာယီပြန်ရပ်နိုင်ပါသလား။

ဖြေ– ကျနော်ထင်တယ်။ တရုတ်က နောက်တစ်ကြိမ်ကြားဝင်ပြီး စစ်ပြေငြိမ်းဖို့ တစ်ခုခု စီမံလုပ်ဆောင်လာပါလိမ့်မယ်။ ဒီမှာ အရေးကြီးတာတစ်ခုက တရုတ်သည် တစ်ခုတည်းသောပြင်ပ အင်အားကြီးဖြစ်ပြီးတော့ တကယ့်ကိုထဲထဲဝင်ဝင် မြန်မာ့ပြည်တွင်းစစ်ကို ဝင်ရောက်စွတ်ဖက်နိုင်တယ်ဆိုတာပါ။ တရုတ်က နေပြည်တော်မှာရှိတဲ့ စစ်တပ်သြဇာ ပျက်သုဉ်းသွားမှာကို မြင်ချင်မှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ ဒါမှမဟုတ် စကစကို အများလက်ခံနိုင်တဲ့ အရပ်သားအယောင်ဆောင် အစိုးရတစ်ခုခုနဲ့ အစားထိုးတာမျိုး ဖြစ်စေချင်တယ်လို့ မြင်တယ်။ သေချာတာက တရုတ်က ဒီတော်လှန်ရေးအဖွဲ့တွေသည် စစ်တပ်ကို အနိုင်တိုက်နိုင်မှာမဟုတ်ဘူးဆိုတာကို လက်ခံထားတယ်။ ဒါကြောင့် ကျနော်တို့ မျှော်လင့်ထားရမှာက မတိုးသာမဆုတ်သာ အခြေအနေမျိုးမှာ တရုတ်က သူ့အကျိုးစီးပွားအတွက် ကောင်းကောင်း အသုံးချသွားနိုင်တယ်ဆိုတာကိုပါ။

မေး – နောက်တစ်ခုက နယ်မြေပြဿနာပါ။ KIA နဲ့ TNLA တို့ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ လပိုင်းတွေက နယ်မြေအငြင်းပွားမှု တွေဖြစ်နေပါတယ်။ နောက်ပိုင်းမှာရော ဒီလိုကိစ္စတွေ ဘယ်လောက်အထိ ဖြစ်လာနိုင်ပါသလဲ။ ဘာကြောင့်ပါလဲ။

ဖြေ– ဒီနယ်မြေအငြင်းပွါးမူက တစ်ကယ်ဆိုးရွားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အခွန်ကောက်ခံမှုတွေ တပ်သားသစ်စုဆောင်းမှုတွေကြောင့်ပါ။ နောက်တစ်ခုသိထားရမှာက KIA နဲ့ TNLA တင်မကပဲ ရှမ်း အဖွဲ့တွေလည်း ဒီနယ်မြေတွေကို လိုချင်နေပါတယ်။ နိုင်ငံတစ်ကာက လေ့လာသူတွေ အထူးသဖြင့် အကဲဖြတ်သူပညာရှင်တွေလို့ ဆိုလို့ရသူတွေဟာ ဒီပြင်းထန်တဲ့ ပဋိပက္ခတွေ၊ နောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်းကြား စည်းလုံးမူမရှိတဲ့ ကိစ္စတွေကို အာရုံမစိုက်မိကြဘူး။ ကျောက်မဲမြို့က ရှမ်းတွေက TNLA တွေ သူတို့မြို့ကိုဝင်လာတာကို နာကျည်းကြတယ်။ ကျနော်နားလည်တာက ကွတ်ခိုင်မှာရှိတဲ့ ကချင်တွေလည်း ဒီလိုပဲခံစားကြမှပဲဆိုတာပါ။ ဘယ်တိုင်းရင်းသားအဖွဲ့ ဘယ်အင်းအားစုပဲဖြစ်ဖြစ် ကိုးကန့်တရုတ် လို့ခေါ်တဲ့ MNDAA တွေ ဒီနယ်မြေတွေမှာ စိုးမိုးလာမှာကို မလိုချင်ကြဘူး။

မေး – နောက်ပြီး ရခိုင့်အရေးလည်းတစ်ခုလောက် မေးချင်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ မြို့တွေတော်တော်များများကို AA က သိမ်းထားလိုက်ပါပြီ။ ဒီနှစ်ကုန်ရင် ရခိုင်ပြည်နယ်ဟာ တစ်ပြည်နယ်လုံးလွတ်မြောက်နိုင်မယ်လို့ ပြောလို့ရပါသလား။ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်ကရော ဘာဖြစ်မယ်လို့ သုံးသပ်ချင်ပါသလဲ။

ဖြေ– ကျနော်နားလည်တာက AA က UWSA ပုံစံမျိုး မြန်မာစစ်တပ်နဲ့ ပဋိပက္ခကို ဖြေရှင်းချင်တယ်။ ဒါကြောင့် ရခိုင်တွေက တစ်ဖက်သတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံနဲ့ သူတို့ နယ်တွေကို အုပ်ချုပ်သွားဖို့ရှိနိုင်တယ်။ ဖြစ်နိုင်မဖြစ်နိုင်ကတော့ ပြောဖို့ခက်တယ်။

မေး – ပြီးရင် AA အနေနဲ့ ရိုဟင်ဂျာကိစ္စကို ဘယ်လိုကိုင်တွယ်မယ်လို့ မြင်လဲ။

ဖြေ– ယုံကြည်ရတဲ့ အစီရင်ခံစာတွေအရ မြန်စစ်တပ်က ရိုဟင်ဂျာစစ်သွေးကြွတွေကို လက်နက်တပ်ဆင်ပေးတယ်။ အထူးသဖြင့် ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့တွေပေါ့။ နောက်ပြီး AA ကိုတိုက်ပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ နေထိုင်ခွင့် စတဲ့အခွင့်အရေးတွေပေးမယ်ဆိုပြီး ကတိပေးထားတယ် ဆိုတာသိရတယ်။ ဒီသွေးခွဲအုပ်ချုပ်တဲ့စနစ်က ရိုဟင်ဂျာစစ်သွေးကြွတွေနဲ့ ရခိုင်လူမျိုးတွေကြားမှာ ကြီးမားတဲ့ပဋိပက္ခတွေ ဖြစ်လာစေနိုင်တယ်။ ဒါပေမဲ့ မျက်မြင်သက်သေတွေအရ AA ဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေနဲ့ မြေပြင်မှာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတယ်ဆိုတာကို သိရတယ်။

မေး– ရခိုင်မှာ AA ဩဇာတည်ဆောက်ပီးရင် အိန္ဒိယရဲ့ ကလားတန်စီမံကိန်း ဘယ်လို အခြေအနေရှိနိုင်မလဲ။

ဖြေ– ဒါကတော့ပြောရခက်တယ်။ အိန္ဒိယတွေ ဘယ်လိုဖွင့်ဖြိုးတိုးတက်မှုတွေ လုပ်ချင်တာလဲဆိုတဲ့ အပေါ်မှာမူတည်တယ်။ ခုချိန်ထိ အိန္ဒိယက အခြေအနေတွေကို စောင့်ကြည့်မယ်ဆိုတဲ့ အနေအထားမျိုး တွေ့ရတယ်။

မေး – နောက်ပြီး ကချင်ဘက်ကလည်း မေးချင်ပါတယ်။ ကချင်ပြည်နယ်အတွင်းမှာ KIA က NUG နဲ့ ပေါင်းပြီးတိုက်ပွဲတွေ ဖော်ဆောင်တာကိုတွေ့ရပါတယ်။ KIA အနေနဲ့ နွေဦးတော်လှန်ရေးမှာ NUG အတွက် အရေးပါးဆုံး တပ်မတော်တစ်ခုလို့ ပြောနိုင်ပါသလား။ လက်ရှိအချိန်ပြည်နယ်အတွင်းက စစ်ရေးအခြေအနေကို ဘယ်လိုတွေဆက်ပြီး ဖြစ်လာနိုင်ပါသလဲ။ ဘယ်လောက်အထိ နယ်မြေတွေ တိုက်ခိုက်သိမ်းပိုက်လာနိုင်လဲ။

ဖြေ– ပြောလို့ရနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ NUG တာဝန်ရှိသူတွေက KIA ထိန်းချုပ်နယ်မြေတွင်းမှာ ရုံးထိုင်ထားလို့ပါ။ တစ်ခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက NUG နဲ့ ဒီလိုနီးစပ်မှုမရှိဘူး။ နယ်မြေစိုးမိုးမူနဲ့ပတ်သက်ပြီး ကျနော်အထက်မှာ ပြောခဲ့ပြီးပါပြီ။ KIA က ကချင်ဒေသ တော်တော်များများကို စိုးမိုးချင်ပါတယ်။ သို့သော် KIA၊ TNLA နဲ့ MNDAA တို့က မန္တလေးမြို့ကို တက်သိမ်းဖို့ကို စိတ်ဝင်စားမူမရှိဘူးလို့ ကျနော်ထင်တယ်။

မေး – အခုဆိုရင် မြန်မာ့ဦးတော်လှန်ရေးဟာ ၃ နှစ်ကျော်ရှိလာပါပြီ။ တစ်နိုင်ငံလုံးမှာလည်း တိုက်ပွဲတွေပိုပြီးပြင်ထန်လာတာကို တွေ့ရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေအသားစီးရမှုအခြေအနေက ဘယ်လိုရှိပါသလဲ။ ပြီးရင် တော်လှန်ရေးခရီးက ဘယ်အထိရောက်နေပြီလဲဆိုတာ သုံးသပ်ပေးနိုင်မလား။ တနိုင်ငံလုံးရဲ့ စစ်ရေးအခြေအနေက ဘယ်အထိရောက်ပြီလဲ။ နောက်ပြီးမြန်မာစစ်တပ်ရဲ့ တန်ပြန်တုန့်ပြန်နိုင်တဲ့ အခြေအနေကလည်း ဘယ်အခြေအနေလောက်ထိ ရှိနေပါသေးလဲ။

ဖြေ– မြင်ရတဲ့အတိုင်းပဲ တော်လှန်ရေးအင်အားစုတွေက မြန်မာစစ်တပ်ကို တိုက်ခိုက်ဖို့ လက်နက်ပြည့်စုံမူမရှိဘူး။ စည်းလုံးညီညွတ်မူလည်းမရှိဘူး။ နောက်ပြီးမြန်မာစစ်တပ်ကလည်း ဒီတော်လှန်ရေးအင်အားစုတွေကို ပြန်တိုက်ဖို့အားမရှိဘူး။ သိထားရမှာက ၁၉၄၈ ခုနစ်ကထဲက လက်နက်ကိုင်အင်အားစုတွေကို ဖိနှိပ်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ခုချိန်ထိ မအောင်မြင်တာတွေ့ရတယ်။ ကျနော့်ရဲ့ အဆိုးမြင်ခန့်မှန်းချက်ကို ဆိုရမယ်ဆိုရင် စိတ်မကောင်းစွာပဲ လာမယ့် အနာဂါတ်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေဦးမယ်။ အရပ်သားလူထုဟာလည်း ဒီနှစ်ဖက်ဖြစ်စဉ်တွေကြားမှာ ညပ်ပြီး ဆက်ပြီးဒုက္ခခံစားနေကြရဦးမှာပါ။

 

Most read this week

September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...
September 10, 2024
ကချင်ပြည်နယ်၊ဗန်းမော်နဲ့ မိုးမောက်မြို့ကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့...