မိုးဗြဲမြို့အနီးက ခမရ (၄၂၂) တပ်ကို စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်တွေ ပို့နေ

မိုးဗြဲမြို့အနီးက ခမရ (၄၂၂) တပ်ကို စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်တွေ ပို့နေ

ကရင်နီနဲ့ ရှမ်းနယ်စပ်က မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာရှိပြီး မိုးဗြဲမြို့ အခြေစိုက် ခမရ ၄၂၂ တပ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကျည်ဆံတွေ ပို့ဆောင်နေတယ်လို့ မိုးဗြဲ PDFရဲ့ သတင်းနဲ့ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ တိုက်ပွဲတော့ မကြာခန ဖြစ်ပါတယ်။ ဒီနောက်ပိုင်း ပိုလှုပ်ရှားလာတာကိုလည်း တွေ့ရတာပေါ့နော်။ လေကြောင်းနဲ့ ကျည်ပို့ဆောင်ရေးလမ်းကြောင်းတွေ ပိုလှုပ်ရှားလာတာရှိတယ်။”လို့ မိုးဗြဲ PDFရဲ့ သတင်းနဲ့ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဩဂုတ်လ ၅ ရက်နေ့နောက်ပိုင်းမှာ လေကြောင်းသုံးပြီး လက်နက်ခဲယမ်းပို့ဆောင်တဲ့ လှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာတယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ၄၂၂ တပ်ရဲ့အပြင်ဘက်မှာလည်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေရှိလာသလို ပြည်သူတွေရှိတဲ့နေရာဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ထပ်လောင်းပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းလှုပ်ရှားမှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းတချို့ကို ယာယီပိတ်ထားလိုက်ရတာရှိတယ်လို့ ကျောင်းဆရာမတွေဆီကနေ သိရပါတယ်။

“မစိုးရိမ်ရဘူးလားလို့မေးရင် ၁၀၀ ရာခိုင်နှုန်းတော့ စိုးရိမ်တာပေါ့။ ဘယ်လိုကာကွယ် ထားတာလည်းဆိုတော့ ကတုတ်ကျင်းတူးထားတာရှိတယ်။ အခြေအနေမကောင်းဘူးဆိုရင် ကလေးတွေ ကျောင်းလွတ်ပြန်ရမှာပဲ ကျောင်းပိတ်သင့်ရင်လည်း ပိတ်ရမှာပဲပေါ့နော်”လို့ ကျောင်းဆရာမတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ မိုးဗြဲမြို့ အခြေစိုက်စစ်ကောင်စီရဲ့ ခမရ – ၄၂၂တပ်ကနေ မိုးဗြဲရေကာတာ ဖောက်ချခဲ့ပြီးနောက် မိုးဗြဲနဲ့ ဒီးမော့ဆို၊ လွိုင်ကော်မြို့တွေက နေရာတချို့ရေလွမ်းခဲ့တာရှိပါတယ်။

လက်ရှိ မိုးဗြဲမြို့‌ပေါ်မှာ တိုက်ပွဲတွေ ကြိုကြား ဖြစ်နေတာရှိပြီး နှစ်ဖက် တင်းမာမှုတွေ ဆက်တိုက် ရှိနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ရပ်ရွာက နေအိမ်တွေကို ပြန်လာတာ မလုပ်ကြဖို့ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ် (MBPDF)က ဩဂုတ်လ ၁၀ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

Most read this week

September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...
September 17, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို...