စစ်အာဏာရှင်စနစ်ကို ဦးစားပေးတိုက်ဖျက်သွားမယ်လို့ မွန်ပြည်သစ် AD ပြော

စစ်အာဏာရှင်စနစ်ကို ဦးစားပေးတိုက်ဖျက်သွားမယ်လို့ မွန်ပြည်သစ် AD ပြော

မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP AD က စစ်အာဏာရှင်စနစ်ကို ဦးစားပေးတိုက်ဖျက်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်သစ် AD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ပြန်တိုက်သွားမယ်လို့ စစ်ကြေညာထားတာပါ။

ဒါကြောင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ မွန်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲသွားမှာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ဗညားမွန်က ပြောပါတယ်။

“ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ AD အနေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလုပ်ငန်းမှာ မွန် ပြည်နယ်မှာရှိတဲ့ အင်အားစုတွေအားလုံးနဲ့ လက်တွဲပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ အင်အားစုတွေ အား လုံးနဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးကို ကျွန်တော်တို့ အရင်ဦးစားပေးပြီး တိုက်ဖျက်သွားမယ်”လို့ ပြောပါတယ်။

အဲဒီနောက် ဖက်ဒရယ်တည်ဆောက်ရေးအတွက် မွန်ပြည်နယ်မှာရှိတဲ့ အင်အားစုတွေအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းပြီး မွန်ပြည်ဖက်ဒရယ်တည်ဆောင်ရေးကို ထုတ်ပြန်ထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တဆင့်ပြီးတဆင့် ဆက်လုပ်သွားမယ်လို့ သူကဆက်ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအပေါ် မွန်ပြည်သစ်ပါတီ AD နဲ့ ပအိုဝ်းတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ PNLO ၊ PNFC တို့ ဩဂုတ် ၇ ရက်နေ့မှာ ပူးတွဲထုတ်ပြန်တဲ့ ဂုဏ်ပြုသဝဏ်လွှာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်ရဲ့ မေးမြန်းမှုကို နိုင်ဗညားမွန်က ဖြေကြားခဲ့တာပါ။

မွန်ပြည်သစ်ပါတီ AD ရဲ့ နိုင်ငံရေးလမ်းပြမြေပုံမှာတော့ မွန်တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ ပါရှိပါတယ်။

အဲဒီအချက်ကို မွန်ပြည်သစ်ပါတီ AD က မွန်နဲ့ကရင်အစပ် ကော့ဘိန်းရဲစခန်းသိမ်းတိုက်ပွဲမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ ကရင်လက်နက်ကိုင်အဖွဲ့တွေအပြင် PDF အဖွဲ့တွေနဲ့အတူ အကောင်အထည်ဖော်ခဲ့ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်သစ်ပါတီ AD တို့ နိုင်ငံရေး၊စစ်ရေးနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဖို့ အခုနှစ် ဧပြီအတွင်း ပထမအကြိမ်တွေ့ဆုံမှုကနေ ကနဦးသဘောတူညီချက်တချို့ ရရှိထားကြတာပါ။

ဒါပေမယ့် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်သစ်ပါတီ AD တို့ရဲ့ နောက်ဆက်တွဲ တွေ့ ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ နှစ်ဘက်အဖွဲ့က တ ရားဝင် ထုတ်ပြောထားတာ မရှိသေးပါဘူး။

မွန်နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ မွန်ပြည်သစ် AD ရဲ့ နိုင်ငံရေးလမ်းပြမြေပုံဟာ တော်လှန်ရေးလှိုင်းကိုတက်စီးတဲ့ သဘောထက်မပိုတဲ့အတွက် မွန်အမျိုးသားလွတ်မြောက်ရေးကို မဟာဗျူဟာကျကျ ဖောက်ထွက်ဖို့ ကြိုးပမ်းနေတာ မမြင်ဘူးလို့ သုံးသပ်ပါတယ်။

“မွန်ပြည်သစ်ပါတီ AD ရဲ့ နိုင်ငံရေးလမ်းပြမြေပုံက တော်လှန်ရေးလှိုင်း လူထုလှိုင်းကို တက်ခွစီးလိုက်တဲ့ သဘောထက်မပိုပါဘူး။ သဘောက မွန်အမျိုးသားလွတ်မြောက်ရေးကို မဟာဗျူဟာကျကျ ဦးဆောင်မှုရယူပြီး ဖောက်ထွက်ဖို့ ကြိုးပမ်းနေတယ်လို့ မမြင်ဘူး။ လက်ရှိတော်လှန်ရေးပေးထားချက်ကိုပဲ တွဲခိုစီးနင်းလိုက်ပါတာ ဖြစ်နေတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေကို စည်းရုံးသိမ်း သွင်းမယ်။ တခြားတော်လှန်ရေးအဖွဲ့တွေ ဘဝတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ မဟာမိတ်ဖွဲ့မယ်၊ စစ်ကောင်စီပြုတ်ကျသွားရင် ‘ဖက်ဒရယ်ဝေစု’ ဆိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲထဲ ဝင်ထိုင်ပြီး ကိုယ့်ဝေစုကို ကိုယ်တောင်းယူမယ်။ ဒီလောက်ပါပဲ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေလို စစ်ရေးအရ အသေအကျေ တိုက်ယူဖို့ အစီအစဉ်လုံးဝမရှိပါဘူး”လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ AD ရဲ့ နိုင်ငံရေးလမ်းပြမြေပုံပါ တချို့အချက်မှာတော့ အာဏာသိမ်း စစ်ကောင်စီနဲ့ သူ့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဖယ်ရှားပြီး မွန်ပြည်ကြားကာလနဲ့ ပြည်ထောင်စု ကြားကာလအုပ်ချုပ်ရေးအစီအမံ ရေးဆွဲအကောင်အထည်ဖော်တာတွေ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားတာပါ။

ဒါ့အပြင် တော်လှန်ရေးအင်အားစုအားလုံး ပါဝင်တဲ့ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုနဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းပြီး အဲဒီဖွဲ့စည်းပုံအရ ရွေးကောက်ပွဲကျင်းပကာ အ သွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရ ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။

ရာမညအင်စတီကျူ နိုင်ငံရေးသုတေသနအဖွဲ့ RICE ကတော့ မွန်လူထုအများစုရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ မွန်ပြည်သစ်ပါတီ AD အနေနဲ့ မွန်ကိုယ်ပိုင်နိုင်ငံရေးမိုဒယ်နဲ့ နိုင်ငံရေးလမ်းကြောင်းသစ်တစ်ခုကို ရဲရဲတင်းတင်း ဖောက်ထွင်းသင့်တယ်လို့ အစီရင်ခံစာနဲ့တကွ အကြံပြုထားပါတယ်။

လက်ရှိမှာတော့ မွန်ပြည်သစ်ပါတီ AD ဟာ ကရင်ကဒေသတချို့အပါအဝင် မွန်က ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးဒေသတွေမှာ NUG လက်အောက်ခံ PDF အဖွဲ့တွေအပါအဝင် အခြားတော်လှန် ရေးအဖွဲ့တချို့နဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Most read this week

September 21, 2024
မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ်...
September 20, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို...
September 19, 2024
လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှာ ဖြစ်တာကြောင့်...
September 17, 2024
လာမယ့်အောက်တိုဘာမှာ စစ်ကောင်စီကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းဟာ...