ကလေးမြို့နယ်၌ ပကဖ ဖမ်းထားသည့် ယာဥ်မောင်း ၁၃ဦး ၄၅ရက်ပြစ်ဒဏ်ပေး

ကလေးမြို့နယ်၌ ပကဖ ဖမ်းထားသည့် ယာဥ်မောင်း ၁၃ဦး ၄၅ရက်ပြစ်ဒဏ်ပေး

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် ယာဥ်မောင်း ၁၃ ဦးကို ၄၅ ရက် ပြစ်ဒဏ်ပြည့်မြောက်သည့်ဩဂုတ်လ ၂၃ရက်နေ့တွင် ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။

တိုက်ပွဲကာလ မြေပြင်ကန့်သတ်တားမြစ်ချက်များကို ချိုးဖောက်မှု ၊ ပြည်သူလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသောရဲဘော်များကို ရိုက်နှက်ထိုးကြိတ်ဆဲဆို အကြမ်းဖက်မှုများအတွက် ယာဥ်မောင်းအဖွဲ့မှ ဦးဆောင်သူ ၁၃ဦးကို ကာကွယ်ရေးအဖွဲ့မှ ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ကလေးခရိုင် ၊ ကလေးဝမြို့နယ် (မဟာမြိုင်ဒေသ) အောင်ချမ်းသာ စစ်ကောင်စီစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဇွန်လဆန်းမှ ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့စဥ် ယင်းလမ်းပေါ်ကို စစ်ရေးအခြေအနေရ ဖြတ်သန်းခွင့်ပိတ်ပင်ခဲ့ရာ တိုက်ပွဲနှင့် သုံးမိုင်အကွာ ပျဥ်းကိုင်းရွာအနီးတွင် ကုန်တင်ယာဥ်အစင်း ၃၀၀ နီးပါး ပိတ်မိခဲ့သည်။

ဇူလိုင်လ ၄ရက်နေ့တွင် ကုန်တင်ယာဥ်ကား အစီး ၅၀ခန့်သည် တားမြစ် နေရာကို ဖြတ်ကျော်ရန်ကြိုးစားစဥ် တာဝန်ရှိသူများမှ ရှင်းပြသဖြင့် နောက်လှည့်သွားခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့တွင် ကုန်တင်ကား အစီး ၈၀ခန့် ထပ်မံ၍ တားမြစ်ဧရိယာကို မောင်းနှင်လာသဖြင့် တားဆီးခဲ့ရာ ယာဥ်မောင်းများဘက်က ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦးကို ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့ကြောင်း ကလေးဝ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

“ကျနော်တို့ သူတို့ကို ၄၅ရက် ထိန်းသိမ်းဖို့ အပြစ်ပေးထားပါတယ်။ ရက်ပြည့်ပြီဆိုရင် ကားပိုင်ရှင်၊ မိသားစုဝင်များက အာမခံပြီး လွှတ်ပေးသွားမှာဖြစ်ပါတယ်” ဟု ကလေးခရိုင် ပကဖ တာဝန်ခံက မဇ္စျိမကိုပြောသည်။

ဇူလိုင်လ ၈ရက်နေ့မှ စတင်ပြီး ယာဥ်မောင်းနှင့် ကားအချို့ကို ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ၂၃ရက်နေ့တွင် ပြန်လည်လွတ်မြောက်မည်ဟု ဆိုသည်။

၎င်းတို့အား ထိန်းသိမ်းထားစဥ်အတွက် နှိပ်စက်ညှဥ်းပန်းခြင်းမရှိဘဲ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ခရိုင်ပကဖ တာဝန်ခံက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်ကြာမြင့်လာခဲ့သောကြောင့် ယာဥ်မောင်းများတွင်စားနပ်ရိက္ခာ အခက်အခဲဖြစ်လာသဖြင့် တားမြစ်ဧရိယာကို ဖြတ်ကျော်မောင်းနှင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ယာဥ်မောင်းနှင့် နီးစပ်သူများ ထံက သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှ စစ်ကောင်စီတပ်သားများက အနီးဝန်းကျင်တွင် မိုင်းထောင်ပြီး ပြန်လည်ဆုတ်ခွာသွားပြီးနောက် ဇူလိုင်လ ၁၅ရက်နေ့တွင် ကာကွယ်တပ်ဖွဲ့များမှ မိုင်းရှင်းလင်းကာ ဇူလိုင်လ ၁၇ရက်နေ့တွင် ကုန်တင်ယာဥ်များကို ကလေးမြို့ဘက်သို့ ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။

ဇွန်လဆန်းမှ ပိတ်မိခဲ့သော အဆိုပါကုန်တင်ယာဥ်များတွင် လောင်စာဆီ ၊ ဘိလပ်မြေ ၊ ကွမ်းသီးနှင့် ကုန်ခြောက်များ တင်ဆောင်လာခြင်းဖြစ်ပြီး ယင်းသို့ ကားလမ်း လချီပိတ်သဖြင့် ကလေးမြို့တွင် အခြေခံစားသောက် ကုန်နှင့် စက်သုံးဆီများ အဆမတန်ဈေးမြင့်ခဲ့ကြောင်း ဒေသခံများထံကသိရှိရသည်။

Most read this week

January 22, 2025
ဧရာဝတီတိုင်းနယ်စပ်တွင် ပြင်းထန်လာသည့် တိုက်ပွဲများကြောင့် ချောင်းသာကမ်းခြေမှ ဒေသခံများ...
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က ရိုက်ယူထားသော ဤဓာတ်ပုံတွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အလံများနှင့် မဟာမိတ်အလံများကို ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အဝိုင်းတွင် ဖြန့်ကြက်ထားသည်ကို တွေ့မြင်ရပြီး ဒေသအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ရက်အတန်ကြာ ဖြစ်ပွားခဲ့သည်။ (ဓာတ်ပုံ – AFP)
January 21, 2025
မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်တို့အကြား ဇန်နဝါရီ ၁၈...
January 20, 2025
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အိမ်ခြေ ၁,၀၀၀ ကျော်မှာ စားနပ်ရိက္ခာ ပြတ်လပ်နေသဖြင့် ဆန်...
လောင်းလုံးမြို့နယ်အတွင်း ဗုံးခိုကျင်းတူးထားသည်ကို ၂၀၂၄ ခု၊ ဖေဖော်ဝါရီလက တွေ့ရစဉ် (ဓါတ်ပုံ- CJ)
January 17, 2025
တနင်္သာရီတိုင်းအတွင်း စစ်ရေးအခြေအနေတင်းမာနေသည့် ဒေသများ၌ ဗုံးခိုကျင်းမတူးရန် ဒေသခံပြည်သူများအား...